
တနင်္သာရီတိုင်း၊ ကလိန်အောင်မြို့မှာ ဇွန် ၈ ရက် ညက ကုန်မာဆိုင်ပိုင်ရှင် အမျိုးသမီးတဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကလိန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်က သူရိန်ကုန်မာဆိုင်ကို ဇွန် ၈ ရက် ည ၁၀ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရှာဖွေစစ်ဆေးပြီးနောက် ဆိုင်ပိုင်ရှင် မချိုချိုဦးကို ဖမ်းခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်သူတဦးက “ညတုန်းက မိုးတအားရွာနေတဲ့ အချိန် စစ်သားတွေ ကားတွေနဲ့ရောက်လာပြီး တနာရီလောက်ဝင်ရှာပြီး မချိုဦးကို ခေါ်သွားတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်လို့ အဖမ်းခံရတယ်လို့ မြို့ခံတချို့က ပြောနေကြပေမဲ့ မချိုချိုဦး အဖမ်းခံရတဲ့ အကြောင်းရင်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မချိုချိုဦးဟာ ဇွန် ၉ ရက် ညနေပိုင်းအထိ ပြန်လွတ်လာခြင်း မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ကလိန်အောင်မြို့နယ်အတွင်း မေလ နောက်ဆုံးပတ်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ခိုက်မှုတွေရှိခဲ့ပြီး စစ်ကောင်စီက အစစ်အဆေး တင်းကျပ်တာတွေ လုပ်ဆောင်နေသလို ဇွန် ၁ ရက်ကလည်း ကလိန်အောင်တံတားဂိတ်မှာ အော်ဟစ်ဆဲဆိုသွားတဲ့ စိတ်ကျန်းမာရေးချို့တဲ့သူတဦး ပစ်သတ်ခံခဲ့ရပါသေးတယ်။