Live
Home
ဆောင်းပါး
အာဏာရူး မ အ လ သို့ ဆုံးမစာ
DVB
·
June 8, 2023

အာဏာရူးခြင်းဆိုတာ

အာဏာရူးခြင်းဆိုတာ အသေဆိုးနဲ့ ကျဆုံးခြင်းရဲ့ နောက်ထပ်အမည်တမျိုးပဲ မအလရေ။ ခင်ဗျားတို့ကို သိပ်သနားတယ်...။

ပြည်သူတွေ မပေးလှူ မကြည်ဖြူတာကိုမှ ခင်များတို့က အာသာငမ်းငမ်း အာဏာလောဘ ငန်းတက်ခဲ့တယ်။ နောက်ဆုံးတော့ ခင်ဗျားတို့တက်ရမှာက မြန်မာ့ထီးနန်းတော့ မဟုတ်ဘူး။ မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချခံရမယ့် ကြိုးစင် ဆိုတာပါပဲ မအလရေ။

ဒါပဲလေ။ လောကမှာ ပရမတ္ထသစ္စာဆိုတာ မှားရိုးထုံးစံမရှိဘူးဗျ။ အခြေအနေ အချိန်အခါ ဘယ်လိုပင် ပြောင်းလဲပါစေ၊ ဘယ်တုန်းကများ အဓမ္မက ဓမ္မကို အချိန်အကြာကြီး လွှမ်းမိုး အနိုင်ယူထားနိုင်ခဲ့သလဲ။ အနိုင်ယူထားနိုင်ခဲ့တယ်ဆိုတာကော ဘယ်မှာရှိခဲ့လို့လဲ မအလ ရယ်။

တနေ့နေ့တော့ ခင်ဗျားတို့ တူညီသောအကျိုးကို အတိုးနဲ့ပါရမှာ မပူပါနဲ့ဗျာ။ အကုသိုလ်ကံက အကျိုးပေးပြီဆိုရင်လေ သူက တယောက်တည်းမလာတတ်ဘူးဗျ၊ အဖော်အပေါင်းလေးနဲ့ လာတတ်တာပါ။ ဒါကြောင့် ခင်ဗျားတို့အုပ်စု အရှင်လတ်လတ် ငရဲကျတော့မယ် မအလ ရေ။

ကျနော် ခင်ဗျားတို့ကို သိပ်သနားတယ်။

လောကကြီးမှာလေ ခင်ဗျားကြီးတို့သိအောင် ပြောပြရဦးမယ်။ ကိုယ့်ကို သူများက ဒုက္ခလာပေးမှာ စိုးရိမ်စရာမရှိဘူး၊ မကောင်းကြံမှာလည်း မစိုးရိမ်ရဘူးတဲ့။ ကိုယ်ကသာ သူများကို ဒုက္ခပေးမိမှာ စိုးရိမ်ရတာပါ။ မကောင်းကြံမိမှာ စိုးရိမ်ရတာပါတဲ့။

ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓပညာ အယူဝါဒအရ ပြုသူကအသစ်၊ ဖြစ်သူက အဟောင်းတဲ့လေ။ ကိုယ်ပြုထားတဲ့ကံက ကိုယ့်ထံ မလွဲဧကန် ပြန်လာမှာပဲလေ။ ကံ ကံ၏ အကျိုးပေါ့ဗျာ။ ခင်ဗျားတို့ကို ကျုပ်တို့ပြည်သူတွေက ဘာဒုက္ခမှ မပေးခဲ့ဘူး။ ဘာမှလည်း မကောင်းကြံခဲ့ဘူး။ ခင်ဗျားတို့ကသာ ပြည်သူတွေကို ဒုက္ခအမျိုးမျိုးပေးခဲ့တာ၊ မကောင်းကြံခဲ့တာ ဆိုတော့။ အခု ခင်ဗျားတို့ အကြီးကြီး ဒုက္ခရောက်တော့မယ်။ အခုတော့ ခင်များတို့ ဝဋ်လည်ပြီ။

