Home
မေးမြန်းခန်း
“ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသတခုလုံး ကြိုတင်ပြင်ဆင်ထားသင့်တယ်”- မိုးလေဝသသုတေသီ ဦးဝင်းနိုင်နှင့် မေးမြန်းချက် 
DVB
·
June 1, 2023

ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ လေထုမငြိမ်မသက်မှု ဖြစ်ပေါ်ရာကနေ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်ပြီး ပိုမိုအားကောင်းလာကာ လာမယ့်ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ထပ်ဝင်နိုင်ခြေရှိတယ်လို့ မိုးလေဝသပညာရှင်က ခန့်မှန်းထားပါတယ်။

ဇွန်လ ၆ ရက် မနက်ပိုင်း ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ စောင့်ကြည့်ရမယ့် လေပွေလှိုင်းတခု ဖြစ်ပေါ်နိုင်ပြီး ဇွန်လ ၇ ရက်မှာ သိသာတဲ့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဖြစ် အဆင့်ဆင့် အားကောင်းကာ မြောက်-အနောက်မြောက်ကို ဆက်ရွေ့လျားနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ခန့်မှန်း ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ကို ထပ်မံဝင်ရောက်မယ့် ဆိုင်ကလုန်းမုန်တိုင်းနဲ့ ပတ်သက်ပြီး ကြိုတင်သတိထား ပြင်ဆင်ရမယ့် အချက်တွေနဲ့ နောက်ဆုံးသိထားတဲ့ မိုးလေဝသ အခြေအနေတွေအကြောင်း မိုးလေဝသသုတေသီ ဦးဝင်းနိုင်ကို ဒီဗွီဘီသတင်းထောက် ဇွဲသစ်က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ လက်ရှိ မုန်တိုင်းနောက်ဆုံး အခြေအနေနဲ့ မိုးလေဝသ နောက်ဆုံးရ အခြေအနေ ဘယ်လိုရှိလဲ ခင်ဗျ။

ဖြေ။ “အခု ဒီနေ့မနက် ၆ နာရီခွဲရဲ့ update ကတော့ မရသေးဘူး။ အခု စပြီးတော့ ဖြစ်နိုင်တဲ့ နေရာကတော့ ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီလောက်မှာ မော်တင်စွန်းနားမှာဖြစ်မယ်။ Invest-system (Investigative area) ဒါမှမဟုတ် Area of Invest လို့ခေါ်တယ်။ Invest 92 B လို့ ဖြစ်လာနိုင်ပါတယ်။ ဒါက ၃ ရက်နေ့ နေ့လယ် ၁ နာရီပေါ့။ ၄ ရက်နေ့လောက် ၃ ရက်နေ့ ညလောက်ဆို မြင်ရမယ်လို့ မျှော်လင့်ပါတယ်။ ပြီးသွားရင် သူက ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ ဆက်ပြီးရှိနေမယ်။ ပြီးသွားရင် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနားမှာပဲ ဝေ့ဝိုက်ပြီးတော့ ရွေ့လျားပြီးတော့ အားပိုကောင်းလာနိုင်တယ်။ အားကောင်းလာပြီး မော်တင်စွန်း ဟိုင်းကြီးကျွန်း တောင်ဘက်နားလောက်ကနေ တက်ပြီးတော့ အနောက်မြောက်ဘက်ကို စပြီးတော့ ရွေ့တယ်။ ရွေ့ပြီးတော့မှ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းထဲကို ရောက်တယ်။ ရောက်ပြီးတော့ ကျနော်တို့ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့ ဝန်းကျင်လောက်မှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းတနေရာ၊ စစ်တွေ ကျောက်ဖြူ ကြားလည်း ဖြစ်နိုင်တယ်။ စစ်တွေ မြောက်ဘက်လည်း ဖြစ်နိုင်တယ်။ အဲဒီနေရာတွေကို ဖြတ်ပြီး ကုန်းတွင်းကို ဝင်နိုင်မယ်လို့ ဒီနေ့မနက်ပိုင်း နောက်ဆုံးရတဲ့ မိုးလေဝသ ခန့်မှန်းချက်မှာ အဲ့အတိုင်း တွေ့ထားပါတယ်။”

မေး။ တကယ်လို့ မုန်တိုင်းဝင်လာခဲ့ရင် လေတိုက်နှုန်း ဘယ်လောက်ရှိမလဲ။

ဖြေ။ “လောလောဆယ် နောက်ဆုံးရတဲ့ track အရ လေတိုက်နှုန်းက မုန်တိုင်းဗဟိုမှာပဲ ၉၀ - ၁၀၀ ဝန်းကျင်ရှိတယ်။ ပြီးတော့မှ ကုန်းတွင်းပိုင်းကို မြန်မာပြည် မကွေးတိုင်းအောက်ဘက် တခုလုံးက မုန်တိုင်းအရှိန် သက်ရောက်မှု ဖြစ်နိုင်တယ်။ နောက်တခုက ကမ်းရိုးတန်းတခုလုံး မုန်တိုင်းအရှိန် သက်ရောက်မယ့် အခြေအနေ ရှိနိုင်မယ်။”

