Home
ဆောင်းပါး
ဖက်ဒရယ်တပ်မတော်အစ နွေဦးတော်လှန်ရေးက (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
June 9, 2023

အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဩဇာအရှိန်အဝါနဲ့ စစ်ကောင်စီနဲ့ မဟာမိတ် ညီနောင် ၃ ဖွဲ့တို့ရဲ့ တွေ့ဆုံညှိနှိုင်းရေး စိတ်ဝင်စားဖို့ကောင်းသလို စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ သူတို့ ဘာတွေဆွေးနွေးကြမလဲ၊ ဘာတွေညှိနှိုင်းတောင်းဆိုကြမလဲ၊ လူဆိုတဲ့အမျိုးက ကိုယ့်အတွက် အကျိုးမရှိရင် ရေတခွက်တောင် အလကားမတိုက်ဘူးဆိုတဲ့ စကားလေး သတိရလိုက်မိတယ်။ အဲ့တော့ နိုင်ငံ့အရေး ပြည်သူ့အရေးထက် ကိုယ့်လူမျိုးအရေး ကိုယ့်ဒေသအရေးလောက်ပဲ ဦးစားပေးမယ်ဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးကတော့ ဘယ်လိုမှ ကောင်းလာစရာ မရှိဘူး။ တိုင်းပြည်ကောင်းမှ မှီတင်းနေထိုင်ကြတဲ့ လူသတ္တဝါတွေ အကုန် ကောင်းမွန်တဲ့ဘဝတွေ ရကြမှာဖြစ်တယ်။ အခုလောလောလတ်လတ် ဖြစ်သွားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းရဲ့ သက်ရောက်မှုကို မြင်အောင်ကြည့် ကြည့်ပါ။ မုန်တိုင်းသင့်သွားတဲ့ နေရာဒေသတွေအတွက် တောင်နဲ့မြောက် အရှေ့နဲ့အနောက် ဒေသအစုံက ပြည်သူတွေ မုန်တိုင်းဒဏ် မခံရပေမဲ့ ကူနိုင်တဲ့သူတွေက ကူကြတယ်၊ လှူနိုင်တဲ့လူတွေက လှူကြတယ်။ ဘာမှမတတ်နိုင်တဲ့သူတွေက ယုတ်စွအဆုံး ဝမ်းနည်းစိတ်မကောင်းစွာနဲ့ ဆုတောင်းစကား ဆိုကြတယ်။

ကျန်တဲ့ တိုင်းရင်းသား (ဗမာအပါအဝင်) ညီအစ်ကိုမောင်နှမတွေ စစ်ဖိနပ်အောက် ဘယ်လောက်ပဲ ရောက်နေပါစေ၊ ငါတို့နဲ့ဝေးတယ်၊ ငါတို့ ဘာမှမဖြစ်ရင် ပြီးရောဆိုပြီး ကိုယ်ချင်းစာစိတ်မရှိဘဲ မဆိုင်သလို နေကြမယ်ဆိုရင် နိုင်ငံကြီးက ပြိုကွဲပြီး အနှေးနဲ့အမြန် ပျက်သုဉ်းခြင်း ဆိုက်ရောက်သွားပါလိမ့်မယ်။ အဲ့ဒီအချိန် မဆိုင်သလိုနေသူတွေ ငါတို့နဲ့ အဝေးကြီးပါ ဆိုသူတွေ လွတ်မယ်မထင်ပါနဲ့၊ အခုရော နိုင်ငံကြီးက ကောင်းနေလို့လား မေးစရာရှိပါတယ်။ ဟုတ်ကဲ့ မကောင်းပါဘူး။ အရင်ကလည်း မကောင်းဘူး၊ အခုလည်း မကောင်းသေးဘူး၊ နောင်လည်း ဒီလိုသာဆက်သွားရင် ကောင်းဖို့အလားအလာ မရှိတော့ပါဘူး။ သူတလူ ငါတမင်းနဲ့ သေချာတယ် စစ်ခင်းကြရပါလိမ့်မယ်။ ‌ကမ္ဘာဦးကျောက်‌ခေတ်က လူရိုင်းတွေလို နယ်မြေလုစစ်ပွဲတွေ၊ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားကာ စစ်တလင်းပြင်တွေ ပေါ်ပေါက်လာပါလိမ့်မယ်။ အဲ့ဒီကြမှ ပြည်ထောင်စုတို့ ဖက်ဒရယ်တို့ ဆိုတာ ဘာကြောင့် ပြောကြ တောင်းဆိုကြရသလဲဆိုတာ သိလာကြမှာ ဖြစ်တယ်။

