Home
ဆောင်းပါး
တော်လှန်ရေးနဲ့ သူရဲကောင်း ဝါဒ
DVB
·
June 7, 2023

မြန်မာတွေအများစုဟာ သူရဲကောင်းဝါဒကို ကိုးကွယ်ယုံကြည်ကြတာ များပါတယ်။ တခုခု အကျပ်အတည်း ပေါ်လာရင် အဲဒီအကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည့် သူရဲကောင်းတယောက်ကို မျှော်ကြတယ်။ ဟိုးအရင်ကတော့ မင်းလောင်းမျှော် ဝါဒပေါ့။ ဒီလို သူရဲကောင်း (ဝါ) မင်းလောင်းမျှော်ဝါဒဟာ အလုပ်ဖြစ်သလားလို့ မေးရင် ဖြစ်သင့်သလောက်တော့ ဖြစ်ပါတယ်။

သို့သော်လည်း ရေတိုမှာသာ အဆင်ပြေတတ်ပြီး ရေရှည်မှာ အဆင်မပြေနိုင်ဘူးလို့ပဲ ပြောရမှာပဲ။ ခေတ်အဆက်ဆက်ကို ပြန်ကြည့်မယ်ဆိုရင် ပုဂံခေတ်လောက်ကနေ ပြန်ကြည့်နိုင်ပါတယ်။ ပုဂံခေတ်မှာ သူရဲကောင်းလေးဦး ပေါ်ခဲ့တယ်လို့ ဒီလိုပဲ ကျောင်းစာတွေမှာ သင်လာတယ်။ သူရဲကောင်းတွေက ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးငဖယ်နဲ့ ညောင်ဦးဖီး ဆိုပြီး စသဖြင့်ပေါ့။ ကျောင်းမှာ အသင်းတွေဖွဲ့တော့လည်း စစ်ဘုရင်တွေရဲ့ အမည်နာမတွေကိုပဲ နာမည်ပေးခဲ့ကြတယ်။ ပညာရေးမှာပါ စစ်ခေါင်းဆောင် (ဝါ) သူရဲကောင်း အမည်ခံတွေကိုပဲ နေရာ‌ပေးခဲ့ကြတယ်။

ပုဂံခေတ် သူရဲကောင်းတွေအထဲက ကျန်စစ်သားဟာ မင်းဖြစ်လာတယ်။ သူဟာ အနော်ရထာရဲ့ စစ်သူကြီးတယောက်ပါ။ ပုဂံစစ်တပ်ကို အုပ်ချုပ်ရတဲ့ တပ်မင်းကြီးပေါ့။ ကျန်စစ်သားဟာ မင်းဖြစ်လာတာ အာဏာရယူပုံဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ တနည်းအားဖြင့် ကျန်စစ်သားဟာ ပြည်သူကြားက ပေါက်ဖွားခဲ့တဲ့ သူတယောက်ပါ။ အနော်ရထာရဲ့ သားအရင်းဖြစ်ပေမဲ့ မိဘုရားအပေါ်မှာ အနော်ရထာ အမျက်တော်ရှပြီး နယ်နှင်ဒဏ်ပေးခြင်း ခံရလို့ မထင်မရှား တောကျေးရွာတရွာမှာ မွေးဖွားခဲ့ခြင်းဖြစ်ပါတယ်။ မူကွဲတွေတော့ ရှိနိုင်ပါတယ်။

အဓိကပြောချင်တာက ကျန်စစ်သားဟာ လူသာမန်တွေအထဲမှာ (ဝါ) သာမန်ပြည်သူတွေ အထဲက ပေါက်ဖွားကြီးပြင်းခဲ့တဲ့ စစ်ဘုရင်တပါးဆိုတာ ပြောပြချင်တာပါ။ မိုးကျရွှေကိုယ် သူရဲကောင်းတယောက် မဟုတ်ပါ။ ဒီနေရာမှာ ပုဂံဘုရင် အနော်ရထာရဲ့ မျိုးဆက် စောလူးမင်း နန်းတက်စဉ်မှာ စစ်ရေးစစ်ရာ မကျွမ်းကျင်လို့ ပုဂံထီးနန်းကို မကာကွယ်နိုင်တဲ့အခါ အမတ်တွေက ကျန်စစ်သားကို ထီးနန်းအပ်ကြတယ်လို့ သမိုင်းအထောက်အထားတွေအရ သိရပါတယ်။

