Home
ဆောင်းပါး
မိစ္ဆာလေတပ် (သို့) မိဘဦးခေါင်း တင်းပုတ်နဲ့ထောင်း‌နေတဲ့ အကုသိုလ်ပြိတ္တာလောင်းများ
DVB
·
May 30, 2023

နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ မယိမ်းမယိုင် ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ခုခံတော်လှန်မှုနဲ့အတူ အများပြည်သူရဲ့ ငြင်းပယ်စွန့်ပစ်ခံရတာကြောင့် မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံး များလွန်းလှတာမို့ အင်အားချည့်နဲ့ စိတ်ဓာတ်ပျက်ပြားလာတဲ့ စစ်အာဏာရှင် ခါးပိုက်ဆောင်ဓားပြတပ်ဟာ သူရဲဘောကြောင်စွာနဲ့ ပြည်တွင်းစစ်ပွဲတွေမှာ ဂျက်တိုက်လေယာဉ်တွေ၊ စစ်ဘက်သုံး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုရာမှာ လက်နက်မဲ့ အရပ်သားပြည်သူတွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ ကျူးလွန်ဆဲ ဖြစ်ပါတယ်။

ကျင့်ဝတ်မဲ့စွာ အရပ်သားပြည်သူလူထု အိမ်ရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုန်း‌ကြီးကျောင်း၊ ဘုရားရှစ်ခိုးကျောင်းတွေကိုပါ လေကြောင်းကနေ ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေကြတာ ဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့တူသလဲဆိုရင် မိဘရဲ့ဦးခေါင်းကို တင်းပုတ်နဲ့ထုထောင်းတဲ့ အကုသိုလ်မျိုး ကျူးလွန်တဲ့ သားဆိုးသားယုတ်ပမာနဲ့ အတူတူမို့ လူ့အသိုင်းအဝိုင်းကနေ အပြစ်ဒဏ်ခတ် ဖယ်ရှားရမယ့် စစ်ရာဇဝတ်ကောင်တွေသာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တိရစ္ဆာန်ကောင်စီရဲ့ မိစ္ဆာလေတပ်ဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ကနေ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ တနှစ်ကာလအတွင်းမှာ တိုင်းနဲ့ပြည်နယ် ၁၂ ခုကို လေကြောင်းတိုက်ခိုက်မှု ၂၆၈ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ပစ်မှတ်တွေအပေါ် တိုက်ခိုက်မှု အကြိမ် ၁၉၀ ပြုလုပ်ခဲ့ကာ စစ်ရေးပစ်မှတ်တွေအပေါ် တိုက်ခိုက်မှု ၇၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန် ဖော်ပြထားပါတယ်။

အဲ့ဒီလို မိစ္ဆာလေတပ်ရဲ့ နိုင်ငံတကာကျင့်ဝတ်စံတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး မိဘပြည်သူ အရပ်သားပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှု‌တွေကြောင့် တနှစ်အတွင်းမှာ ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၅၅ ဦး သေဆုံးခဲ့ရပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။ ဘာသာရေးအဆောက်အဦများ အပါအဝင် ပြည်သူပိုင်နေအိမ် ၁၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရတဲ့အပြင် အသက်ဘေးလွတ်ဖို့ မိမိအရပ်ကို စွန့်ခွာထွက်ပြေးရတာမို့ ပြည်သူ ၈,၁၀၀ ဦးဟာ မိစ္ဆာလေတပ်ကြောင့် အိုးမဲ့အိမ်မဲ့ စစ်ရှောင်ဘဝကို ရောက်ခဲ့ကြရပါတယ်။

အဲ့ဒီလို မိစ္ဆာလေတပ်ရဲ့ အကျည်းတန် အရုပ်ဆိုးလွန်းလှပြီး နောင်အနာဂတ်သမိုင်း ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်းသင်ကြားကြရမယ့် စစ်ရာဇဝတ်မှုမြောက်တဲ့ အောက်ပါ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ နာမည်ဆိုးနဲ့ ထင်ရှားလှပါတယ်။

၁။ ရေမျက်နဲ့ ကန်စွန်းအင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမျက်ကျေးရွာကို မိစ္ဆာလေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာသား ၁၀ ဦး သေဆုံးခဲ့သလို ၂ ရက်အကြာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ကန်စွန်းအင်းကျေးရွာသား ၁ ဦး သေဆုံးခဲ့ရပါတယ်။