မြန်မာနိုင်ငံထဲမှာ စစ်တပ်ပြီးရင် ကုပ်သွေးစုပ် အမြတ်ထုတ်သူတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အများဆုံးဖြစ်တယ်။ ကိုယ့်လူမျိုး ကိုယ့်ဒေသကို အကြောင်းပြပြီး သုံးမကုန် ဖြုန်းမကုန် ချမ်းသာသွားတာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက ထိပ်ဆုံးမှာရှိတယ်။ သူတို့ရဲ့မိသားစုတွေကို ကြည့်လိုက်ရင် ပြည်ပနိုင်ငံတွေမှာ အနေများပြီး တိုင်းတပါးမှာ ရွှေမလို ငွေမလိုနဲ့ အခြေချထားသူတွေ ‌အများဆုံးပဲ။ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေထဲက ဦးဆောင်သူ ခေါင်းဆောင်တွေ သူတို့သားသမီး၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်တမ်းကောက်ကြည့်လိုက်ပါ။ ဒီလိုလူတွေက လူမျိုးကောင်းစားရေး၊ တိုင်းပြည်ကောင်းစားရေး စကားတွေ ပြောထွက်နေတာ အင်မတန်မှ ရှက်ဖို့ကောင်းပါတယ်။

တိုင်းရင်းသားတွေထဲမှာ လူမျိုးအမည်ခေါင်းစဉ်တပ်ပြီး အုပ်ချုပ်နေပါတယ်ဆိုတဲ့ သူတွေကို သူတို့လူမျိုးအချင်းချင်း နှစ်သက်လက်ခံကြရဲ့လား၊ လိုလိုလားလား နှစ်သက်လက်ခံတယ်လို့ ထင်ရင် သူတို့ရဲ့ သဘောထားဆန္ဒကို ဘာဖိအား ဘာအနှောင့်အယှက်မှ မပေးပါဘူးဆိုတဲ့ ကတိစကား တိုင်းသိပြည်သိကြေညာပြီး စစ်တမ်းကောက်ယူလိုက်ပါ။

တိုင်းရင်းသားဒေသတွေမှာ ဘာကြောင့် NLD ပါတီ အနိုင်ရပြီး တိုင်းရင်းသားပါတီတွေ ခွက်ခွက်လန်အောင် ရှုံးရသလဲဆိုတာ အထက်မှာ ကျနော်ပြောခဲ့တာတွေကြောင့်ပဲ ဖြစ်တယ်။ ကိုယ့်လူမျိုးအချင်းချင်း အကြောက်တရားပေးပြီး မတရားအနိုင်ကျင့် စိုးမိုးအုပ်ချုပ်ထားတယ်။ မတရားသဖြင့် အခွန်အခဆိုပြီး တောင်းယူတယ်။ ပြီးရင် ကိုယ်ကျိုးစီးပွားအဖြစ် အိတ်ထဲထည့်တယ်။ တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ဘာတခုမှ သိသာမြင်သာအောင် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တာ မရှိဘူး။ သူတို့ တန်ခိုးအာဏာ ကြီးထွားရေးအတွက် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမယ်။ လက်နက် (အတို/အရှည်) ပေးကိုင်ခိုင်းပြီး အခွင့်အာဏာပေးကာ လူမျိုးရေး မှိုင်းသွင်းကြတယ်။ ကိုယ့်လူမျိုးအချင်းချင်း အနိုင်ကျင့်တဲ့လမ်းကြောင်းမှားပေါ် တွန်းတင်ကာ ကားအကောင်းစားစီးမယ်၊ အိမ်ကြီးအိမ်ကောင်းထဲမှာ ဇိမ်ခံပစ္စည်း အလျှံအပယ် အပြည့်နဲ့ ဘုရင်တဆူလိုပဲ သူတို့မိသားစု‌တွေ နေထိုင်ကြတယ်။

