Home
အထွေထွေ
“ကျွန်မကနှင်းဆီပါမောင်” ရုပ်ရှင် အွန်လိုင်းပေါ်ရောက်မှု ဖော်ထုတ်အရေးယူမည်
ရွှေအောင်
·
June 19, 2015
ရန်ကုန်မှာ ရုံတင်ပြသနေတဲ့ နာမည်ကြီး “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီး အင်တာနက်မှာ ပျံ့နှံ့နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ မရရအောင်ဖော်ထုတ်ပြီး အရေးယူ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။ ရုပ်ရှင်ကို Myanmar Celebrities အင်တာနက်စာမျက်နှာမှာ အပိုင်း ၄ ပိုင်းခွဲ တင်ထား တာဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ရုပ်ရှင်အစည်းအရုံးနဲ့ ဇာတ်ကားထုတ်လုပ်တဲ့ ထားဝယ်ရုပ်ရှင်တို့ ပူးပေါင်း လုပ်ဆောင်နေကြတဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ကျနော်တို့နဲ့ ကျွမ်းကျင်တဲ့သူတွေနဲ့ source (ရင်းမြစ်) တွေကို လိုက်နေတာပေါ့။ ခု လောလောဆယ် သက်တန့်သစ်ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တခုမှာလည်း တွေ့တယ်။ ၀ိုင်းပြီး ရှယ်တာတွေကတော့ ၁ သောင်းကျော်သွားပြီ။ ဒီအရုပ်အသံ အရည်အသွေးနဲ့ က  ဘယ်လို ဖြစ်နိုင်တယ်ဆိုတာ ပညာရှင်တွေနဲ့ ကောက်ချက်ချတဲ့အဆင့်ပဲ ရှိပါသေးတယ်။” အစိုးရဌာနတွေဖြစ်တဲ့ ဆက်သွယ်ရေး၊ ပြန်ကြားရေးစတဲ့ ဌာနဆိုင်ရာတွေပါ ၀ိုင်းဝန်း လုပ်ဆောင်ဖို့ လိုအပ်ပြီး ကျယ်ပြန့်တဲ့အရေးကိစ္စတခု ဖြစ်တယ်လို့လည်း ဦးလူမင်းက ပြောပါတယ်။ အခုလို ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားတခုလုံး အွန်လိုင်းပေါ် ရောက်သွားတဲ့ကိစ္စဟာ မြန်မာ့ရုပ်ရှင်နယ်ပယ်မှာ ပထမဆုံး ကြုံတွေ့ရတဲ့ ပြဿ  နာတခုဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောက အတွက်လည်း ကြီးမားတဲ့ စိန်ခေါ်ချက်တရပ် ဖြစ်နေပါတယ်။ လတ်တလောမှာ ဗွီဒီယိုဈေးကွက်ပျက်ပြီး ရုပ်ရှင်တွေ ဦးမော့လာစအချိန်မှာ အခုလို လုပ်ဆောင်တာဟာ မြန်မာ့ရုပ်ရှင်ကို အသေသတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း  ရုပ်ရှင်အစည်း အရုံး  ဥက္ကဋ္ဌက မှတ်ချက်ပေးပြောပါတယ်။ ထားဝယ်ရုပ်ရှင်က ထုတ်လုပ်၊ ဒါရိုက်တာဝိုင်းရိုက်ကူးပြီး နေတိုးနဲ့ဖွေးဖွေးတို့ အဓိက သရုပ်ဆောင်ထားကြတဲ့ “ကျွန်မကနှင်းဆီပါမောင်” ဇာတ်ကားဟာ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပြီး ရုံတင်ချိန်မှာလည်း ပရိသတ်အားပေးမှု ကောင်းကောင်းရနေတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024