Home
မြန်မာသတင်း
မင်းတပ်တွင် စစ်ကောင်စီစစ်ကြောင်းရှောင်လာသည့် အဘွားအိုနှင့် ၇ ရက်သားကလေးတို့ သေဆုံး
DVB
·
June 10, 2023
351488870_575799994707717_6507146733957615710_n

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ်ဘက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေဆီ ထွက် ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေထဲက အသက် ၆၀ ကျော်အရွယ် အဘွားအိုတယောက်နဲ့ ၇ ရက်သားအရွယ်သာ ရှိသေးတဲ့ ကလေးငယ်တယောက်တို့ ရက်ပိုင်းပဲ ခြားကာ သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ပါတယ်။

အသက် ၆၀ ကျော်အရွယ် အဘွားအိုကတော့ နာမကျန်းဖြစ်ပြီးတော့ ဇွန် ၅ ရက်မှာ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ကာ ၇ ရက်သားအရွယ် ကလေးငယ်ကတော့ ၉ ရက်နေ့မှာ သေဆုံး သွားခဲ့တာလို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်လာကြသူတွေဟာ အဝတ်အစားတချို့နဲ့ အစားအသောက် အနည်းငယ်လောက်သာ ယူဆောင်လာနိုင်ကြတာဖြစ်ကာ အခုအချိန်မှာတော့ အဆိုပါ စစ် ဘေးရှောင်တွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတချို့မှာ နေထိုင်နေကြတာ ၁၀ ရက်လောက် ရှိနေပြီး အရေးပေါ်အစားအသောက်တွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီကတော့ ပြီးခဲ့တဲ့ ဇွန် ၉ ရက်မှာ ဆန်အိတ်ပေါင်း ၆၁ အိတ်နဲ့ စားဆီဗူး ၄၀ တို့ကို ဆိုးရွားလှတဲ့ ရာသီဥတုကြားကနေ စစ်ဘေးရှောင်တွေဆီ အရောက်ပို့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်ဟာ မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက တူးမီးသေနတ်နဲ့ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ ပြည်နယ်တခုဖြစ်ပြီး လက်ရှိကာလအထိတိုင် စစ်တပ်က မြေပြင်ကရော၊ ဝေဟင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ ဒေသတခု ဖြစ်ပါတယ်။

ပြည်နယ်အနှံ့မှာလည်း ဒေသခံ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲပြင်းထန်နေသလို စစ်အုပ်စုက အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ လေယာဉ်တွေနဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာတွေကိုလည်း ကြုံတွေ့နေရတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အကြမ်းဖက်စစ်အုပ်စုက ချင်းပြည်နယ်ထဲကို အများပြည်သူ ခရီးသွားယာဉ်တွေကို အသုံးပြုပြီး အရပ်ဝတ်တွေနဲ့ ဝင်ရောက်ကာ စစ် ရေးအင်အားဖြည့်တင်းနေတာကြောင့် ချင်းတော်လှန်ရေးအင်အားစုတွေက ဒေသခံ ချင်းပြည်သူတွေက လွဲပြီးတော့ ပြည်နယ်ထဲကို ပြင်ပခရီးသည်တွေ ဝင်ရောက်ခွင့် တား မြစ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် စစ်ဘေးရှောင်တွေ တိုးလာသလို မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့်လည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာ မြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်း လောက်ဟာ အရေးပေါ် အကူအညီတွေ အပြင်းအထန် လိုအပ်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024