Home
ဆောင်းပါး
စစ်အာဏာသိမ်းတယ်ဆိုတိုင်း တူသလား
DVB
·
June 6, 2023
Article 1

ထိုင်းရွေးကောက်ပွဲမှာ ရှေ့သို့ချီပါတီ (Move Forward  Party) အနိုင်ရ၊ ပီတလင်ဂျာရွန်ရတ်က ဝန်ကြီးချုပ် ဖြစ်လာစရာရှိတဲ့ အခြေအနေမှာ ထိုင်းနိုင်ငံ အာဏာသိမ်းတာနဲ့ မြန်မာနိုင်ငံ အာဏာသိမ်းတာကို နှိုင်းယှဥ်ဝေဖန်ပြောကြတာကို တွေ့လာရပါတယ်။ စစ်တပ်က အာဏာသိမ်းတာချင်း တူပေမယ့် စစ်တပ်တွေရဲ့ ကိုင်တွယ်ပုံ၊ လူထုတွေရဲ့ တုံ့ပြန်ပုံတွေက ဘာလို့ မတူရတာလဲ။ 

ထိုင်းစစ်တပ်ဟာ ၁၉၃၂ နောက်ပိုင်း ၁၃ ကြိမ် (တချို့က ၁၁ ကြိမ် အာဏာသိမ်းခဲ့တယ် ဆိုပါတယ်။ ဒါပေမဲ့ မြန်မာ့နွေဦးတော်လှန်ရေးလို လူထုတရပ်လုံးရဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ဦးတည်တဲ့ လက်နက်ကိုင်တော်လှန်ရေးမျိုး ထိုင်းနိုင်ငံမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ ဒါက ထိုင်းစစ်ခေါင်းဆောင်တွေရဲ့ လူထုအပေါ် ကိုင်တွယ်ပုံနဲ့ တိုင်းပြည်ရဲ့ နောက်ခံလူမှုစီးပွားရေးအခြေအနေနဲ့လည်း ဆက်စပ်နေပါတယ်။ ထိုင်းစစ်တပ်ဟာ အာဏာချုပ်ကိုင်နိုင်ရေး၊ စီးပွားရေး အကျိုးအမြတ် လက်ဝါးကြီးအုပ်ရေးတွေ ဆောင်ရွက်ပေမယ့် တိုင်းပြည်စီးပွားရေးရဲ့ အခြေခံအုတ်မြစ်တွေ ယိမ်းယိုင်အားနည်းအောင် မလုပ်ခဲ့ပါဘူး။ ပညာရေးနယ်ပယ်မှာ ဝင်ဆရာကြီးမလုပ်သလို ပညာရှင်တွေအပေါ် ဖိနှိပ်မှုတွေ မလုပ်ခဲ့ပါဘူး။ အာဏာသိမ်းမှုတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပေမယ့် တိုင်းပြည်သူတွေရဲ့ နေ့စဥ် လူမှုစီးပွားရေးဘဝတွေအပေါ်  ဆိုးဆိုးဝါးဝါး အကျိုးသက်ရောက်တာတွေ မရှိသလောက် နည်းခဲ့တော့ ဘယ်ထိုင်းပြည်သူကမှ လက်နက်ကိုင်တော်လှန်ဖို့ မစဥ်းစားကြပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ လူထုထောက်ခံမှု မရှိခဲ့ရင် စိတ်ကူးယဥ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ထိုင်းလူမှုစီးပွားရေးအခြေအနေကလည်း ထိုင်းပြည်သူအများစု ကျေနပ်လက်ခံထားတဲ့ အခြေအနေမျိုးပါ။ ဒီတော့ အာဏာသိမ်းရုံနဲ့ ထိုင်းနိုင်ငံမှာ လူထုလက်နက်ကိုင်တော်လှန်ရေး ဖြစ်မလာတာက လုံလောက်တဲ့ နောက်ခံအကြောင်းရင်း ရှိပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့နွေဦးတော်လှန်ရေး ဆိုတဲ့ လူထု လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာတာမှာလည်း လုံလောက်တဲ့ နောက်ခံသမိုင်းအကြောင်းရင်းတွေ ရှိပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အလားအလာ အကောင်းဆုံးနိုင်ငံ တနိုင်ငံဘဝကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဘဝကို ရောက်ခဲ့ရပါတယ်။ မြန်မာပြည်သူတွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးဟာ ဆုတ်ယုတ်ကျဆင်းခဲ့ရပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ်ဟာ သူတို့ကိုယ်သူတို့ အုပ်ချုပ်သူလူတန်းစား၊ ပြည်သူလူထု ဆိုတာ သူတို့ ‘ထားရာနေ၊ စေရာသွား’ အစေခံတွေလို ဖိနှိပ်အုပ်ချုပ်လာခဲ့ပါတယ်။ ဘယ်ပညာရှင်ကိုမှ လေးစားအသိအမှတ်မပြုသလို တိုင်းပြည်စီးပွားရေးဆိုတာ ‘သူတို့ သွန်ချင်သလို သွန်၊ မှောက်ချင်သလို မှောက်’ လုပ်လို့ရတဲ့ အရာလို့ ယူဆခဲ့ကြပါတယ်။ ဒါကြောင့်လည်း ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရတာပါ။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မဖြိုချနိုင်ခဲ့ပေမယ့် အမည်ခံ ဈေးကွက်စီးပွားရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ်ဦးတည်ချက်ကိုတော့ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လူထုရဲ့ လူမှုစီးပွားရေးအခြေအနေဟာ အတိုင်းအတာတစ်ခုအထိ ပွင့်လင်းမှုကို ဦးတည်စေခဲ့ပါတယ်။ ဒီအချက်က အရေးကြီးပါတယ်။ ဒီအချက်ကြောင့် ABSDF ကျောင်းသားတပ်မတော် ဖြစ်တည်လာခဲ့ပေမယ့် (၈၈) မှာ လူထုလက်နက်ကိုင်လှုပ်ရှားမှု ဖြစ်မလာခဲ့တာပါ။ 

