
စစ်ကောင်စီကို လက်နက်ဝယ်ယူခွင့်ပိတ်ဆို့ရေး၊ လေယာဉ်ဆီပိတ်ဆို့ရေးနဲ့ နိုင်ငံခြားငွေစီးဆင်းမှု ဖြတ်တောက်ရေးတို့အတွက် ကနေဒါလွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးတာဝန်ရှိသူကို ဒေသစံတော်ချိန် ဇွန်လ ၆ ရက်နေ့က ပြုလုပ်တဲ့ ၄၄ ကြိမ်မြောက် ကနေဒါလွှတ်တော်အစည်းအဝေးကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ပါတယ်။
ရုရှားစစ်တပ်က ယူကရိန်းကို တိုက်ခိုက်ရာမှာ လိုအပ်တဲ့လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်တပ်ကနေတဆင့် ဝယ်ယူတင်သွင်းနေတယ်ဆိုတဲ့ အာရှဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်ဝယ်ယူခွင့်ပိတ်ဆို့ရေး အနောက်နိုင်ငံတွေက ပြင်ဆင်လာကြတာပါ။
ကနေဒါလွှတ်တော် နိုင်ငံခြားရေးကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်နဲ့ အာရှဒေသတွင်းပညာရှင်တချို့ကို ဖိတ်ခေါ်ပြီး ဆွေးနွေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “လေယာဉ်ဆီပိတ်ဆို့ဖို့အတွက်ကို ဘယ်လိုနည်းတွေနဲ့ ပိတ်ဆို့နိုင်မလဲဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်။ အခုသတင်းတွေ ထွက်နေတယ်။ ရုရှားစစ်တပ်အတွက် ဝယ်ပြီးတော့ ပြန်လည်တင်ပို့တယ်ဆိုတဲ့ သတင်းတွေ တွေ့တယ်။ တင့်ကားတွေ ဒုံးပျံတွေအတွက် လိုအပ်တဲ့အပိုပစ္စည်းတွေ ဝယ်တယ်။ ရုရှားကို ပြန်လည်တင်ပို့တယ်။ ရုရှားက ယူကရိန်းစစ်ပွဲအတွက် သုံးဖို့အတွက်။ ဆိုတော့ အကြမ်းဖက်စစ်တပ်က မြန်မာပြည်တွင်းသာမက ယူကရိန်းနိုင်ငံမှာ ပိုပြီးလူတွေသတ်ဖို့အတွက် ပို့ပေးနေတာတွေ လုပ်နေတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်ပိတ်ဆို့ဖို့အတွက် ဘယ်လို ပိတ်ဆို့မလဲ။ ဒေသလုံခြုံရေးတင်မက ကမ္ဘာ့လုံခြုံရေးကိုပါ ထိခိုက်အောင်လုပ်နေတဲ့ အကြမ်းဖက်စစ်တပ် ဖြစ်နေတယ်။ လက်နက်ပွဲစားတွေဆီက လက်နက်တွေဝယ်လို့မရအောင် ဘယ်လို ပိတ်ဆို့မလဲ၊ ဘယ်လို အရေးယူမလဲ ဆိုတာတွေလည်း ဆွေးနွေးခဲ့ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေစီးဆင်းမှုလမ်းကြောင်းတွေ ပိတ်ဆို့ဖို့အတွက် ဘယ်နေရာတွေ ပိတ်ဆို့ရမလဲ။ ဥပမာအားဖြင့် MOGE လိုမျိုး၊ နိုင်ငံခြားငွေလွှဲကိုင်တွယ်တဲ့ဘဏ်တွေ အရေးယူဖို့အတွက် အဲ့ဒါမျိုးတွေကအစ ဆွေးနွေးခဲ့တယ်။"
ကနေဒါလွှတ်တော်က မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့ရေးအတွက် ကြားနာမှုတွေ ပြုလုပ်ပြီးရင် အစီရင်ခံစာတစောင် အစိုးရဆီ ပေးပို့မှာဖြစ်ပါတယ်။
ကနေဒါအစိုးရက လွှတ်တော်ရဲ့ အစီရင်ခံစာပါ တိုက်တွန်းချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ တာဝန်ရှိပြီး မဆောင်ရွက်နိုင်ဘူးဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက်တွေ လွှတ်တော်ဆီ ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။
ဦးကျော်ဇော်က “မြန်မာစစ်တပ်ကို ချမှတ်ထားတဲ့ ကနေဒါရဲ့ အရေးယူမှုတွေ နိုင်ငံတကာရဲ့ အရေးယူမှုတွေကို သုံးသပ်တယ်။ ကျတော်တို့ရဲ့အမြင်ကို မေးမြန်းတယ်။ ဘယ်လိုပိုပြီးတော့ ထိရောက်အောင် အရေးယူရမလဲဆိုတာတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဝန်ကြီး ဒုဝန်ကြီးတွေ၊ ဖြေကြရတယ်ပေါ့။ လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ ကော်မတီပေါ့။ ဒီလထဲမှာ ကြားနာပွဲတွေ လုပ်ပြီးတဲ့အခါမှာ၊ နိုင်ငံခြားရေးရာကော်မတီက ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အစီရင်ခံစာ ထုတ်မှာဖြစ်ပါတယ်။ ကနေဒါအစိုးရကနေပြီးတော့ အကောင်အထည်ဖော်ဖို့အတွက် တာဝန်ရှိပါတယ်။ အခက်အခဲရှိတယ်ဆိုလည်း ဘာကြောင့် အကောင်အထည်မဖော်နိုင်ဘူးဆိုတာကို လွှတ်တော်ကို ပြန်ပြီးတင်ပြရမှာဖြစ်ပါတယ်။ အစီရင်ခံမှု သုံးသပ်မှုတွေအရ ဒီကြားနာပွဲဟာ အင်မတန်အရေးကြီးပါတယ်။ တာဝန်ရှိတဲ့သူတွေ ကျွမ်းကျင်တဲ့သူတွေကို ခေါ်ယူမေးမြန်းပြီးတော့ အစီရင်ခံတာ သူတို့က ပြန်သုံးသပ်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်မှာ အင်မတန်ကောင်းတဲ့ ဓလေ့စရိုက်ဖြစ်ပါတယ်။"
စစ်ကောင်စီရဲ့ လက်နက်၊ လေယာဉ်ဆီ၊ ရေနံနဲ့သဘာဝဓါတ်ငွေလုပ်ငန်းတွေကို ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်မှုတွေဆက်တိုက်ပြုလုပ်နေပေမဲ့ အမေရိကန်နဲ့ ကနေဒါလို အင်အားကြး နိုင်ငံတွေက ပိတ်ဆို့မှုရဲ့နောက်ဆက်တွဲပြဿနာတွေကို သုံးသပ်နေတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။
ရုရှားက ယူကရိန်းကိုတိုက်ခိုက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ လုံခြုံရေးကို ထိပါးလာပြီးနောက် ရုရှားနဲ့ ဆက်ဆံရေးကောင်းနေတဲ့ မြန်မာစစ်တပ်ကို အရေးယူပိတ်ဆို့တဲ့နည်းလမ်းနဲ့ နိုင်ငံရေး ချိန်ခွင်လျှာညှိဖို့ အနောက်အင်အားကြီးနိုင်ငံတွေက ပြင်ဆင်လာတာ ဖြစ်ပါတယ်။