၂။ ရင်ပေါင်တိုင်ရွာ လေကြောင်းတိုက်ခိုက်မှု

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက် ဝါဆိုလပြည့်နေ့ စျေးနေ့မှာ မိစ္ဆာလေတပ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာကို Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် တနာရီနီးပါးကြာ ပစ်ခတ်တိုက်ခိုက်ပြီး ရဟတ်ယာဉ် ၃ စီးဖြင့် လက်မရွံ့ ကြေးစားလူမိုက်စစ်သားတွေ ချထားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုအပြင် အင်အား ၁၃၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး ဒေသခံများကို သတ်ဖြတ်ခဲ့ရာ အသက် ၁၀ နှစ်ခန့်ရှိ ကလေးတဦး၊ သက်ကြီးရွယ်အိုများ အပါအဝင် အနည်းဆုံး ပြည်သူ ၁၈ ဦး သေဆုံးခဲ့ရတဲ့အပြင် ရင်ပေါင်တိုင်ရွာသား ၂၀ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ စစ်မိစ္ဆာဘီလူးတွေထွက်သွားတော့ ပြည်သူအလောင်းတွေကို ဗောဓိညောင်ပင်အောက်မှာ စုပြုံမီးရှို့ထားတာတွေ တွေ့ခဲ့တယ်လို့ ရင်ပေါင်တိုင် ရွာသားတဦးက ပြန်ပြောပြခဲ့ပါတယ်။

၃။ ဘုရားလေးကုန်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု

၂၀၂၂ ခုနှစ် အောက်တိုဘာ ၈ ရက် နေ့လယ် ၁၂ နာရီကျော်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ဘုရားလေးကုန်းကျေးရွာကို မိစ္ဆာလေတပ် ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီး၊ Mi35 ၂ စီး၊ Mi17 ၄ စီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးအထိ သေဆုံးခဲ့ပြီး ကျေးရွာ ၁၁ ရွာက ဒေသခံ ၁၂,၀၀၀ ကျော် ထွက်ပြေးခဲ့ကြရပါတယ်။

၄။ အနန့်ပါရွာ လေကြောင်းတိုက်ခိုက်မှု

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါရွာကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက် ညမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ပတ်လည်နေ့ ကျင်းပနေတဲ့ ဖျော်ဖြေပွဲကို ယုတ်မာရမ်းကားစွာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အဲဒီဖျော်ဖြေပွဲမှာ ရှိနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဝန်ထမ်းတွေ၊ ကချင်အနုပညာရှင်၊ စီးပွားရေးသမား အချို့နဲ့ အရပ်သားတွေ အပါအဝင် ပြည်သူ ၈၀ ကျော် သေဆုံးခဲ့ရသလို ၁၀၀ ကျော် ထိခိုက်‌ဒဏ်ရာရခဲ့ပါတယ်။

၅။ လက်ယက်ကုန်းရွာ လေကြောင်းတိုက်ခိုက်မှု

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်တပ်က ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်‌နေ့ ကျောင်းဖွင့်ချိန်မှာ ဘုန်းတော်ကြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို Mi35 စစ်ရဟတ်ယာဥ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် မြေပြင်စစ်ကြောင်းကလည်း ရွာအတွင်း အညှာအတာကင်းမဲ့စွာ ဝင်တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦး အပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ရပါတယ်။ မိစ္ဆာလေတပ် ပစ်ခတ်ခံရချိန်မှာ ဆရာမတွေက ကျောင်းသားလူမမယ် လေးတွေကို စာသင်ခုံတွေနဲ့ အကာအကွယ် ပေးခဲ့ရတယ်လို့ အသက်ဘေး လွတ်မြောက်ခဲ့တဲ့ ကလေးငယ်တဦးက ပြောပြခဲ့ပါတယ်။

၆။ အလယ်ဆိပ်ကျေးရွာ လေကြောင်းတိုက်ခိုက်မှု

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် မနက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ အာဏာလု အကြမ်းဖက်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မိစ္ဆာလေတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အလယ်ဆိပ်ကျေးရွာက နေအိမ် ၂၆ လုံး၊ ဈေးဆိုင်ခန်း ၆ ခန်း၊ စာကြည့်တိုက် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

၇။ ခွာဖိုးရွာ လေကြောင်းတိုက်ခိုက်မှု

၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်နေ့က မိစ္ဆာလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ခွာဖိုးရွာမှာလည်း တိုင်းရင်းသားပြည်သူသေဆုံးရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဘုရားကျောင်းပျက်စီးတာနဲ့ ဒုက္ခသည်အများအပြား နယ်စပ်တိမ်းရှောင်နေရတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့ပါတယ်။ နေအိမ် ၁၈ လုံးလည်း ပျက်စီးသွားခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း ၂ ခုလည်း ပျက်စီးခဲ့တယ်လို့ မေရီလန်း ချင်းတိုင်းရင်းသားများအဖွဲ့ CAM က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