၂၀၂၁ ခုနှစ်၊ မအလစစ်အုပ်စု အာဏာသိမ်းယူမှုကတော့ ရှစ်လေးလုံး လူထုအရေးတော်ပုံနောက်ပိုင်း တိုင်းပြည်က ရရှိခဲ့တဲ့ တိုးတက်မှုမှန်သမျှကို နင်းခြေဖျက်ဆီးခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေး ပြိုလဲမှုနဲ့အတူ လူထုက ဘဏ်စနစ်အပေါ် ယုံကြည်မှု ကင်းမဲ့သွားသလို နှစ်ပေါင်းများစွာ ကြိုးပမ်းတည်ဆောက်ခဲ့ရတဲ့ ဈေးကွက်အခြေခံ ငွေလဲနှုန်းစနစ်လည်း နိဋ္ဌိတံခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရုံးဝန်ထမ်း၊ ကျောင်းသားလူငယ်၊ အနုပညာရှင်ဘယ်အလွှာမှ မကျန်အောင် လူကုန် ဖမ်းဆီးခဲ့ပါတယ်။ လူထုသပိတ်စခန်းတွေကို ရန်သူ့စခန်းသိမ်းသလို ဖြိုခွဲသတ်ဖြတ်၊ ခေါင်းတည့်တည့်ကို ပစ်၊ ဒီနေ့ ဖမ်း နောက်နေ့ အလောင်းပြန်ပို့ရာကနေ တိုက်လေယာဥ်ပျံတွေနဲ့ ဗုံးကြဲ၊ စစ်ရဟတ်ယာဥ်နဲ့ ပစ်ခတ်၊ ကျေးရွာတွေကို မီးရှို့၊ လူထုကို အသားလွတ် ဖမ်းဆီးသတ်ဖြတ်လုပ်နေတဲ့အချိန်မှာ ဘယ်လိုလုပ် နိုင်ငံရေးနည်းလမ်းဆိုတာ ရှိနိုင်မှာလဲ။ ဒီအခြေအနေမှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြောနေတဲ့သူတွေဟာ ခြင်္သေ့ကို တရားချဖို့ ကြိုးစားတဲ့သိုးသူငယ်လို သတ်ဖြတ်စားသောက်တာကို ခံရမှာပါ။