ဒီနေရာမှာ စဉ်းစားစရာက ကျန်စစ်သားက စစ်သေနာပတိချုပ်ဖြစ်ပေမဲ့ သူ့စစ်တပ်နဲ့ ပုဂံထီးနန်းကို အာဏာသိမ်းမယူခဲ့ဘူးဆိုတာ ထင်ရှားတယ်။ စောလူးမင်းကို ငရမန်ကန်းထံက သက်စွန့်ဆံဖျား သွားကယ်တယ်လို့ သမိုင်းကဆိုတယ်။ သို့သော် စောလူးမင်းက ကျန်စစ်သားကို မယုံဘဲ သူ့ရန်သူကိုပဲ ယုံတယ်။ နောက်တော့ စောလူးမင်းဟာ ရန်သူလက်တွင်း ခွေးသေ ဝက်သေ သေရစ်ခဲ့တော့ဆိုပြီး ထားပစ်ခဲ့ရတယ်တဲ့။ ဒါပေမဲ့ စောလူးမင်းရဲ့ ကျောက်စာက မြစေတီ ခေါ် ရာဇကုမာရ်ကျောက်စာထက် ပိုစောတယ်ဆိုတဲ့ အထောက်အထားအရ စောလူးမင်းကလည်း အဲဒီလောက်ညံ့တဲ့သူ မဖြစ်တန်ရာဘူး။ ထားပါ။ ဒါတွေက သမိုင်းဆိုင်ရာ အငြင်းပွားစရာတွေပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်စစ်သားအပေါ် အထင်ကြီးမှုကတော့ သူရဲ့ “မြန်မာပြည်က ပေးစာများ” “Letter from Burma” စာအုပ်ထဲမှာ အထင်အရှား တွေ့နိုင်ပါတယ်။ သူ့ရဲ့ အဆိုအရ ပုဂံမင်းဆက်တွေ အင်မတန်များပေမဲ့ မင်းဆိုး မင်းညစ်တွေ ပိုမိုများပြားတဲ့ အကြောင်း၊ မင်းကောင်းမင်းမြတ်တွေအထဲမှာဆိုရင် ကျန်စစ်သားကို ပိုမိုကြည်ညိုကြောင်း၊ အာဏာကို လွယ်လင့်တကူ ရယူနိုင်ပါလျက် စောလူးမင်း ဘုရင်အပေါ် သစ္စာစောင့်သိ ရိုသေခဲ့ကြောင်း၊ စောလူးမင်း မရှိတော့မှ ပုဂံထီးနန်းကို လက်ခံခဲ့ကြောင်း၊ အနော်ရထာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ထားပါတယ်။ အခေါ်အဝေါ် အသုံးအနှုန်းကစပေါ့၊ ဘုရင်အိုကြီးလို့ သုံးနှုန်းထားတာ တွေ့ရပါတယ်။

