
၂၀၂၃ ခုနှစ် အတ္တလန္တိတ် ဟာရီကိန်းရာသီဟာ တရားဝင်စတင်နေပါပြီ။ အမေရိကန်နိုင်ငံရဲ့ သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ စီမံအုပ်ချုပ်မှုဌာန (NOAA) ရဲ့ သိပ္ပံပညာရှင်တွေက ဇွန် ၁ ရက်ကနေ နိုဝင်ဘာ ၃၀ အတွင်း မုန်တိုင်းဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါအေဂျင်စီက မုန်တိုင်းရာသီ မပြီးဆုံးခင်အထိ မုန်တိုင်း ၁၂ ခုကနေ ၁၇ ခုကြား ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားပြီး ယခုနှစ်ရာသီ ကုန်ဆုံးတဲ့အချိန်ထိ ဟာရီကိန်း ၅ ကြိမ်ကနေ ၉ ကြိမ်အထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဟာရီကိန်း ၄ ခုထဲက ၁ ခုဟာ ကြီးမားတဲ့ ဟာရီကိန်းမုန်တိုင်း ဖြစ်လာမယ်လို့ တာဝန်ရှိသူများက ခန့်မှန်းထားပါတယ်။
၁။ ဆိုင်ကလုန်းမုန်တိုင်းဆိုတာ ဘာလဲ
ဟာရီကိန်း၊ တိုင်ဖွန်းနှင့် အပူပိုင်း ဆိုင်ကလုန်း ဆိုတဲ့ အသုံးအနှုန်းတွေဟာ မုန်တိုင်းအမျိုးအစားကို ရည်ညွှန်းနိုင်ပါတယ်။
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဆိုတာ အပူပိုင်းဒေသ ဒါမှမဟုတ် အပူပိုင်းဒေသမှာရှိတဲ့ ရေပြင်ပေါ်မှာ လှည့်ပတ်နေတဲ့ တိမ်တွေနဲ့ မိုးကြိုးမုန်တိုင်းတွေထက် အဆင့်နိမ့်တဲ့ ရာသီဥတု ဖြစ်စဉ်တွေကို ဖော်ပြဖို့အတွက် ကျယ်ပြန့်တဲ့ အမျိုးအစားခွဲခြားမှုတခု ဖြစ်တယ်လို့ NOAA ရဲ့ အဆိုအရ သိရပါတယ်။
ဒီရာသီဥတုစနစ်တွေကို အမြင့်ဆုံးလေတိုက်နှုန်းနဲ့ ကိုက်ညီတဲ့ သူတို့ရဲ့ ပြင်းအား၊ အမြင့်ဆုံး လေတိုက်နှုန်း မက်ထရစ်အပေါ် အခြေခံပြီး အမျိုးအစား ခွဲထားပါတယ်။
မုန်တိုင်းတခုရဲ့ ဆက်တိုက်လေတိုက်နှုန်းဟာ တနာရီကို ၃၉ မိုင်အောက် ရှိနေမယ်ဆိုရင် အပူပိုင်းမုန်တိုင်းငယ်လို့ ခေါ်ဝေါ်ကြပြီး အားပျော့တဲ့ အပူပိုင်းဆိုင်ကလုန်း အမျိုးအစား ဖြစ်ပါတယ်။
အပူပိုင်းဆိုင်ကလုန်းရဲ့ ဆက်တိုက်လေတိုက်နှုန်းဟာ အနိမ့်ဆုံးအဆင့်ထက် ကျော်လွန်သွားတာနဲ့ အဲ့ဒီမုန်တိုင်းဟာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာပါတယ်။
၂။ ဟာရီကိန်းဆိုတာ ဘာလဲ
အမြင့်ဆုံးလေတိုက်နှုန်း ၇၄ မိုင်နဲ့အထက်ရှိပြီး မြောက်အတ္တလန္တိတ်၊ မြောက်ပစိဖိတ် အလယ်ပိုင်းနဲ့ မြောက်ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းမှာ ဖြစ်ပေါ်တဲ့ အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတွေကို ဟာရီကိန်းလို့ ခေါ်ဆိုကြောင်း NOAA က ဆိုပါတယ်။
ဟာရီကိန်းတွေအနေနဲ့ အမျိုးအစားခွဲဖို့ အပူပိုင်းဆိုင်ကလုန်းတွေကို Saffir- Simpson Hurricane Wind Scale ကို အသုံးပြုပြီး အမျိုးအစား ၁ ကနေ ၅ အထိ အမျိုးအစားခွဲပြီး အဆင့်သတ်မှတ်တဲ့ စနစ်နဲ့ အမျိုးအစား ခွဲထားပါတယ်။
