ကျူနီးရှားသံရုံး သေနတ်သမားများ ၀င်စီး၊ ၁၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး

လစ်ဗျားနိုင်ငံ၊ ထရိုပိုလီမြို့တော်က ကျူနီးရှားသံရုံးကို ဇွန် ၁၃ ရက်နေ့က သေနတ်သမားတွေ ၀င်ရောက်စီးနင်းခဲ့ပြီး သံရုံးဝန်ထမ်း ၁၀ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ ကျူနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်နက်ကိုင်အဖွဲ့ အတိအကျကို မသိရသေးပေမယ့် ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်ရေး အစွမ်းကုန်ကြိုးစားမယ်လို့ ကျူးနီးရှားအာဏာပိုင်တွေက ပြောဆိုထားပါတယ်။ သံရုံးစီးနှင်းခံရမှုနဲ့ ဖမ်းဆီးခံရတဲ့ ဓားစာခံကယ်တင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းထားတယ်လို့လည်း ကျူနီးရှားဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ သေနတ်သမားတွေ ကား ၈ စီးနဲ့ သံရုံးကို ၀င်ရောက်စီးနှင်းခဲ့တာလို့ ထရိုပိုလီမြို့တော် လုံခြုံရေးတပ်ဖွဲ့ရဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။ လစ်ဗျားအာဏာရှင် ကဒါဖီကို နေတိုးနောက်ခံပေးထားတဲ့ သူပုန်တပ်ဖွဲ့တွေက ဖြုတ်ချခဲ့ပြီးနောက်ပိုင်း နိုင်ငံမှာ မင်းမဲ့အခြေအနေဖြစ်နေတာပါ။ လစ်ဗျားသူပုန်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ သူပုန်အစိုးရဟာ ထရီပိုလီမြို့တော်မှာ ရုံးစိုက်ထားပြီး နိုင်ငံတကာကတော့ အစိုးရအဖြစ် အသိအမှတ်မပြုပါဘူး။ နိုင်ငံတကာ တရားဝင်အသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရကတော့ နိုင်ငံအရှေ့ပိုင်းက Tobruk မြို့မှာ ပြောင်းရွှေ့ရုံးစိုက်ထားရတာပါ။ ပြီးခဲ့တဲ့လတွေက ထရိုပိုလီမြို့တော်မှာ လုံခြုံရေးအခြေအနေ ဆိုးဝါးလာခဲ့လို့ နိုင်ငံတကာသံရုံးတွေ ရုပ်သိမ်းခဲ့ကြပြီးနောက်ပိုင်း ကျူနီးရှားသံရုံးကို ပြန်လည်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။ လတ်တလော လစ်ဗျားနိုင်ငံရေး အခြေအနေအရပ်ရပ်ကို ကူညီဖြေရှင်းပေးဖို့ ကုလသမဂ္ဂက ကြားဝင်ညှိနှိုင်းပေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up