
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ရေလဲဦးကျေးရွာက စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကာ လယ်ယာသုံးစက်တွေလည်း ပျက်စီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဇွန် ၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် အတွင်းကနေ ကလေးနယ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီးကြောင့် တောထဲမှာစစ်ဘေးတိမ်းရှောင်နေတဲ့ ရေလဲဦး ကျေးရွာက အသက် ၅၀ ဝန်းကျင် ဒေါ်မီလှနဲ့ အသက် ၃၀ ဝန်းကျင် ကိုနိုင်လင်းစိုးတို့ လက်နက်ကြီးထိမှန်ခဲ့ကြတာပါ။
ရေလဲဦးကျေးရွာကဒေသခံတဦးက "မနေ့ကနေ့လယ်ပိုင်း ၁ နာရီလောက်မှာ လက်နက်ကြီးကျတာ။ တောထဲ စစ်ရှောင်နေတဲ့ မမီလှနဲ့ နိုင်လင်းစိုးတို့ ၂ ယောက် လက်နက်ကြီးထိမှန်တာ။ မမီလှက ပွဲချင်းပြီး ဗိုက်ပွင့်ပြီးသေသွားတယ်။ နိုင်လင်းစိုးက နံရိုးထိသွားလို့ ဆေးကုနေရတယ်။ ရွာကနေ သယ်လာတဲ့ အိမ်သုံးပစ္စည်းတွေရော၊ လယ်ထွန်စက်တွေရော ပျက်စီးတယ်။ နွားတကောင်လည်း လက်နက်ကြီးမှန်ပြီး ဒဏ်ရာရတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရေလဲဦးကျေးရွာအနီးက ဇင်းကလင်းကျေးရွာမှာ တပ်စွဲနေထိုင်နေ ကြတာကြောင့် ဇင်းကလင်းကျေးရွာအပါအဝင် ချင်းဆိုင်ရွာ၊ ရေလဲဦးရွာနဲ့ ပေါက်ခုံရွာက ဒေသခံ တွေဟာ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင် စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ရေလဲဦးကျေးရွာဟာ ကလေးမြို့နဲ့ ၅မိုင်ခန့်သာ ကွာဝေးတဲ့ ကျေးရွာလေးတရွာဖြစ်ပါတယ်။