Home
မြန်မာသတင်း
ထိုင်းက သက်တမ်းပြည့် မြန်မာ MoU လုပ်သားများနှင့် ဗီဇာသက်တမ်း မတိုးရသေးသူများ အတွက် နေထိုင်ခွင့် ၂ လတိုးပေး
DVB
·
June 5, 2023

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ၄ နှစ်ပြည့်၊ ၆ နှစ်ပြည့် မြန်မာ MoU လုပ်သားတွေနဲ့ CI စာအုပ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းယာယီအစိုးရအဖွဲ့က နေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်ပေးလိုက်ပါတယ်။

သက်တမ်းပြည့် MoU လုပ်သားတွေကို ဇူလိုင် ၃၁ ရက်အထိ နေထိုင်အလုပ်လုပ်ခွင့်ပေးကာ Work permit ဗီဇာသက်တမ်း မတိုးရသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ဇူလိုင် ၃၁ ရက်အထိ စာရွက်စာတမ်း ပြင်ဆင် သက်တမ်းတိုးဖို့ အချိန်ပေးလိုက်တာပါ။

နေရပ်ပြန်ပြီး စာရွက်စာတမ်းအသစ် ပြုလုပ်ဖို့ ခက်ခဲနေတဲ့ သက်တမ်းပြည့် မြန်မာ MoU လုပ်သားတွေအတွက် အခုလို အချိန် ၂ လ တိုးပေးလိုက်တာက မျှော်လင့်ထားသလောက် လုံလောက်တဲ့အချိန် မဟုတ်ဘူးလို့ မြန်မာရွှေ့ပြောင်းလုပ်သားများ အခွင့်အရေး ကွန်ရက်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “သူတို့ကတော့ ယာယီ ဖြေလျှော့လိုက်တဲ့အနေနဲ့ ဇူလိုင် ၃၁ ရက်နေ့အထိ တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ပြုပါမယ်ဆိုပြီးတော့ ကျနော်တို့တောင်းဆိုတာက အဲ့သလောက်လေး မဟုတ်ဘူးခင်ဗျ။ ဒီနိုင်ငံမှာ စက်ရုံ လုပ်သားတွေရော၊ စက်ရုံ အလုပ်ရုံ ပြင်ပလုပ်သားတွေရော ဗီဇာသက်တမ်းကုန်နေတာတွေ၊ စာအုပ်သက်တမ်းကုန်နေတဲ့ ဒီ MoU လုပ်သားတွေ အားလုံး ၄ နှစ်၊ ၆ နှစ် လုပ်သားတွေ အားလုံးကို ထိုင်းအစိုးရကနေ စနစ်တကျ စိစစ်ပြီးတော့မှ သင့်တော် ကောင်းမွန်တဲ့ နေထိုင်အလုပ်လုပ်ခွင့်တွေကို ပုံမှန်အတိုင်း တနှစ်တန်သည်၊ ၂ နှစ်တန်သည် စာရွက်စာတမ်းတွေ ပြုလုပ်ဖို့ လိုချင်တာ။ သူတို့ပြောလိုက်တဲ့ပုံစံက လုံးလုံး မရသေးတာထက်စာရင် ဇူလိုင်လ ၃၁ ရက်အထိ ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင် အလုပ်လုပ်ခွင့် ရတယ်ဆိုတော့ လုပ်သားတွေအတွက်တော့ အနည်းငယ်လေး စိတ်ချမှု ရှိသွားတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအတွက် နေထိုင် အလုပ်လုပ်ခွင့်သက်တမ်း အချိန်တိုးပေးမှုကို မေ ၃၀ ရက်က ထိုင်းယာယီအစိုးရအဖွဲ့ အစည်းအဝေးမှာ တရားဝင် အတည်ပြုပေးလိုက်တာပါ။ အစည်းအဝေးမှာ ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ လုပ်သားတွေအတွက် ပန်းရောင်ကတ် အသစ်လုပ်ပေးဖို့ ကိစ္စတော့ ထည့်သွင်းဆွေးနွေးခဲ့တာ မရှိပါဘူး။

