
မိုခါမုန်တိုင်းဒဏ်သင့်ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေ တန်ချိန် ၁၂၀ လောက် တင်ဆောင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ရေတပ်က စစ်ရေယာဉ် တစင်း ရန်ကုန်မြို့ကို ရောက်ရှိနေတယ်လို့ ဇွန် ၅ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရေတပ်မှ စစ်ရေယာဉ် BNS SOMUDRA JOY(F-28) ဟာ ဇွန်လ ၄ ရက် မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိဆိုက်ကပ်နေပြီး စစ်ရေယာဉ်ပေါ်မှာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ ငရုတ်သီးမှုန့်၊ နနွန်းမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်မှုန့်၊ ရွက်ဖျင်တဲ၊ ဆေးဝါး ပစ္စည်းများ၊ ရေသန့်ဆေးပြား စားသောက်ဖွယ်ရာတွေ တင်ဆောင်လာတာဖြစ်ပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်တွေရှိ ရပ်ကွက်၊ ကျေးရွာတွေရှိ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေ တင်ဆောင်လာတာဖြစ်ပါတယ်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်စစ်ရေယာဉ်နဲ့ ရောက်ရှိလာတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသရှိ ပြည်သူတွေထံ အမြန်ဆုံးရောက်ရှိစေရေးနဲ့ ဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်က ရခိုင်ကမ်းရိုးတန်းဒေသသို့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဦးတည် တိုက်ခတ်မှုကြောင့် လူရာချီသေဆုံးပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ အများအပြားရှိခဲ့တာပါ။