ယီမင်အတွက် စစ်ရေးအကူပေးရန် ပါကစ္စတန်တွင် လူ ၁၀၀၀ ခန့် ဆန္ဒပြ

ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ ကရာချီမှာ အမာခံ ဆွန်နီမွတ်စလင်အုပ်စုက အယောက် ၁၀၀၀ လောက် မေ ၈ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ယီမင်နိုင်ငံအတွက် ဆော်ဒီအာရေဗျက တောင်းဆိုတဲ့ စစ်ရေးအကူအညီကို လွှတ်တော်က ပယ်ချပေမယ့် ပြန်စဉ်းစားဖို့ အစိုးရကို ဖိအားပေး စီတန်းလှည့်လည်နေတာ ဖြစ်ပါတယ်။ အာရေဗျကျွန်းဆွယ်ရဲ့ အဆင်းရဲဆုံးနိုင်ငံ ယီမင်မှာ ဆော်ဒီအာရေဗျနဲ့ မဟာမိတ် ညွန့်ပေါင်းတွေက ပင်လယ်နဲ့ လေကြောင်းပိတ်ဆို့ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ လူအယောက် ၁၃၀၀ ကျော် သေဆုံးပြီး အခြေခံအဆောက်အဦတွေလည်း ထိမှန် ပျက်စီးခဲ့တာပါ။ နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာတော့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲပါ။ အယ်လ်ဟီ ဆွန်နတ် ဝယ်လ် ဂျာမတ်အဖွဲ့ ASWJ က ကရာချီမြို့ဆိုင်ရာ အကြီးအကဲ ကတော့ “ဆော်ဒီဟာ ပါကစ္စတန်မှာ ဒုက္ခရောက်တိုင်း ကူညီခဲ့တယ်၊ မေတ္တာ သစ္စာရှိမှု ရှုထောင့်တိုင်းကနေ ကြည့်ရင် ဒါကို မြင်နိုင်တယ်။ ပါကစ္စတန်ခေါင်းဆောင်တွေက ဆော်ဒီအာရေဗျက တောင်းဆိုတဲ့အတိုင်း ကူညီသင့်တယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆော်ဒီအာရေဗျဟာ ပါကစ္စတန်ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ငွေချေးပေးခဲ့တာပါ။ ပါကစ္စတန် ဝန်ကြီးချုပ် နဝပ်ဇ် ရှရစ်ဖ် ၁၉၉၉ အာဏာသိမ်းမှုအပြီး ပြည်ပြေး ဖြစ်နေချိန် ကလည်း နှစ်ပေါင်းများစွာ ခိုလှုံခွင့် ပေးခဲ့ပါတယ်။ ပါကစ္စတန်ကလည်း ယီမင်အကျပ်အတည်းဟာ အီရန်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ကျိုးပေါက်နေတဲ့ နယ်စပ်တလျှောက် အကြမ်းဖက်မှုတွေနဲ့ နိုင်ငံတွင်း လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားစေနိုင်တာကို စိုးရိမ်နေပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟူသီပြည်သူ့စစ်တွေအပေါ်  ဆော်ဒီက ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက တိုက်ခိုက်နေပါတယ်။ ဆွန်နီမွတ်စလင် မိတ်ဖက် ပါကစ္စတန်ကိုလည်း သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ တပ်တွေ ပံ့ပိုးဖို့ ဆော်ဒီက တောင်းဆိုခဲ့ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ်ကတော့ ဆော်ဒီအာရေဗျကို ဧပြီ ၂၃ ရက်နေ့က သွားခဲ့ပြီး ယီမင်အရေး ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ယီမင် သမ္မတ ဟာဒီနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ [gallery ids="92216,92217,92218"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up