Home
မြန်မာသတင်း
ကိုနေမျိုးဇင်တို့အဖွဲ့ အာမခံပေးရန် အစာငတ်ခံ ဆန္ဒပြ
နော်နိုရင်း
·
January 27, 2015
ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြပွဲအပြီး ဖမ်းဆီးတရားစွဲခံကြရတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက သူတို့ကို အာမခံမပေးတာကို မကျေနပ်တဲ့အတွက် အစာငတ်ခံ ဆန္ဒပြကြမယ်လို့ ဒီကနေ့ ဒဂုံမြို့နယ်တရားရုံး ရုံးထုတ်မှာ ဆုံးဖြတ်ပြောကြားခဲ့ကြပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (၀င်း) ခေါ် ဒေါ်လေးလေး၊ ကိုတင်ထွဋ်ပိုင်နဲ့ ကိုသန်းဆွေ တို့အပါအ၀င် ၇ ဦးကို ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ ခုတပ်ပြီး ဒဂုံမြို့နယ်က တရားစွဲဆိုစစ်ဆေးနေတာဖြစ်ပြီး ဒီကနေ့ တတိယအကြိမ်မြောက်ရုံးထုတ်တာပါ။ ဒီကနေ့ရုံးချိန်းမှာ ပြီးခဲ့တဲ့အပတ်က အာမခံတင်တာကို ပယ်ချသလို ထပ်မံပြီး အာမခံလျှောက် ထားချက်ကိုလည်း ပယ်ချတယ်လို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “အာမခံကိုပယ်တယ်ဗျာ။ ပယ်တော့ သူတို့ အမှုစစ်ပြီးတဲ့အခါကျတော့လည်း အချက်အ လက်တွေ အရက မငြိစွန်းတဲ့အတွက် အာမခံထပ်လျှောက်တယ် ထပ်ပယ်တယ်။” ဒီလို အာမခံပယ်ချခံရတဲ့အတွက် တရားစွဲဆိုခံရသူတွေဟာ ဒီကနေ့က စပြီးအစာငတ်ခံ ဆန္ဒပြကြောင်း ကြေညာတယ်လို့ ပြောပါတယ်။ “အာမခံပယ်တဲ့အတွက်သူတို့ ဒီကနေ့ အစာငတ်ခံဆန္ဒပြမှု စတင်ပြီဆိုတာကို သူတို့ တရားဝင်ပြောတယ်။ သတင်းထောက်တွေကို။ သူတို့ဒီ မငြိစွန်းတဲ့ ၅၀၅ (ခ)ကို ပြဌာန်းထား တာရယ်၊ နောက်တချက်က အာမခံပေးထိုက်ရဲ့သားနဲ့ မပေးတဲ့အပေါ် မှာမူတည်ပြီး သူတို့ အနေနဲ့ အပေါ်ခရိုင်တရားရုံးတက်ရင် အချိန်ကြာမြင့်မှာကို စိုးရိမ်တဲ့အတွက် ဆန္ဒပြတာပါ။” တရားစွဲဆိုခံရသူ ၇ ဦးအနက် ကိုသန်းဆွေဟာ ပြီးခဲ့တဲ့အပတ်က လာရောက် အဖမ်းခံခဲ့ပါ တယ်။ ဒေါ်မြညွန့်ကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံပြေးကြေညာထားတယ်လို့ ရှေ့နေဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာ ဒဂုံမြို့နယ်ရဲတပ်ဖွဲ့က စခန်းမှူး ဒုရဲမှူး ဦးသောင်းစိန်ကိုစစ်ဆေးခဲ့ပြီး သူ့ဘက်က နုတ်ထွက်သက်သေကလွဲလို့ စာရွက်စာတမ်းနဲ့ ဓါတ်ပုံ အထောက်အထား မတင်ပြနိုင်ခဲ့ဘူး လို့လည်း ပြောပါတယ်။ နောက်ထပ်ရုံးချိန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ချိန်းဆိုထားပါတယ်။ မနှစ် ဒီဇင်ဘာလအတွင်းဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့ကို ဖြတ် လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ် ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ [gallery ids="78930,78931,78932"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024