ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၃၀ ရက် ညပိုင်းက တည်းခိုရိပ်သာတခု ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသမီးကို သတ်ဖြတ်ကာ ပိုက်ဆံနဲ့ ရွှေတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။
ဆိပ်မူကျေးရွာ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ သံယောဇဉ်နန်းတော် တည်းခိုရိပ်သာက ပိုင်ရှင် အမျိုးသမီးကို သတ်ဖြတ်ကာ မီးခံသေတ္တာအတွင်းမှ ရွှေနဲ့ ပိုက်ဆံတွေ ဓားပြတိုက်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “တည်းခိုခန်းကို ညဘက် ဓားပြဝင်တိုက်သွားတာ။ တည်းခိုခန်းပိုင်ရှင် အမျိုးသမီးကိုလည်း သတ်သွားတယ်။ မီးခံသေတ္တာကိုဖွင့်ပြီး ရွှေလက်ဝတ်လက်စားနဲ့ ငွေတွေ ယူသွားတယ်။ ဘယ်လောက်ပါသွားတယ် ဆိုတာကတော့ တိတိကျကျ မသိဘူး။ ဓားပြတွေက လန်ခရူဇာကားကိုလည်း ယူသွားတယ်” လို့ ပြောပါတယ်။
ဓားပြတိုက်၊ သတ်ဖြတ်ခံရသူဟာ သံယောဇဉ်နန်းတော် တည်းခိုခန်းပိုင်ရှင် ဒေါ်သီတာ ဆိုသူဖြစ်ပြီး ဓားပြတွေက နေအိမ်အပေါ်ထပ်မှာ လည်ပင်းကို ထိုးသွင်း သတ်ဖြတ်ထားခဲ့တာ ဖြစ်ပြီး အလောင်းကိုတော့ မနက်မိုးလင်းမှ မိသားစုနဲ့ အနီးအနားပတ်ဝန်းကျင်ကသူတွေ တွေ့ရှိတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ မေ ၂၈ ရက် ညကလည်း ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူ တရုတ်အမျိုးသား လောပန်းတဦးအိမ် ဓားပြတိုက်ခံရပြီး တန်ဖိုးကြီးကျောက်စိမ်းနှစ်တုံး ရွှေချောင်း၊ ငွေသားတွေ အပါအဝင် တန်ဖိုးကြီး ကားနှစ်စီးကို အမျိုးသား ၆ ဦးက ဓားပြတိုက် လုယက်ခဲ့ပါသေးတယ်။