အကုသိုလ်က အရိပ်လိုလိုက်နေ

ခင်ဗျားတို့ အစုအဖွဲ့ အုပ်စုလိုက် ပြုကျင့်ထားတဲ့ အကုသိုလ်က ခင်ဗျားတို့နောက်ကို အရိပ်လို လိုက်နေပြီ။ ကိုယ့်အကုသိုလ်ကို ဒီဘဝမှာ လက်စသတ်ချင်ရင်တော့ သရဏဂုံတင်ပြီး ကြည်ကြည်ဖြူဖြူနဲ့ ဥပဒေအရ အပြစ်ပေးတာကို ခံလိုက်ကြ‌ရုံပါပဲ။

အဲဒီလိုမဟုတ်ဘဲ ပြည်သူကို ဆက်ပြီး ဒုက္ခပေးနေဦးမယ်ဆိုရင် ခင်ဗျားတို့အကုသိုလ်က နောက်ဘဝဆက်ပြီး သံသရာထိ ဆိုးကျိုးတွေကို ခံစားကြရတော့မယ်။ ဒါကြောင့် ကျုပ် ခင်ဗျားတို့ကို သိပ်ပြီး သနားမိတယ်လို့ ပြောတာ။

အနိုင်ကျင့်သူတို့ရဲ့ ဘဝနိဂုံး

အနိုင်ကျင့်သူတို့ရဲ့ ဘဝနိဂုံးဟာ ဘယ်တုန်းကများ အေးအေးချမ်းချမ်းနဲ့ ဇာတ်သိမ်းလှခဲ့လို့လဲ မအလ ရယ်။

ဒါကြောင့် ခင်ဗျားတို့ကို စာဖတ်ပါလို့ အမေက သွယ်ဝိုက်ပြီး ဆုံးမခဲ့တာပေါ့။

ဒါကို ခင်ဗျားက နားမလည်ဘူး။ အမေက တနိုင်ငံလုံးလှည့်လည်ပြီး ပြည်သူတွေနဲ့တွေ့၊ လူငယ်တွေနဲ့တွေ့ပြီး သူ့ရဲ့ဉာဏ်ပညာနဲ့ ကိုယ်ကျင့်တရားတွေကို နေ့စဉ်ရက်ဆက် သင်ပေးခဲ့တာ ခင်ဗျားတို့မှ မသင်ယူတတ်ဘဲနဲ့ကို။ ခင်ဗျားတို့က အာဏာရူးဖို့လောက်ပဲ သိနေခဲ့တာကိုး။

ဒါ့ကြောင့် အမေစုက ပြောတာ။ လူဆိုတာ တော်တယ်ညံ့တယ် ဆိုတာထက် သင်လို့ရတဲ့သူ ဖြစ်ဖို့ လိုတယ်တဲ့။

ပညာရှိ သူတော်ကောင်းတွေရဲ့ ဆိုဆုံးမရ လွယ်ကူသူဖြစ်ဖို့ပဲ လိုတယ်တဲ့။ အင်းပေါ့လေ။ အမေက သူမရှိတော့ရင်တောင် ဖြစ်တဲ့ မြန်မာပြည်ကို မျှော်န်းပြီး အာဏာကို ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် သုံးတယ်။

မအလ ရေ ခင်ဗျားတို့ကတော့။ နေရာတကာ ဂါဒီရမ်း ဖန်တီးရှင် လုပ်ချင်တယ်။ စောင့်ရှောက်သူ လုပ်ချင်တယ်။ ကယ်တင်ရှင် လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ခင်ဗျား အာဏာအလွန်အကျွံ ယစ်မူးသွားတာ။ ခက်တာက ယနေ့ ကမ္ဘာက အာဏာရှင်ဆို ဘယ်အာဏာရှင်မှကို လက်မခံတော့တာပဲ။ ဒါကို ခင်ဗျားတို့သိဖို့ပါ မအလ ရေ။