တစ်ခုတော့ ရှိတာပေါ့။ စစ်တပ်က အာဏာသိမ်းတာကို ‘ပကတိနိုင်ငံရေးအခြေအနေအရ လက်ခံ၊ စစ်တပ် ပေးသမျှ နိုင်ငံရေးအခွင့်အလမ်းကိုပဲ ယူမယ်’ ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေကတော့ နိုင်ငံရေးလုပ်ခွင့် ရနေတာပေါ့။ ဒါကလည်း မဆန်းပါဘူး။ စစ်တပ်ရဲ့ နိုင်ငံရေးဦးတည်ချက်အပေါ် ထောက်ခံ၊ ပံ့ပိုး၊ ပူးပေါင်းဆောင်ရွက်နေတာကိုး။ ဒါပေမဲ့ ပြည်သူလူထုကတော့ ဒီလိုနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေကို အယုံအကြည် မရှိပါဘူး။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ တိုင်းပြည်ရဲ့ အနာဂတ်၊ ပြည်သူလူထုရဲ့ဘဝ ဘယ်လိုမှ မတိုးတက်နိုင်ဘူးဆိုတာကို ပြည်သူလူထုက ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချပြီးသွားပါပြီ။ ရှင်းရှင်းပြောရရင် ဒီလို နိုင်ငံရေးပါတီ၊ ဒီလိုနိုင်ငံရေးသမားတွေနဲ့ ပြည်သူလူထုဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပါပြီ။ ဒီလိုနိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေက စစ်တပ်ကို နိုင်ငံရေးထဲ ဆက်ချုပ်ကိုင်ခွင့်၏ပေးထားမှသာ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်မယ်လို့ ပြောနေပေမယ့် ပြည်သူလူထုတရပ်လုံးကတော့ စစ်တပ်ကို နိုင်ငံရေးနယ်ထဲက လုံးဝဖယ်ထုတ်နိုင်မှသာ တိုင်းပြည် အနာဂတ်ရှိမယ်၊ လူထုဘဝ တိုးတက်မယ် လို့ ယုံကြည်၊ သန္နိဋ္ဌာန်ချထားတာပါ။

ပုဂ္ဂိုလ်ရေးဆန်သွားမှာစိုးလို့ အမည်ကိုတော့ မပြောတော့ပါဘူး။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမား တစ်ဦးက ‘မဖြစ်နိုင်တဲ့ စစ်တပ် အမြစ်ဖြုတ်ရေးကိုပဲ လုပ်နေတယ်၊ တိုင်းပြည်စီးပွားရေး ပြိုကျနေတာ ဂရုမစိုက်တော့ဘူးလား၊ လူငယ်တွေ ပညာရေးမကောင်းတာ ထည့်မစဥ်းစားတော့ဘူးလား၊ ကလေးတွေ ကာကွယ်ဆေးမထိုးရတာ စိတ်မပူတော့ဘူးလား’ ဆိုပြီး နွေဦးတော်လှန်ရေးကြောင့် တိုင်းပြည်မှာ ပြဿနာတွေဖြစ်နေသလို ပြောသွားတာကို တွေ့ရပါတယ်။ အံ့သြစရာပါ။ တိုင်းပြည်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်အားလုံးအပေါ်  ‘သူတို့ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ကို ချိုးဖောက်ပြီး ဥပဒေမဲ့၊ တရားမျှမှုမရှိ အာဏာသိမ်းထားတဲ့ မအလစစ်အုပ်စု  တာဝန်ယူရမှာ မဟုတ်ဘူးလား။ ပြည်သူလူထုက ‘အသက်တွေရင်း၊ ဘဝတွေ စတေး’ ခံပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြတယ်ဆိုတာ အင်မတန်ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးသန္နိဋ္ဌာန်မရှိဘဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လူမဆန်တဲ့ ရက်စက်ဖိနှိပ်သတ်ဖြတ်မှုတွေ ကြားထဲက လူထုတရပ်လုံး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတာက ‘စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး’ ပန်းတိုင်ကို ဘယ်လိုမှ ရိုက်ချိုးဖျက်ဆီး ဟန့်တားလို့ မရတော့ဘူးဆိုတာကို ဖော်ပြနေပါတယ်။ 

နွေဦးတော်လှန်ရေးအောင်ပွဲကို လှမ်းမြင်နေရပါပြီ။  

လင်းလက်ဝိုင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024