Home
ဆောင်းပါး
ရာသီဥတု လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေကို လိုအပ်ရတဲ့ အကြောင်းရင်း ၅ ချက်
DVB
·
July 6, 2023
Article 1

ပထမဦးဆုံး ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသမီးတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။

ရာသီဥတု ပြောင်းလဲမှုဟာ လူတိုင်းအပေါ် သက်ရောက်မှုရှိပေမဲ့ လူတိုင်းကိုတော့ တူညီစွာ သက်ရောက်မှုရှိတာမဟုတ်ပါဘူး။ ကျား၊ မ၊ လူမျိုး၊ ဝင်ငွေနည်းခြင်းနဲ့ တခြား လူမှုရေး၊ စီးပွားရေးအချက်တွေနဲ့ ဆက်စပ်နေတဲ့ မမျှတမှုနဲ့ ဘေးဖယ်ထားခြင်းတွေကြောင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုမိုဆိုးရွားစေပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖြေရှာမှုတွေမှာ ဒီလိုဖြစ်ရပ်မှန်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ပါဝင်လာပါတယ်။ 

ဒီ‌ဆောင်းပါးမှာ ရာသီဥတု လှုပ်ရှားမှုအတွက် အမျိုးသမီးတွေကို မရှိမဖြစ် လိုအပ်တဲ့ အကြောင်းရင်း ၅ ချက်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ရာသီဥတု လုပ်ဆောင်ချက်‌တွေဟာ လူဦးရေရဲ့ ၁၀၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုအပ်ပါတယ်။ 

ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ဖြစ်ကြပေမဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်တဲ့စကားဝိုင်း‌တွေမှာတော့ ပါဝင်ခွင့်မရပါဘူး။ ဒါပေမဲ့ ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ ကန့်သတ်ထားတဲ့ ပါရီ သဘောတူညီချက်ကို အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ လူတိုင်း ပါဝင်ဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေမှာ အခွင့်အာဏာနဲ့ ပါဝင်ပတ်သက်မှု ပိုမိုလိုအပ်ပါတယ်။

ရာသီဥတု ဖောက်ပြန်မှု ညှိနှိုင်းမှုကနေ သစ်တောတွေ၊ လယ်ကွင်းတွေအထိ၊ အဆင့်တိုင်းရဲ့ မတူကွဲပြားမှုအားလုံးမှာ အမျိုးသမီးတွေကို လိုအပ်ပါတယ်။ အထူးသဖြင့် ရာသီဥတု ဖောက်ပြန်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ ကဏ္ဍတွေနဲ့ ဒေသတွေမှာ အမျိုးသမီးတွေကို လိုအပ်ပါတယ်။

အထူးသဖြင့် ဌာနေတိုင်းရင်းသား အမျိုးသမီးတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ရှေ့တန်းက ပါဝင်နေပြီး ခံနိုင်ရည်အား တည်ဆောက်ဖို့နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ ကူညီပေးနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှု‌တွေ ရှိပါတယ်။ ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာမယ်ဆိုရင် လူအားလုံးအတွက် ပိုမိုတည်တံ့ပြီး သာတူညီမျှတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

၂။ အမျိုးသမီး‌တွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးတာဟာ ပိုမို‌ကောင်းမွန်တဲ့ ရာသီဥတုဆိုင်ရာ ဖြေရှင်းနည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စိုက်ပျိုးရေးလုပ်အားရဲ့ ထက်ဝက်နီးပါး ပါဝင်ပါတယ်။ အမျိုးသားတွေလိုပဲ အရင်းအမြစ်တွေကို တူညီစွာရရှိဖို့ ပံ့ပိုးပေးတဲ့အခါမှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးအထွက်နှုန်းကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးမြင့်နိုင်ပါတယ်။ ကုန်ထုတ်စွမ်းအားမြှင့်တင်မှုဟာ စုစုပေါင်းစိုက်ပျိုးရေးအထွက်နှုန်းကို ၂ဒသမ ၅ကနေ ၄ ရာခိုင်နှုန်းအထိ တိုးတက်စေရုံသာမက ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို ၁၂ ရာခိုင်နှုန်းက‌နေ ၁၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