အနော်ရထာဟာ ကျန်စစ်သားလို စစ်ရေးရော နိုင်ငံရေးပါ ကျွမ်းကျင်တဲ့သူကို သူ့ထီးနန်းကို လုမှာ ကြောက်ခဲ့ဟန်တူတယ်လို့ သူ ယူဆဟန်ရှိပါတယ်။ ဒါ့ကြောင့် ဇာတ်လမ်း ဇာတ်ကွက်တွေ စဥ်ပြီး ပုဂံထီးနန်းနဲ့ဝေးအောင် လုပ်ခဲ့ဟန်တူပါတယ်။ အဲဒီခေတ်ကလည်း သူရဲကောင်း မင်းကျန်စစ်ကို ပုဂံသူ ပုဂံသားတွေဟာ မျှော်ခဲ့ကြမှာပါ။ သူတို့ရဲ့ သူရဲကောင်း ကျန်စစ်သားဟာ တကယ်ပဲ ပုဂံနိုင်ငံတော်ကို အနော်ရထာခေတ်ကထက် ပိုကောင်းတဲ့ နိုင်ငံတော်ကို တည်ဆောက်ပြနိုင်ခဲ့ပါတယ်။ နည်းပညာပိုင်းအရ‌ရော၊ နိုင်ငံရေးပိုင်းအရပါ ကျန်စစ်သားလက်ထက်မှာ ပိုမိုကောင်းမွန်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဥပမာ၊ ပုဂံက ရွှေစည်းခုံဘုရားဟာ အနော်ရထာခေတ်က စပြီးတည်ခဲ့တာပါ။ Solid Types လို့ ခေါ်လို့ရတဲ့ အစိုင်အခဲ အတုံးအတစ်လိုက်ပဲ တည်နိုင်ခဲ့ပါတယ်။ ကျန်စစ်သား လက်ထက်ကျတော့ အနုပညာလက်ရာမြောက်စွာ အာနန္ဒာ ဂူဘုရားကို တည်လာနိုင်ပါပြီ။ Hollo type လို့ခေါ်တဲ့ အခေါင်းပေါက်တွေပါတဲ့ ဂူဘုရားတွေကို တည်နိုင်လာပြီ။ ဒါကြောင့် အာနန္ဒာဂူဘုရားအတွင်း ကျနော်တို့ လှည့်ပတ်ဖူးမြော် ကြည်ညိုနိုင်ကြတာပေါ့လေ။

နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့လည်း တခြားဘာသာစကားတွေ တခြားလူမျိုးတွေရဲ့ ယဥ်ကျေးမှုတွေကိုပါ လေးစားတန်ဖိုးထားမှု ဘောင်တွေ ကျယ်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ၊ ရာဇကုမာရ် ကျောက်စာခေါ် မြစေတီကျောက်စာမှာ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိ ဆိုတဲ့ လေးဘာသာနဲ့ ရေးထိုးခဲ့တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ယဥ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့လည်း လက်ခံခဲ့တယ်ဆိုတာ ဆရာဇော်ဂျီ ရေးသားထားတဲ့ ဇော်ဂျီရဲ့ စာရှုခင်းမှာ တွေ့နိုင်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျန်စစ်သားဟာ များစွာ ဆောင်ရွက်ခဲ့တာတွေကို တွေ့နိုင်ပါတယ်။ အထင်ရှားဆုံး သာဓက ကတော့ ပုဂံက မျက်တော်ပြေ ဂူဘုရားပါပဲ... အဲဒါ ကျန်စစ်သားရဲ့ ငြိမ်းချမ်းရေးလိုလားမှုဖြစ်သလို လက်တွေ့ အကောင်အထည်ဖော်တတ်တဲ့ မင်းကောင်းမင်းမြတ်တပါးရဲ့ သွင်ပြင်လက္ခဏာတွေပါပဲ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူရဲကောင်းစိတ်ဓာတ်က ကောင်းတယ်လို့ ကောက်ချက်ချနိုင်ပြီး သူရဲကောင်းဝါဒ ကိုးကွယ်မှုကတော့ ပြည်သူတွေရဲ့ အတွေးအခေါ်နဲ့ အလုပ်တွေကို ထိခိုက်နိုင်တယ်ဆိုတာ ကျန်စစ်သားအလွန် ပုဂံမင်းဆက်တွေကို ကြည့်ရင် တစတစ ရုပ်လုံးပေါ်လာမှာပါ။

ကျန်စစ်သားဟာ သူရဲကောင်းဆိုတာထက် ခေတ်ဟောင်း၊ အတွေးအခေါ်အဟောင်းတွေကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးသမားကောင်းတယောက် ဆိုတာကိုပါပဲ… ခေါင်းဆောင်ကောင်း၊ ဘုရင်ကောင်း တပါးလို့ ပြည်သူတွေက သူ့ကို အခုထိ ချစ်နေကြတုန်းပဲ...။

ချစ်မင်းနွဲ့ကြည် ရေးသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024