
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တောင်ခြမ်းက မြို့ပေါ်ရွာကို စစ်တပ်က ဇွန် ၂ ရက် မနက်ခင်း ၅ နာရီ က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇွန် ၁ ရက်က စလွန်းရွာနဲ့ ကွမ်းခြံရွာဘက်ကို စစ်ကြောင်းထိုးပြီး ဒီနေ့မနက်မှာ မြို့ပေါ်ရွာကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူ တဦးက "စလွန်း၊ ကွမ်းခြံရွာက ချင်းတွင်းမြစ်ကမ်းဘေးမှာ ရှိတာလေ။ ကျနော်တို့ ရွာနဲ့ဆိုရင် ၈ မိုင်၊ ၉ မိုင်လောက် ဝေးမယ် ထင်တယ်။ အဲဒီလို ဝေးလို့ ကျနော်တို့ဘက် မလာလောက်ဘူး ထင်နေတာကို ဒီနေ့ မနက် ၅ နာရီလောက်မှာ ရွာအဝင်-အထွက်လမ်းတွေ အကုန်ပိတ်ပြီး ရွာသားတွေကို ဖမ်းထားတယ်။ ထွက်ပြေးလွတ်လာတဲ့သူတွေလည်း ရှိတယ်။ သူတို့ ပိတ်ထားတာကို ထွက်ပြေးလို့ ဆိုပြီး ရွာသားတယောက်ကို သေနတ်နဲ့ လှမ်းပစ်တယ်။ ပေါင်ကျည်ထိမှန်တာ တဦး ရှိတယ်။ အမည်ကတော့ လုံခြုံရေးအရ မပြောတော့ဘူး။ အသက်က အသက်ကြီးပိုင်းထဲကလို့ ပြောရမယ်"လို့ ပြောပါတယ်။
စစ်တပ်ဟာ အိမ်ခြေ ၅၀၀ ရှိတဲ့ မြို့ပေါ်ရွာကို မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ရွာထဲကနေ မီးရှို့နေပြီး နေအိမ်တွေ ရှို့တာ လား၊ ပစ္စည်းတွေ ရှို့တာလားဆိုတာကတော့ မသိရသေးပါဘူး။
ရွာအတွင်းကနေ မီးခိုးလုံးတွေ ထွက်ပေါ်နေတာတော့ အဝေးကနေ မြင်နေရတယ်လို့ ရွာရဲ့အဝေးကနေ စောင့်ကြည့်နေတဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
မြိုပေါ်ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့လပိုင်းတွေကလည်း ၂ ကြိမ်တိုင်တိုင် ရွာကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့ပြီး အခုအကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် ရှိနေပြီးဖြစ်တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီ အခုဝင်ရောက်နေတဲ့ မြို့ပေါ်ရွာမှာ ဘုရားပွဲလည်း ကျင်းပနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။