အဆိုပါ ပမာဏဟာ မုန်တိုင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းပေါ်ကိုသာ အခြေခံထားတာဖြစ်ပြီး မုန်တိုင်းဒီရေတက်တာ၊ ရေကြီးတာနဲ့ လေဆင်နှာမောင်းလို အန္တရာယ်တွေကိုတော့ ထည့်သွင်းတွက်ချက်ထားခြင်း မရှိဘဲ အမျိုးအစား ၅ မျိုးမှာ ကျရောက်နေတဲ့ မုန်တိုင်းကို ဟာရီကိန်း ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ဆိုထားပါတယ်။
NOAA အမျိုးသားဟာရီကိန်းစင်တာရဲ့ အဆိုအရ အမျိုးအစား ၁ ဟာရီကိန်း အမျိုးအစားဟာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီကို ၇၄ မိုင်ကနေ ၉၅ မိုင်ကြားရှိ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီး ဒီအမျိုးအစား ဟာရီကိန်းတွေဟာ အန္တရာယ်များတဲ့ လေတိုက်မှုတွေဖြစ်ကာ အပျက်အစီးအချို့ ဖြစ်ပေါ်စေနိုင်ပါတယ်။
အမျိုးအစား ၁ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်တဲ့အချိန် အိမ်တွေရဲ့ အမိုး၊ အုတ်ကြွပ်ပြား၊ ဗီနိုင်းနံရံတွေနဲ့ ရေမြောင်းတွေ ပျက်စီးနိုင်ပြီး သစ်ပင်ကြီးတွေ အကိုင်းအခက်တွေ ကျိုးကျကာ ပြိုလဲနိုင်ပါတယ်လို့ တာဝန်ရှိသူများက သတိပေးထားပါတယ်။
ဟာရီကိန်းစင်တာရဲ့ အဆိုအရ ဓာတ်အားလိုင်းတွေနဲ့ ဓာတ်တိုင်တွေ အများအပြား ပျက်စီးနိုင်တာကြောင့် ရက်အနည်းငယ်ကနေ ရက်ပေါင်းများစွာအထိ လျှပ်စစ်မီး ပြတ်တောက်နိုင်တယ်လို့ သိရပါတယ်။
အမြင့်ဆုံးလေတိုက်နှုန်း တနာရီကို ၉၆ မိုင်နှုန်း ရောက်ရှိပေမဲ့ တနာရီ မိုင် ၁၁၀ အောက်ရှိ ဟာရီကိန်းမုန်တိုင်းကို Saffir-Simpson ( ဆက်ဖာဆင်ပ်ဆွန်) စကေးမှာ အမျိုးအစား ၂ မုန်တိုင်းအဖြစ် သတ်မှတ်ပြီး ဒီဟာရီကိန်းကြောင့် ခေါင်မိုးတွေနဲ့ နံရံတွေ ပျက်စီးစေမယ့် “အလွန်အန္တရာယ်များတဲ့ လေ” တိုက်ခတ်နိုင်ပြီး လမ်းတွေပိတ်ဆို့တဲ့အထိ သစ်ပင်တွေ လဲကျနိုင်ပြီး ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပတ်များစွာကြာတဲ့အထိ လျှပ်စစ်ဓာတ်အား လုံးဝနီးပါး ပြတ်တောက်မှုတွေ ဖြစ်နိုင်ပါတယ်။
ဆက်ဖာဆင်ပ်ဆွန်စကေးရဲ့ နောက်ဆုံးအမျိုးအစားများဖြစ်တဲ့ ဟာရီကိန်းအမျိုးအစား ၃ ကနေ ၅ အထိ ကျရောက်တဲ့ ဟာရီကိန်းတွေကို “လေပြင်းတိုက်ခတ်မှုကြောင့် ကပ်ဘေးဖြစ်တဲ့အထိ ဆိုးရွားစွာ ပျက်စီးနိုင်ပြီး လေပြင်းကြောင့် သိသိသာသာ အသက်ဆုံးရှုံးနိုင်တယ်” လို့ ဟာရီကိန်းစင်တာက သတ်မှတ်ထားပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လမှာ လူဝီစီယားနားကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း အိုင်ဒါဟာ အမျိုးအစား ၄ မုန်တိုင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်က ဖလော်ရီဒါကို တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း လန် ကတော့ အမျိုးအစား ၅ မုန်တိုင်းဖြစ်ပါတယ်။
