
ဆားလင်းကြီးမြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူသလို ပြည်သူ ၁၃ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၄ ရက်နေ့က မုံရွာကနေ ကူးလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ညောင်ပင်ကြီးကျေးရွာမှာ တညအိပ်တပ်စွဲပြီး ဘုန်းကြီးကျောင်းက အစားသောက်တွေကို အတင်းအဓမ္မယူငင်စားသောက်ခဲ့ပါတယ်။
ပြီးတော့ ဇွန် ၅ ရက်နေ့မှာ ညောင်ပင်ကြီးကနေ ပြန်လည်ထွက်ခွာပြီး ဝမ်းပေါင်လုပ်ကွက်နားမှာရှိတဲ့ ကျော်ရွာက အမျိုးသားတယောက်ကို ဓားစာခံအဖြစ် စတင်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် စစ်ကြောင်းဟာ ဝမ်ပေါင်ကတဆင့် မိုးကြိုးပြင်အလယ်ရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဇွန် ၆ ရက်နေ့ မနက်အစောပိုင်းမှာ မိုးကြိုးပြင်မြောက်ရွာကိုဝင်ပြီး ဒေသခံပြည်သူ ၁၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ပြီးတော့ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာရှိတဲ့ ကောင်းဆင့်ရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဒီနေ့ ဇွန် ၇ ရက်နေ့ မနက်မှာတော့ ဆားလင်းကြီးမြို့နယ်ထဲက ရွှေသမင်ရွာကိုရောက်ပြီး ဒေသခံပြည်သူပိုင် တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ပြီး ညအိပ်တပ်စွဲနေတယ်လို့ သိရပါတယ်။