Homeမြန်မာသတင်း
၎ ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်တွေကို အစိုးရဖက်က အရင်ချိုးဖောက်ဟု သပိတ်မှောက်ကျောင်းသားများ ပြော(ရုပ်သံ)
၎ ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ်တွေကို အစိုးရဖက်က အရင်ချိုးဖောက်ဟု သပိတ်မှောက်ကျောင်းသားများ ပြော(ရုပ်သံ)
DVB
·
March 16, 2015
ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲ ရလဒ်တွေကို အစိုးရဖက်က အရင်ချိုးဖောက်တာ ဖြစ်တယ်လို့ သပိတ်မှောက်ကျောင်းသားတွေက ပြောဆိုလိုက်ပါတယ်။
ပညာရေးဥပဒေပြင်ဆင်ရေး ပတ်သက်လို့ အမျိုးသား လွှတ်တော်ကြားနာပွဲကို နေပြည်တော်မှာ မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ကြားနာပွဲမှာ လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက ရလဒ်တွေ ဆက်ရှိနေမှာဖြစ်သလို ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် ပြောသလို ၄ ပွင့်ဆိုင် ရလဒ်တွေ ပျက်သွားတယ်ဆိုတာကို ကျောင်းသားတွေဖက်က ငြင်းဆိုလိုက်ပါတယ်။
အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ ဆက်စပ်တဲ့ဥပဒေတွေရှိနေသမျှ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သဘောတူညီချက်ဆက်လက်ရှိနေဦးမယ်လို့ ဆိုပါတယ်။ ၄ ပွင့်ဆိုင် ရလဒ်တွေအရ သဘောတူထားတဲ့ အချက်တွေထဲမှာ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်တဲ့ ဘယ်သူကိုမဆို အရေးယူခြင်း မပြုရသလို သပိတ်နဲ့ ပတ်သက်လို့ အားပေးထောက်ခံတဲ့သူတွေကိုလည်း အရေးမယူရဘူးဆိုပြီး သဘောတူထားပါတယ်။ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာပါ။
လွှတ်တော်ကြားနာပွဲကို ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီဝင် ၁၅ ဦးထဲမှာ ပါတဲ့ ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ် ၆ ဦးက အဖမ်းခံထားရလို့ ဗကသကတော့ တက်ရောက်ခြင်း မရှိပါဘူး။ ကြားနာပွဲ မစခင်မှာ တက်ရောက်လာတဲ့ ကျောင်းသားတွေကတော့ လက်ပံတန်းသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာကို ၀မ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့ ၁ မိနစ် ငြိမ်သက်ခဲ့ပါတယ်။ အခုဆွေးနွေးပွဲကို တကသ အဖွဲ့မှ ၁၂ ယောက်တက်ရောက်ပြီး အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်လို့ ဆွေးနွေးနေပြီး ဆွေးနွေးမှုရလဒ်ကိုတော့ သတင်းထုတ်ပြန်သွားမှာပါ။