
နွေဦးတော်လှန်ရေးဟာ အရေးကြီးဆုံးကာလကို ရောက်နေပါပြီ။ ဒီအချိန်မှာ တော်လှန်ရေးအင်အားစုတွေ သိပညာတွေ အတတ်ပညာတွေ ရသင့်သလောက်ရ၊ တတ်သင့်သလောက်တတ်၊ သိသင့်သလောက် သိရှိနေကြလောက်ပါပြီ။ ဒါကြောင့် တော်လှန်ရေးနဲ့ပတ်သက်တဲ့ စစ်ရေးဗျူဟာ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ အားပြိုင်နေကြတဲ့ ကာလထဲမှာ အထူးအသိ သတိ ရှိကြရမှာဖြစ်တယ်။ သိမြင်နားလည် တတ်ကျွမ်းသူတွေကလည်း ကိုယ်သိနေရုံ ကိုယ်တတ်နေရုံနဲ့ မပြီးပါဘူး၊ တော်လှန်ရေးအဖွဲ့တွေဆီကို စစ်တပ်ဘက်က မသိနားမလည်နိုင်တဲ့ နည်းလမ်းတွေနဲ့ ထိုးဖောက်ဝင်ရောက်လာရင် အချိန်မီ ဖြန့်ဝေ အသိပေးနေရမှာ ဖြစ်ပါတယ်။
ရန်သူ့ရဲ့အားနည်းချက် အားသာချက်တွေကို တွက်ချက်စဉ်းစားနေရမှာ ဖြစ်သလို မိမိတို့ တော်လှန်ရေးအင်အားစုတွေရဲ့ အားနည်းချက် အားသာချက်တွေကိုလည်း အမြဲတမ်း မျက်ခြည်မပြတ် ခြုံငုံသုံးသပ်နေရမှာဖြစ်တယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာကို ကိုယ့်အင်အားစုမှာ ဖြစ်တာမဟုတ်လည်း တခြားအင်အားစုတွေမှာ ဖြစ်နေတာကိုပါ စိစစ်သုံးသပ်နေရမှာ ဖြစ်ပါတယ်။ ရလာတဲ့အဖြေကို ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး မြေပြင်အဖွဲ့အစည်း အသီးသီးကို ဖြန့်ဝေ အသိပေးနေရမှာ ဖြစ်ပါတယ်။
အရင်ရေးခဲ့တဲ့ စာတွေထဲမှာ မကြာခဏ ထည့်ရေးခဲ့ပါတယ်။ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့ကြီးတွေက မြန်မာနိုင်ငံကို မတရားအာဏာသိမ်းထားတဲ့ စစ်အုပ်စုကို သက်ဆိုး ရှည်နိုင်သလောက် ရှည်ပြီး ကြာလို့ရသလောက် ကြာအောင် အချိန်ဆွဲပေးထားပါတယ်။ ဒါ ဘာကြောင့်လဲဆိုရင် မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်တပ်အတွက် နွေဦးတော်လှန်ရေးကို ထိန်းချုပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်။ အချိန်ကြာလာတာနဲ့အမျှ အပေါ်မှာ ရေးခဲ့သလို စစ်ရေးဗျူဟာ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ ကောင်းကောင်း ပြင်ဆင်လုပ်ဆောင်ဖို့ အချိန်တွေဖြစ်တယ်။
စစ်အုပ်စုရဲ ရက်စက်တဲ့ အကြမ်းနည်း စစ်ရေးဗျူဟာပြီးရင် နောက်လာမှာ အနုနည်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာ ဖြစ်တယ်။ စိတ်ဓာတ်ပျော့ညံ့သူမဟုတ်တောင် သူတို့ ပရိယာယ်ထဲမှာ ဒလိမ့်ခေါက်ကွေး ကျရောက်သွားနိုင်တယ်။ စစ်အုပ်စုကတော့ နည်းမျိုးစုံ အသုံးပြုမှာဖြစ်တယ်။ နွေဦးတော်လှန်ရေးမှာ ဦးဆောင်သူတွေနဲ့ တော်လှန်သူတွေကြား သပ်လျှိုသွေးခွဲတယ်၊ မရဘူး၊ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ပြတယ်၊ မရဘူး၊ အခုနောက်ဆုံး သူတို့လုပ်လာမှာက အတုအယောင်နဲ့ ထင်ယောင်ထင်မှားဖြစ်ပြီး ဝေဝါးသွားစေမယ့် လှည့်ကွက်တွေဖြစ်တယ်။ စစ်တပ်က တော်လှန်ရေးသမား အယောင်ဆောင်လိမ့်မယ်။ ထောက်ပို့သမားယောင် ဆောင်လိမ့်မယ်။ တော်လှန်ရေးအဖွဲ့တွေအတွင်းကို ရတဲ့နည်းလမ်း၊ ရတဲ့အပေါက်ကနေ ဝင်လာပါလိမ့်မယ်။ တော်လှန်ရေးကိုလည်း အားကြိုးမာန်တက် လုပ်ပြလိမ့်မယ်။ လိုတာထက် ပိုကျူးလာသူကို အထူးသတိပြုရပါမယ်။
ရှေ့တည့်တည့်ကထိုးတဲ့ ဓားထက် နောက်ကျောကထိုးတဲ့ ဓားချက်က ပိုနာတယ်လို့ ဆိုရိုးစကားရှိတယ်။
စခန်းတွေ စီးနင်းခံရ၊ သိမ်းဆည်းခံရတာ၊ ထောက်ပို့တွေ အမှတ်မထင် ဖမ်းဆီးသတ်ဖြတ်ခံရတာတွေ ခပ်စိပ်စိပ် မြင်တွေ့ကြားသိလာရတယ်။ တခါလိမ်ခံရရင် သူတော်လို့၊ နှစ်ခါလိမ်ခံရရင် ကိုယ် အ လို့၊ သုံးခါလိမ်ခံရရင်တော့ ကိုယ်ညံ့လွန်းမက ညံ့လို့ဆိုတာ မမေ့ပါနဲ့။
တော်လှန်ရေးဦးဆောင်သူတွေနဲ့ အောက်ခြေ တော်လှန်ရေးအဖွဲ့တွေကြား အလိမ်အညာ အတုအယောင်တွေ ထိုးဖောက်ဝင်ရောက်လာနေပြီဖြစ်တယ်။ စာရွက်အတု လက်မှတ်အတုတွေနဲ့ တမျိုး၊ တော်လှန်ရေးအင်အားစုတွေကို ပုံမှားရိုက်ပြီး သတင်းမှားတွေတဖုံ၊ ကလိမ်ကကျစ် ဉာဏ်ရောင်စုံတွေနဲ့ ခလောက်ဆန် အကောက်ကြံကြလိမ့်မယ်။ ငွေနဲ့မျှားမယ်၊ လူငယ်တွေ အထူးသတိပြုရမှာက စိတ်အလိုမလိုက်မိကြဖို့ အရေးကြီးပါတယ်။
တော်လှန်ရေးအောင်ပွဲနီးလာလေ ပိုပြီးဂရုစိုက်ရလေမို့ အစစအရာရာ မပေါ့ဆဘဲ တော်လှန်ရေးသတိ တော်လှန်ရေးအသိနဲ့ ရှေ့ဆက်ကြပါ။ အာဏာရှင်နိဂုံး ၂၃ မှာ အောင်ပွဲတွေနဲ့အတူ ဆက်လက်ချီတက်ကြမယ်...။
ပေကြီး