မေး။ “ဒီတခါ မုန်တိုင်းကိုရော ဘယ်လို နာမည်ပေးဖြစ်မလဲဗျ။

ဖြေ။ “သူနဲ့ တပြိုင်တည်းဖြစ်မယ့် အာရေဗျပင်လယ်ဘက်က မုန်တိုင်းတလုံးရှိတယ်။ ဘယ်ဟာက အရင် ဆိုင်ကလုန်းဖြစ်မလဲ။ အဲ့အပေါ်မှာ မူတည်ပြီးတော့ ပထမဆုံးဖြစ်မယ့် တလုံးက ဘင်္ဂလားဒေ့ရှ်ကပေးမယ့် BIPARJOY အဲဒါ ဘယ်ဘက်က အရင်စရမလဲ မသိသေးဘူး။ နောက် တကယ်လို့များ ဒုတိယမြောက် ဆိုင်ကလုန်း ဖြစ်မယ်ဆိုရင် အိန္ဒိယနိုင်ငံက အလှည့်ကျပေးမယ့် TEJ ရမယ်။ အဲ့တော့ ကျနော်တို့က ဒီမုန်တိုင်းက BIPARJOY ဖြစ်မလား၊ TEJ ဖြစ်မလား မသိသေးဘူး။”

မေး။ ဒီမုန်တိုင်းကရော မိုခါ မုန်တိုင်းလောက် ပြင်းအားများမလား။

ဖြေ။ “မများနိုင်ဘူး။ အနောက်မြောက်ဘက်ကို ရွေ့တဲ့အချိန်မှာ ကမ်းရိုးတန်းနဲ့ မိုင် ၁၀၀ ကျော် ဝန်းကျင်လောက်ပဲ ရှိတယ်။ ကုန်းမြေနဲ့ထိတွေ့မှု လေစီးကြောင်းက ပိုပြီးများတယ်။ များတဲ့အခါကျတော့ လေတိုက်နှုန်းက အဲ့သလောက် ပြင်းမလာနိုင်ဘူး။ တည့်တည့်ဝင်မယ့် နေရာမှာတော့ မုန်တိုင်းဒီလှိုင်းတို့၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကတော့ ထိသွားနိုင်တယ်။ စစ်တွေနဲ့ သံတွဲကြား ဧရိယာကတော့ လောလောဆယ် နောက်ဆုံးရ လမ်းကြောင်းတွေအရ အန္တရာယ်ရှိတဲ့ဧရိယာ ဖြစ်နိုင်တယ်။ ပင်လယ်ပြင်က ငါးဖမ်းထွက်ကြမယ့် အဖွဲ့တွေတော့ ၃ ရက်နေ့လောက်မတိုင်ခင် ကမ်းကို ပြန်ဝင်ကြပါလို့ သတိပေးထားတယ်။ မြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်း လုပ်ကွက်တွေကိုလည်း လှမ်းပြီး သတိပေး ပြောထားပါတယ်။”

မေး။ အခုက မိုခါမုန်တိုင်းအတွက်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲဆိုတော့ အဲဒီဒေသတွေကရော ဒီမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဘယ်လိုပြင်ဆင်ထားရမလဲ ဆရာ။

ဖြေ။ “အဓိကကတော့ လေပြင်းတိုက်နိုင်တဲ့ အနေအထားရှိတယ်။ မုန်တိုင်းဝင်လို့ရှိရင် မုန်တိုင်း ဒီရေက မိုခါလောက်တော့ ပြင်းပြင်းမြင့်မြင့် မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အင်အားက ပျော့တယ်။ ဒါပေမဲ့ ရှေ့က မိုခါမုန်တိုင်းက ဖျက်ဆီးသွားတဲ့ ကမ်းခြေမှာရှိတဲ့ သစ်ပင်တွေ၊ အဆောက်အဦတွေက သောင်ပြင်ကြီးလို ဖြစ်သွားတယ်။ အကုန်လုံးက ရှင်းသွားတယ်။ ဆိုတော့ ဝင်တဲ့အချိန်မှာ RI (rapid intensification) ရုတ်တရက် အားပြင်း အားကောင်းလာတဲ့ အခြေအနေ ဖြစ်နိုင်တယ်။ ဖြစ်နိုင်တဲ့အခါ အရင်တုန်းကလို သစ်ပင်နဲ့ အကာအကွယ်တွေ နည်းသွားပြီ။ အဆောက်အဦတွေလည်း တချို့တွေ ပျက်စီးကုန်တဲ့ အနေအထား၊ ကမ်းစပ်တွေက ဒီလှိုင်းတားတဲ့ နံရံတချို့ဆို လမ်းတွေကျိုးပဲ့ ပျက်စီးသွားတာတွေ တွေ့တယ်။ အဲဒီဘက်က ဒေသခံတွေ တင်ထားတဲ့ ပုံတွေလည်း တွေ့ရတယ်။ အတားအဆီးတွေက မိုခါလောက် မရှိတော့ဘူး။ နည်းသွားမယ်။ ဒါပေမဲ့ မုန်တိုင်းက မိုခါလောက် အားမပြင်းဘူးဆိုတော့ ဘာပဲပြောပြော ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဒေသ တခုလုံးကတော့ အခုချိန်မှာ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ မြင်တယ်။”