စိုက်ပျိုးရေးကဏ္ဍမှာ အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအားဖြင့် ရာသီဥတု လိုက်လျောညီထွေဖြစ်မှုအပေါ် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ သင့်လျော်တဲ့နည်းပညာနဲ့ အရင်းအမြစ်တွေကို ပံ့ပိုးပေးမယ်ဆိုရင် ပိုမိုရေရှည်တည်တံ့တဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ထိန်းသိမ်းရေး အလေ့အကျင့်တွေကို မြှင့်တင်နိုင်ပါတယ်။ ဆင်းရဲမွဲတေမှုကို လျှော့ချပြီး လူတစ်ဦးချင်းစီဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေကို ပိုမိုကောင်းမွန်စွာ လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

အမျိုးသမီး‌တွေနဲ့ မိန်းကလေးတွေမှာ ရင်းနှီးမြှုပ်နှံတာဟာ လူမှုအသိုင်းအဝိုင်းနဲ့ နိုင်ငံတွေအတွက် အကျိုးများပါတယ်။ ပါလီမန်မှာ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှု မြင့်မားတဲ့ နိုင်ငံတွေဟာ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာချုပ်တွေကို အတည်ပြုဖို့ အလားအလာ ပိုများတယ်လို့ သုတေသနတွေက ဖော်ပြနေပါတယ်။

၃။ အမျိုးသမီးတွေဟာ လူမှုအသိုင်းအဝိုင်းအတွင်း ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေး တည်ဆောက်ဖို့အတွက် သော့ချက် ဖြစ်ပါတယ်။

လူမှုအသိုင်းအဝိုင်းတွေမှာ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိရေး တည်ဆောက်တဲ့အခါ အမျိုးသမီးတွေ ပါ၀င်ခြင်းက အရေးကြီးပါတယ်။ အမျိုးသမီးတွေက စီမံကိန်းလုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအ‌နေနဲ့ ပါဝင်လာတဲ့အခါမှာ လူမှုအဖွဲ့အစည်းတွေဟာ ကြံ့ကြံ့ခံနိုင်ရည်ရှိရေးနဲ့ စွမ်းရည်တည်ဆောက်ရေး မဟာဗျူဟာတွေမှာ ပိုမိုအောင်မြင်လာတယ်လို့ ကုလသမဂ္ဂက အစီရင်ခံတင်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ အများအားဖြင့် သဘာဝဘေးဒဏ်ကို ပထမဦးစွာ တုံ့ပြန်သူတွေ ဖြစ်ကြပြီး၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးမှာ ဦးဆောင်ကြပြီး သူတို့ရဲ့ မိသားစုတွေ ပြန်လည်ထူထောင်ရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးကာ လူမှုအသိုက်အဝန်း တည်ဆောက်မှုကို အားကောင်းစေပြီး ပြန်လည်ထူထောင်ရေးမှာ ပါဝင်ကူညီကြပါတယ်။

ရပ်ရွာစီမံကိန်းရေးဆွဲခြင်းနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေး ကြိုးပမ်းမှုတွေမှာ အမျိုးသမီးတွေ ပါ၀င်တာက ရာသီဥတုပြောင်းလဲမှုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ပိုမိုကောင်းမွန်ပြီး အဆင်သင့်ရှိတဲ့ အသိုင်းအဝိုင်းတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

