Home
မြန်မာသတင်း
စိုက်ပျိုးရေးအတွက် လုပ်ငန်းသုံးချေးငွေ လျှောက်ထားနိုင်ဟု စစ်ကောင်စီ ကြေညာ
DVB
·
June 5, 2023

လယ်ယာလုပ်ငန်းသုံး စက်ကိရိယာ ဝယ်ယူလိုသူတွေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ အရင်းအနှီးငွေ လိုအပ်ချက်ရှိတဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ ချေးယူနိုင်တယ်လို့ စစ်ကောင်စီလက်‌အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကြေညာပါတယ်။

ချေးငွေရယူဖို့အတွက် အာမခံပစ္စည်း တင်သွင်းရမှာဖြစ်ပြီး တောင်သူတဦးကို ချေးငွေပမာဏ အများဆုံး ကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့ ၁ ဖွဲ့အတွက် အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိ လျှောက်ထားနိုင်တယ်လို့ အဲဒီဘဏ်က ကြေညာထားတာပါ။

အဆိုပါ စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေနဲ့ လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်တွေနဲ့ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန်ထုတ်လုပ်တဲ့စက်တွေကို စက်ကိရိယာ အရောင်းပြခန်း ကုမ္ပဏီတွေမှာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး စက်ရုံ၊ သိုလှောင်ရုံနဲ့ ဂိုဒေါင်တည်ဆောက်တာ၊ ပြုပြင် မွမ်းမံတာတို့အတွက်လည်း အရင်းအနှီးလိုအပ်ရင် ချေးငွေရယူနိုင်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆိုထားပါတယ်။

ဧရာဝတီတိုင်းက လုပ်ကွက်ငယ် တောင်သူတဦးက “ဦးတို့လို တောင်သူငယ်တွေအတွက်က သိန်းရာချီပစ္စည်းလည်း မဝယ်နိုင်ဘူး။ လုံလောက်တဲ့ အာမခံပစ္စည်း ပြဖို့လည်း မရှိဘူး။ ချေးငွေယူမယ်ဆိုရင် လုံလောက်တဲ့ အာမခံပစ္စည်းပြရမယ်၊ ပိုင်ဆိုင်မှုပြရမယ်။ အဲတော့ ဒီချေးငွေဆိုတာက ဝင်ငွေများတဲ့ တောင်သူကြီးတွေအတွက်ပဲ အဆင်ပြေမယ်။ ဦးတို့ တောင်သူငယ်တွေအတွက်က လက်လှမ်းမီမယ့် ချေးငွေအမျိုးအစားတွေ လိုအပ်တယ်” လို့ ပြောပါတယ်။

အဆိုပါချေးငွေတွေအတွက် အတိုးနှုန်းအနေနဲ့ ၁ နှစ်ကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ချေးငွေပေးဆပ်ရာမှာတော့ ထော်လာဂျီ၊ လက်တွန်းထွန်စက်ချေးငွေအတွက် ချေးငွေသက်တမ်း ၃ နှစ်ကို ၃ ရစ် ပေးသွင်းရမှာဖြစ်ပါတယ်။ ကျန်စက်ကိရိယာတွေအတွက်ကတော့ ၅ နှစ်ကို ၅ ရစ် ပေးဆပ်ရမယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က သတ်မှတ်ထားပါတယ်။

နိုင်ငံပိုင်ဘဏ်ဖြစ်တဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ နိုင်ငံတဝန်းက တောင်သူတွေ အတွက် စိုက်ပျိုးစရိတ် ချေးငွေတွေကို စိုက်ပျိုးရာသီအလိုက် တနှစ်ကို ၃ ကြိမ် ထုတ်ချေးပေးနေပြီး ချေးငွေနှုန်းထားက စပါးသီးနှံ တဧကကို ကျပ်တသိန်းခွဲ၊ အခြားသီးနှံ တဧကကို ကျပ်တသိန်းနှုန်းနဲ့ တောင်သူတဦးချင်းက သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်မှာ အပေါင်အဖြစ် ပေးအပ်ပြီး တောင်သူတဦးချင်း ကိုယ်တိုင်အာမခံတဲ့စနစ်နဲ့ ထုတ်ချေးပေးနေတာ ဖြစ်ပါတယ်။

အဆိုပါ စိုက်စရိတ်ချေးငွေကို ကြွေးကျန်ကင်းရှင်းတဲ့ တောင်သူတွေကိုသာ ထုတ်ချေးပေးနေတာဖြစ်ပြီး အချိန်စေ့ကြွေးကျန်ပေးဆပ်ဖို့ ပျက်ကွက်တဲ့ တောင်သူတွေရဲ့ အမည်ပေါက် ပုံစံ (၇) ကို လေလံတင်ရောင်းချပြီး အရေးယူသွားမယ်လို့လည်း ခြိမ်း‌ခြောက် အကြောင်းကြားမှုတွေလည်း ရှိခဲ့ပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ စိုက်ပျိုးစရိတ် ချေးငွေအပြင် ဖွံ့ဖြိုးရေးချေးငွေတွေဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ၊ (JICA, Two Step Loan)၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး နှစ်ဆင့်ချေးငွေ (MEB, Two Step Loan) နဲ့ ကိုဗစ်-၁၉ အထူးချေးငွေ စတဲ့ချေးငွေတွေကိုလည်း ထုတ်ချေးပေးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024