ဇွန်လ ၁ ရက်နေ့မှာ မဟာမိတ် ၃ ဖွဲ့ တွေ့ကြတယ်။ ဒါလည်း ၂၀၂၁ နွေဦးတော်လှန်ရေးရဲ့ သမိုင်းမှတ်တမ်းတခုအဖြစ် ရှိနေမှာဖြစ်တယ်။ သူတို့ရဲ့ခံယူချက်၊ ဆုံးဖြတ်ချက်၊ တောင်းဆိုချက် ဘယ်လိုတွေရှိနေပါစေ၊ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသရွေ့ အမြစ်ပြတ်ရေး တိုက်ပွဲတွေက မြန်မာနိုင်ငံအတွင်းမှာ ဆက်ရှိနေဦးမှာဖြစ်တယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF ဆိုတာ ဘယ်တိုင်းရင်းသား ဘယ်လူမျိုး ဘယ်လိုပုဂ္ဂိုလ်ကိုမှ ကိုယ်စားပြု ပေါ်ထွက်လာတာ မဟုတ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက်၊ ဖက်ဒရယ်တပ်မတော် ပေါ်ထွက်လာရေးအတွက်၊ သန္ဓေတည်လာတာဖြစ်ပြီး ပြည်သူအပေါ် မတရားဖိနှိပ် အနိုင်ကျင့်လာသမျှကို ကာကွယ်ပေးမယ့် လူမျိုးစုံ တိုင်းရင်းသားပေါင်းစုံနဲ့ ဖြစ်တည် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖြစ်တယ်။ စစ်ကိုင်းတိုင်းဖိုရမ် ဆိုပြီး စလာပြီ၊ နောက်ဆို တိုင်းအလိုက် ပြည်နယ်အလိုက် ဖိုရမ်တွေ တည်ဆောက်ပြီး စုဖွဲ့မှုအား ကောင်းကောင်းနဲ့ တော်လှန်ရေးအရှိန်အဟုန် မြင့်တက်လာဖို့ပဲ ရှိပါတယ်။

တော်လှန်‌ရေးမပြီးခင်‌မှာ‌ရော ပြီးတဲ့အချိန်မှာရော စစ်အာဏာရှင်နောက်လိုက် လက်နက်ကိုင် မှန်သမျှ ဖက်ဒရယ်တပ်မတော်ကြီးက လူမျိုးအမည်ခံ လက်နက်ကိုင်ကိုယ်ကျိုးရှာသူတွေကို ချေမှုန်းကြပါလိမ့်မယ်။ အဲ့ဒီအချိန် ကိုယ်လူမျိုးမျက်နှာမှ မထောက်တဲ့ ဦးဆောင်သူတွေရဲ့ သရုပ်မှန် အစွယ်နဲ့ငေါငေါ မျက်နှာ‌တွေ ထင်ရှားစွာ ပေါ်ထွက်လာပါလိမ့်မယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖြစ်နဲ့ လက်နက်ဆက်ကိုင်ပြီး နွေဦးတော်လှန်ရေးကနေ အခြေတည် ပေါ်ပေါက်လာတဲ့ ဖက်ဒရယ်တပ်မတော်ကို ရင်ဆိုင်တိုက်နိုင်မယ်လို့ ယူဆရင်ဖြင့် စစ်အာဏာရှင်အလိုကျ ကြိုးဆွဲရာကကြပါ။ သေချာတာကတော့ ကိုယ့်လူမျိုးတွေ ညှိုးငယ်စွာနဲ့ လူပုံအလယ်မှာ မျက်နှာငယ်ကြရပါလိမ့်မယ် ...။

ပေကြီး

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024