မဖူးပွင့်သေးတဲ့ ပန်းတပွင့်

၂၁ ရာစု ကမ္ဘာကြီးက မတရားမှုတွေကို လက်ပိုက်ကြည့်နေတတ်တဲ့ ကမ္ဘာကြီး မဟုတ်တော့ဘူး။ အပြောင်းအလဲတွေအတွက် ကြွေကျ‌ မြေခပေးရတဲ့ နာကျင်မှုတွေတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီကမ္ဘာမြေပြင်မှာ တခါမှ မဖူးပွင့်သေးတဲ့ ပန်းတပွင့်အတွက်ဆို ငါတို့ ကြွေကျ မြေခ ပေးရဲတယ်ဆိုတာ ကမ္ဘာ့နွေဦးတော်လှန်ရေးတွေက သက်သေခံခဲ့ပြီ မဟုတ်လား။

မအလ ရေ ခင်ဗျားပေးခဲ့တဲ့ ဒဏ်ရာတွေကို ကျုပ်တို့ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းတွေနဲ့ ရေတွက်မယ် ထင်နေသလား။ ခင်ဗျားတို့ပေးခဲ့တဲ့ သောကမျက်ရည်တွေကို ကျုပ်တို့ ချစ်ခြင်းမေတ္တာနဲ့ ရေတွက်ပြမယ်။ ညီညွတ်ခြင်းတွေ၊ ကိုယ်ချင်းစာနာခြင်းတွေနဲ့ ရှေ့ဆက်ပြမယ်။ ခင်ဗျားကို ရင်နာနာနဲ့ ကြံဖန် ကျေးဇူးတင်လိုက်ဦးမယ်။ ခင်ဗျား သေချင်းဆိုးနဲ့ မသေခင်ပေါ့။ ကျုပ်တို့ ဘယ်လောက်ညီညွတ်ကြတယ်၊ ကျုပ်တို့ ဘယ်လောက် ချစ်ကြည်ကြတယ် ဆိုတာ ခင်ဗျားတို့ ငရဲပြည်မသွားခင် တွေ့ရမှာပါ။

ရွှေရောင်လွှမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု

နောက်ထပ် ကျေးဇူးတင်စရာကောင်းတာက ခင်ဗျားတို့ရဲ့ ချေးစိမ်းနံ့တွေနဲ့ စာအုပ်အစိမ်းကြီးပါ ခင်ဗျားနဲ့ ငရဲပြည် တခါတည်း ယူသွားပေးလို့ အခုဆို ကျုပ်တို့ရဲ့ ရွှေရောင်လွှမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးကို အရောင်တဖိတ်ဖိတ်နဲ့ ပြိုးပြိုးပြက်ပြက် လှမ်းမြင်နေရပြီ။

ဘီလူးသဘက်နဲ့တူတဲ့ စစ်တပ်ကြီးလည်း ပျက်သွားပြီ။ စစ်အာဏရှင်တွေလည်း မရှိတော့ရင် ပြည်‌သူချစ်သော ပြည်ထောင်စုတပ်မတော်ကြီးလည်း ပေါ်ပေါက်လာတော့မယ်။ ကျုပ်ကတော့ ခင်ဗျားတို့ကို သနားမိတာပါပဲ။

ကဲ ခင်ဗျားတို့ အခုကစပြီး ဘုရား တရားသာ အောက်မေ့ထားကြပေတော့။ သံဃာအစစ်‌တွေကလည်း ခင်ဗျားတို့ဘက်မှာ မရှိတော့ ကိုယ့်ဘာသာကိုယ်သာ ဒွိသရဏဂုံ တင်ထားကြပေတော့ဗျာ။ ဒါဟာ ကျုပ်တို့ရဲ့ ခင်ဗျားတို့အပေါ်မှာ နောက်ဆုံး မေတ္တာထားခြင်းပဲ။ သတ္တဝါတခု ကံတခုပေါ့ဗျာ။ နောင်သံသရာမှာ ခင်ဗျားတို့လို လူမိုက်၊ လူယုတ်မာ၊ လူ့တိရစ္ဆာန်တွေနဲ့ ဘယ်သောအခါမှ ကျုပ်တို့မဆုံပါရစေတော့နဲ့လို့သာ မြန်မာပြည်သူများ ကိုယ်စား ကျုပ် ဆုတောင်းလိုက်ပါတယ်။

မအလနဲ့ အပေါင်းအပါများ သင်တို့သွားလိုရာ သွားနိုင်ပါပြီ...။

ချစ်မင်းနွဲ့ကြည် ‌ရေးသည်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024