၄။ ရာသီဥတု ပြောင်းလဲမှုဟာ အားလုံးအပေါ် သက်ရောက်မှုရှိပေမဲ့ လူတိုင်းအပေါ် တူညီစွာ သက်ရောက်မှု မရှိပါဘူး။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဖြစ်စေ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဟာ ကမ္ဘာပေါ်မှာ ထိခိုက်လွယ်ဆုံးနဲ့ လူ‌တွေအပေါ် အကျိုးသက်ရောက်မှု ရှိစေပြီး၊ ရှိပြီးသား မညီမျှမှု‌တွေကို ပိုမိုဆိုးရွားစေတယ်လို့ အခိုင်အမာဖော်ပြထားကြပါတယ်။ အမျိုးသမီးတွေဟာ ဆင်းရဲမွဲတေမှု အခြေအနေတွေမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေအပြင် ရှိရင်းစွဲ အခန်းကဏ္ဍတွေ၊ တာဝန်တွေနဲ့ ယဉ်ကျေးမှုစံနှုန်းတွေကြောင့် ပိုမိုမြင့်မားတဲ့ အန္တရာယ်တွေနဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။

ဥပမာအားဖြင့်၊ လူ့အဖွဲ့အစည်းအများစုမှာ အမျိုးသမီးတွေဟာ အိမ်တွင်းမှုကိစ္စ၊ အစားအစာ၊ ရေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ဝန်ထုပ်ဝန်ပိုးကို တိုးလာစေပါတယ်။ ဥပမာ- သူတို့တွေရဲ့ နေ့စဥ် စားနပ်ရိက္ခာရရှိဖို့ ခရီးပိုထွက်ရကာ အခကြေးငွေရရှိဖို့ အချိန်နည်းပါးပြီး ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ပိုမိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်။

သတင်းကောင်းက‌တော့ ကျား၊ မ တန်းတူရေးနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုမှာ ရင်းနှီးမြှုပ်နှံတာဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေ (SDGs) အပါအဝင် ကျယ်ပြန့်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

၅။ ရာသီဥတု စီမံချက်ရေးဆွဲရာမှာ ကျား၊ မ ရေးရာရဲ့ အရေးပါမှုကို နိုင်ငံတကာက အသိအမှတ်ပြုကြပါတယ်။

သတင်းကောင်းက‌တော့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက ရာသီဥတုဆိုင်ရာ လုပ်ဆောင်မှုတွေမှာ ပါဝင်ကူညီဖို့ အခွင့်အာဏာတွေ ပိုမိုရရှိလာကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု လုပ်ငန်းစဉ်အတွင်းမှာ နိုင်ငံအများအပြားဟာ သူတို့ရဲ့ အမျိုးသား ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှု အစီအစဉ်တွေအတွင်း မတူညီတဲ့ ဦးစားပေး ကဏ္ဍတွေမျာ ကျား၊ မ ပေါင်းစပ်မှုကို မျှဝေခဲ့ကြပါတယ်။

ကျား၊ မ လှုပ်ရှားမှု အစီအစဉ်မှာ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) အရ အစိုးရတွေက သဘောတူညီထားတဲ့ နိုင်ငံတကာ ရာသီဥတုဖြစ်စဉ်မှာ အမျိုးသမီးတွေရဲ့ အပြည့်အဝ၊ တန်းတူညီမျှ၊ အဓိပ္ပာယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်ဖို့နဲ့ ဆုံးဖြတ်ချက်ချခြင်း၊ ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုတွေမှာ အမျိုးသမီးတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာစေဖို့အတွက် တောင်းဆိုထားပါတယ်။

UNFCCC လက်အောက်က အစိုးရ အစည်းအဝေးတွေမှာ အမျိုးသား ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အမျိုးသား ရာသီဥတု မူဝါဒနဲ့ လုပ်ဆောင်ချက်တွေမှာ ကျား၊ မ မျှတမှု ပန်းတိုင်ကို ၂၀၁၂ ခုနှစ်မှာ ချမှတ်ခဲ့ပါတယ်။

ပြည်တွင်း၊ အမျိုးသားနဲ့ နိုင်ငံတကာ ရာသီဥတုမူဝါဒတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့ အခန်းကဏ္ဍတွေမှာ ကျား၊ မ တန်းတူညီမျှမှု ရရှိဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတွေအတွက် စေ့စေ့စပ်စပ်ဖြစ်ဖို့တော့ လိုအပ်နေပါ‌သေးတယ်။

လီလီ

Ref: UNFCCC -Five Reasons Why Climate Action Needs Women

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024