အခုလို ထိုင်းနိုင်ငံရဲ့ အစိုးရအပြောင်းအလဲ စပ်ကူးမတ်ကူးကာလမှာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီဖြေလျှော့မှု ပေးလိုက်တာက ပဏာမအနေနဲ့ လက်ကမ်း ကြိုဆိုရမယ့် အနေအထားလို့ MWRN ဥက္ကဋ္ဌက ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ်လေ သူတို့မှာလည်း စပ်ကူးမတ်ကူး အစိုးရသစ် အစိုးရဟောင်း အခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ လောလောဆယ် ယာယီဖြေလျှော့တဲ့အနေနဲ့ ဇူလိုင်လ ၃၁ ရက်နေ့အထိ နေထိုင်အလုပ်လုပ်ခွင့် ပြုထားတယ် ဆိုတာလေးကိုပဲ ပဏာမအနေနဲ့ လက်ကမ်း ကြိုဆိုရမှာပေါ့။ သို့သော် နောက်ဆက်တွဲမှာလည်း ဒီအဆင့်ကိုတောင် သူတို့က အကုန်သိပြီး နားလည်ခွင့်ပြုထားတယ်ဆိုရင် ကျနော်ထင်တယ်၊ အဲ့သက်တမ်း ကုန်ဆုံးသွားရင်လည်း သူတို့ကို တရားဝင် အသိအမှတ်ပြုတဲ့ လုပ်ငန်းတခုခုကို စီစဉ်ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်မိတယ်။”

အလုပ်သမားတွေအတွက် နေထိုင်အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးတာကြောင့် လတ်တလော ငွေကြေးကျပ်တည်းနေတဲ့ လုပ်သားတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖိအားတွေ လျော့ကျသွားပြီး ဒီ ၂ လအတွင်းမှာ စာရွက်စာတမ်း ပြင်ဆင်ဖို့လည်း အချိန်အနည်းငယ် ရသွားတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဒီလို သက်တမ်းတိုးပေးလိုက်တာက သက်ဆိုင်ရာ ထိုင်းအလုပ်ရှင်တွေရော၊ သက်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားတွေအတွက်ပါ ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ ဖိအားတွေ၊ စိန်ခေါ်မှုတွေ တစုံတရာ လျော့ကျ သက်သာသွားစေတာပေါ့။ အလုပ်ရှင်ရော အလုပ်သမားရော ကုန်ကျမယ့် ကုန်ကျစရိတ်တွေအတွက် ငွေရှာမယ့်အချိန်တွေ၊ ကိုယ့်ရဲ့ စုထားတဲ့ငွေတွေ ပေါင်နှံရောင်းချဖို့ အချိန်ရသွားတာပေါ့။ ဒါ့အပြင် ကိုယ်ရေးမှတ်တမ်းနဲ့ လိုအပ်တဲ့ အချက်အလက်တွေ ထည့်သွင်းဖော်ပြဖို့ ရုံးကနားတွေ သွားတဲ့အခါ တွေ့ကြုံရမယ့် အချိန်ကုန်မှုတွေအတွက် ပြင်ဆင်ဖို့ အချိန်ရသွားတာပေါ့။”

“မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်စိုးတယ်။ စစ်ကောင်စီအစိုးရ စစ်အစိုးရဖြစ်တဲ့အတွက် ဘေးကျပ်နံကျပ် အခြေအနေ၊ မိမိရဲ့ စိတ်ပိုင်းရုပ်ပိုင်း ငွေကုန်ကြေးကျပိုင်း၊ အခြားခြားသော စိတ်ဖိစီးမှု၊ သောက၊ ပရိဒေဝ မျက်ရည် အားလုံး ဘယ်အရာမှ မကောင်းတဲ့အတွက် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် လုပ်သားတွေနဲ့ တန်းတူညီမျှ တပြေးတည်း သွားလို့မရတဲ့ သီးခြားအခြေအနေဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေက သီးခြားအခြေအနေ၊ ကျပ်တည်း ကျဉ်းမြောင်းတဲ့အခြေအနေ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံကလည်း သူ့ရဲ့ လုပ်ထုံးလုပ်နည်းတောင်မှ ၂ လ အချိန်တိုးပေးသေးတာပဲ။ လိုအပ်တဲ့ မူဝါဒ လုပ်ငန်းစဉ်တွေကို ပြောင်းလွယ် ပြင်နိုင်စွမ်းရှိတဲ့ ထိုင်းအစိုးရက အချိန်မီ အချိန်နဲ့ တပြေးညီ ပြုပြင်ပြောင်းလဲသွားမယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။”

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဗီဇာနဲ့ ပတ်စ်ပို့ သက်တမ်းတိုးကိစ္စတွေက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ပြီး သက်တမ်းပြည့် MoU လုပ်သားတွေ အတွက်လည်း နေရပ်ပြန်ပြီး စာချုပ်အသစ်ပြန်ချုပ်ဖို့၊ အထောက်အထားအသစ်တွေ ပြန်လုပ်ရမယ့် အနေအထားဟာ လက်ရှိ စစ်ကောင်စီလက်ထက်မှာ အခက်အခဲတွေ ရှိနေတာပါ။

လက်ရှိ ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက် ၄ သန်းကျော် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024