မေး။ မုန်တိုင်းက ကုန်တွင်းဝင်ရောက်တဲ့အခါ လေတိုက်နှုန်း ဘယ်လောက်နဲ့ဝင်ပြီး ဘယ်အချိန်မှာ အားပျော့ ပျက်ပြယ်သွားမလဲ။

ဖြေ။ “၉၀ ဝန်းကျင်လောက် ဖြစ်နိုင်တယ်။ ကုန်းတွင်းဝင်တဲ့အခါ ကုန်းတွင်းမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း အဲဒီနေရာတွေအထိ လေပြင်းရောက်နိုင်တယ်။ နောက်တခုက အနောက်မြောက်ဘက်ကို ကမ်းရိုးတန်းနဲ့အပြိုင် ရွေ့နေတဲ့အချိန်မှာ ဒီဘက် ကမ်းရိုးတန်းဘက်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း (အနောက်ခြမ်း)၊ အထူးသဖြင့် ပဲခူးတိုင်းအနောက်ခြမ်းက မုန်တိုင်းရဲ့ ညာဘက်ခြမ်းမှာ ရှိနေတယ်။ အဲဒီမှာလည်း လေပြင်းတိုက်တဲ့အရှိန်က တနာရီ မိုင် ၄၀ အထက်ကတော့ ကျိန်းသေပေါက် တိုက်ခံရမယ့် အနေအထားရှိတယ်။ မိုးများမယ်။ အဲ့အနေထားမျိုးတွေ ရှိတယ်။ မိုးများရင်တော့ ထုံးစံအတိုင်း တောင်ကျရေ ကျတာတို့၊ မိုးကြီးတာတို့၊ ရေကြီးတာတို့ ဒါတွေ ဖြစ်နိုင်တာပေါ့။”

မေး။ ဆရာ့အနေနဲ့ ထူးထူးခြားခြား ဘာသတိပေးချင်တာ ရှိသေးလဲခင်ဗျ။

ဖြေ။ “အခုကတော့ ကြိုတင်ခန့်မှန်းချက်ပေါ့။ ကြိုတင်ခန့်မှန်းချက်ဆိုတာ တော်တော်လည်း ရက်က နီးလာပြီ။ ၃ ရက်နေ့လောက်မှာ စဖြစ်ပြီးတော့ ကျနော်မှန်းတာတော့ ၆ ရက်၊ ၇ ရက်နေ့လောက်မှာ မုန်တိုင်းဖြစ်မယ်။ ပြီးတော့ ပိုအားကောင်းပြီး ဆိုင်ကလုန်း ဖြစ်လာနိုင်တယ်။ ဆိုတော့ ဆိုင်ကလုန်းဖြစ်မယ့် အချိန်ထိဆို နောက်ထပ် ၄ ရက်၊ ၅ ရက်လောက် အချိန်ရသေးတယ်။ နောက်တခုက ကုန်းတွင်းဝင်မယ့်အချိန်နဲ့ တွက်မယ်ဆို ၆ ရက်၊ ၇ ရက်လောက် အချိန်ရသေးတယ်။ ဒီကြားထဲမှာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ လောလောဆယ် ခန့်မှန်းထားတဲ့ အနေအထားအရတော့ ၈၀ ရာခိုင်နှုန်းလောက် သေချာသလောက် ဖြစ်နေပြီပေါ့။ အဲ့တော့ ဘာပဲပြောပြော မုန်တိုင်းဖြစ်လာနိုင်တဲ့ အနေအထား သေချာသလောက် ရှိနေတဲ့အခါကျတော့ မိုခါတုန်းကလို ကြိုတင်ပြင်ဆင်မှုတွေ၊ ကုန်းတွင်းမှာဆို လေပြင်းတိုက်မယ့် အနေအထားတွေ၊ ရေကြီးမယ့် အနေအထား၊ ချောင်းရေကျမယ့် အနေအထား၊ ဒါတွေ ကြိုတင်ပြင်ဆင် သတိထားဖို့ပဲ မှာချင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024