၃။ တိုင်ဖွန်းဆိုတာ ဘာလဲ
အနောက်တောင်ပစိဖိတ်ဒေသမှာ အမြင့်ဆုံးလေတိုက်နှုန်း ၇၄ မိုင်နဲ့ အထက်ရှိတဲ့ အပူပိုင်း ဆိုင်ကလုန်းတွေကို တိုင်ဖွန်းလို့ ခေါ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းဟာ ဂူအမ်ကျွန်းသို့ အနည်းဆုံး လေတိုက်နှုန်း တနာရီ မိုင် ၁၅၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး သူ့ရဲ့ အားကောင်းမှုနဲ့ တည်နေရာကြောင့် မုန်တိုင်းကို တိုင်ဖွန်း မဝါ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အဖျက်စွမ်းအားကြီးတဲ့ ဆိုင်ကလုန်းကို နည်းပညာအရ “စူပါတိုင်ဖွန်း” လို့ ခေါ်ဝေါ်ပြီး “စူပါတိုင်ဖွန်း” ဟာ ကမ္ဘာ၏ အစိတ်အပိုင်းကနေ အစပြုတဲ့ အပူပိုင်းဆိုင်ကလုန်းကို ရည်ညွှန်းပြီး တနာရီ မိုင် ၁၅၀ ထက် မကျော်လွန်သော လေတိုက်နှုန်းနဲ့ တိုက်ခတ်ပါတယ်။
အကယ်၍ အလားတူ မုန်တိုင်းဟာ အခြားဒေသတခုမှာ ဖြစ်ပေါ်မယ်ဆိုရင် ဟာရီကိန်းလို့ ခေါ်နိုင်ပါတယ်။ ဥပမာအားဖြင့်၊ ဟာရီကိန်း အီယန်ဟာ ဖလော်ရီဒါပြည်နယ်ရဲ့ အစိတ်အပိုင်းတွေကို ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး ယမန်နှစ် ဆောင်းဦးရာသီမှာ တနာရီ မိုင် ၁၆၀ အထိ တိုက်ခတ်ခဲ့ပါတယ်။
အဓိကကွာခြားချက်
အနည်းဆုံး လေတိုက်နှုန်း ၇၄ မိုင်ရှိတဲ့ အပူပိုင်းဆိုင်ကလုန်းတွေကို ဟာရီကိန်း၊ တိုင်ဖွန်း ဒါမှမဟုတ် သူတို့ဖြစ်ပွားတဲ့ နေရာပေါ်မူတည်ပြီး “အပူပိုင်းဆိုင်ကလုန်း” လို့သာ ယေဘုယျအားဖြင့် ခွဲခြားထားပါတယ်။
မြောက်အတ္တလန္တိတ်နဲ့ အနောက်တောင် ပစိဖိတ်သမုဒ္ဒရာတို့ကို ကျော်လွန်ပြီး အလားတူ မုန်တိုင်းနှစ်ခု ဖြစ်ပေါ်လာပါက တခုကို ဟာရီကိန်းမုန်တိုင်းလို့ ခေါ်တွင်ပြီး နောက်တခုက သက်ဆိုင်ရာနေရာအလိုက် တိုင်ဖွန်းမုန်တိုင်းလို့ ခေါ်ဆိုရမှာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ တောင်ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတွေကိုတော့ သူတို့ရဲ့ ဆက်တိုက်လေတိုက်နှုန်းကို မခွဲခြားဘဲ အပူပိုင်းဆိုင်ကလုန်းလို့ အမြဲခေါ်ဆိုပါတယ်။
နည်းပညာပိုင်းအရ ဟာရီကိန်း ဒါမှမဟုတ် တိုင်ဖွန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အပူပိုင်းဆိုင်ကလုန်းရဲ့ အားကောင်းပုံတွေကို အများပြည်သူကို ကြေညာတဲ့ပုံစံဟာ မုန်တိုင်းရဲ့ တည်နေရာပေါ် မူတည်ပြီး ကွဲပြားတယ်လို့ ဆိုနိုင်ပါတယ်။
လီလီ