
ရန်ကုန်မှာ စစ်တပ်ထောက်ခံရာမှာထင်ရှားတဲ့ ဦးတင့်လွင်နဲ့ အဆိုတော် လီလီနိုင်ကျော်တို့ ပစ်ခတ်ခံရပြီးနောက် လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားတဲ့ အမျိုးသားရေးသမားတွေနဲ့ တပ်ထောက်ခံသူတွေ ပိုမိုများလာတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မေ ၂၆ ရက်နဲ့ ၃၀ ရက်တွေမှာ အမျိုးသားရေးလှုပ်ရှားသူ ဦးတင့်လွင်နဲ့ အဆိုတော် လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဦးတင့်လွင်သေဆုံးကာ လီလီနိုင်ကျော်ကတော့ မင်္ဂလာဒုံ အမှတ် ၁ စစ်ဆေးရုံမှာ ပို့ဆောင်ကုသနေတဲ့အချိန် အမျိုးသားရေးသမားတွေက စုရုံးကာ လက်နက်ကိုင်ဆောင်ခွင့်အတွက် စစ်ကောင်စီထံ တောင်းဆိုခဲ့တာဖြစ်တယ်လို့ စစ်တပ် အရာရှိတဦးနဲ့ နီးစပ်သူက ပြောပါတယ်။
“လျှောက်တဲ့သူ အတော်များတယ်။ ဒါပေမဲ့ ပြည်ထဲရေးက မချပေးချင်ဘူး။ ဘာလို့လဲဆိုတော့ လျှောက်တဲ့အထဲမှာ အရင်က ပြစ်မှုကျူးလွန်သူတွေလည်း ပါတယ်။ ကာကွယ်ရေးဘက်က ချပေးရင်တော့ မသိဘူး။”
စစ်တပ်ထောက်ခံသူတွေ ပစ်ခတ်သတ်ဖြတ်ခံနေရ တာကြောင့် ပြန်လည်ခုခံဖို့အတွက်လက်နက်ကိုင်ဆောင်ခွင့်ပေးဖို့ တောင်းဆိုရတာဖြစ်တယ်လို့ လျှောက်ထားတဲ့ အကြောင်းအရာမှာ အမျိုးသားရေးလှုပ်ရှားသူတွေက ဖော်ပြထားတယ်လို့ ပြည်ထဲရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အခုက လက်နက်က ပြန့်နေတာဆိုတော့ ပစ်ခတ်မှုဖြစ်တိုင်း PDF ကို လွှဲချလို့မရဘူး။ လှိုင်သာယာက ပစ်ခတ်မှုတခုမှာ PDF အဖွဲ့မဟုတ်ဘဲ အရင်က ပြစ်မှုကျူးလွန်ဖူးတဲ့သူ ဖြစ်နေတယ်။ အဲ့ဒါကြောင့် လက်နက်တပ်ဆင်ပေးဖို့ တောင်းဆိုတိုင်း ချပေးလို့မရဘူး။ စိစစ်ပြီးမှ ချပေးလို့ရမှာ။”
မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗိုလ်ဗထူးလမ်းနဲ့ ဇေယျာသိဒ္ဓိလမ်းထောင့်က ရွှေသုခ လက်ဘက်ရည်ဆိုင်မှာ ထမင်းစားနေတဲ့ အမျိုးသားရေးအဖွဲ့က ဥက္ကဋ္ဌ ဦးတင့်လွင် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် မေ ၃၀ ရက် ညပိုင်းကလည်း ရန်ကင်းမြို့နယ် ၂ ရပ်ကွက် ရန်ရှင်းလမ်းမှာ အပြင်ကနေ နေအိမ်ကိုပြန်လာတဲ့ အဆိုတော် လီလီနိုင်ကျော် သေနတ်နဲ့ပစ်ခတ်ခံရပြီး စိုးရိမ်ရဒဏ်ရာရရှိကာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ဆေးရုံမှ အမည်မဖော်လိုသူတဦးက “မသေဘူးဆိုပေမဲ့ အခြေအနေက စိုးရိမ်ရတဲ့အဆင့်ပါ။ မသေနိုင်ဘူးလို့ မှတ်ချက်တော့ မပေးနိုင်ဘူး။ ရအောင်တော့ ကုနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၄ ရက်ကလည်း ရန်ကုန်၊ သန်လျင်မြို့နယ်မှာ နည်းပညာနဲ့ ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူ အဖြစ်လူသိများတဲ့ တပ်ထောက်ခံသူ ဦးမင်းတေဇညွန့်တင် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။