၈။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် လေကြောင်းတိုက်ခိုက်မှု

မိစ္ဆာလေတပ်ဟာ KIA၊ PDF တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ကျေးရွာ ၂ ရွာကိုလည်း အခု ဧပြီ ၆ ရက်နေ့တုန်းက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ လေကြောင်းကနေ အရပ်ဘက်နေရာ ၃ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ မီးလောင်ခဲ့ပြီး ဒေသခံတဦးလည်း သေဆုံးခဲ့ပါတယ်။

၉။ အုတ်ဖိုကျေးရွာ လေကြောင်းတိုက်ခိုက်မှု

၂၀၂၃ ခုနှစ် ဧပြီ ၈ ရက် နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်‌တွေ အားကောင်းရာ မန္တလေးမြို့ ကမ္ဘာ့ယဉ်ကျေးမှုနယ်မြေ မင်းကွန်းပုထိုး‌တော်ကြီးနဲ့ ၁၀ မိုင်အကွာ ဧရာဝတီမြစ်ကမ်းပေါ်ရှိပြီး မင်းဝံတောင်ရိုးပေါ်မှာ တည်ရှိတဲ့ အုတ်ဖိုကျေးရွာကို မိစ္ဆာလေတပ်က အင်အား ၁၀၀ ကျော်ပါတဲ့ ရဟတ်ယာဉ် ၃ စင်းနဲ့ လေကြောင်းသုံးလို့ ကျေးရွာဘုန်းကြီးကျောင်းကို စက်သေနတ်တွေ၊ လက်နက်ကြီး‌တွေနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။

၁၀။ ဝေဘူလမြို့နဲ့ ဗားရ်ရွာ လေကြောင်းတိုက်ခိုက်မှု

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဝေဘူလမြို့နဲ့ ဗားရ်ရွာတို့ကို စစ်ကောင်စီဘက်က ဧပြီလ ၁၀ ရက်နေ့တုန်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဝေဘူလမြို့ ဘောလုံးကွင်းနဲ့ စာသင်ကျောင်းနားကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

၁၁။ ချွန်ကျုံးရွာ လေကြောင်းတိုက်ခိုက်မှု

ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်အာဏာလုတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တင့်ကား ၂ စီး အဖျက်ဆီးခံရပြီး သူတို့ဘက်က အကျအဆုံးများတာမို့ မိစ္ဆာလေတပ်က ၂၀၂၃ ခုနှစ် ဧပြီ ၁၂ ရက်၊ ၁၃ ရက်နဲ့ ၃၀ ရက်နေ့မှာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပါတယ်။ ဧပြီ ၁၂ ရက် ညနေပိုင်း ၂ နာရီခွဲခန့်မှာ တိုက်လေယာဉ်နဲ့ ၈ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

၁၂။ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှု

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းက‌နေ ပြင်းအားကြီးတဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း လသားကလေးငယ် အပါအဝင် လူ ၁၈၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၉ ဦးထက်မနည်း ရှိခဲ့ကာ အဲ့ဒီလို လေကြောင်းတိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်မိစ္ဆာတပ်ဟာ ပြည်တွင်းပြည်ပက ရှုတ်ချနေတဲ့ကြားက ပဇီကြီးကျေးရွာတဝိုက်ကို စစ်ကြောင်းထိုးခြင်းနဲ့ ထပ်မံပြီး လေကြောင်းက ပစ်ခတ်ခြင်းတွေကိုလည်း ထပ်မံလုပ်ဆောင်ခဲ့ပါသေးတယ်။

၁၃။ လောင်းဘိုလေးရွာ လေကြောင်းတိုက်ခိုက်မှု

၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ ထီးလင်းနယ်မြောက်ပိုင်း YRA (Yaw Revolution Army) အခြေစိုက်ရာဒေသ ပအဖရုံးနဲ့ ပုံညာတောင်တန်း စစ်ရှောင်စခန်းရုံးစိုက်ရာ လောင်းဘိုလေးရွာက အဆောက်အအုံတခုကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ရုံးအဆောက်အအုံတခုလုံး ဗုံးထိမှန်ပြီး ရုံးဝန်ထမ်း ၃ ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး) အသက်ဆုံးရှုံးသွားတယ်လို့ သိရှိရပါတယ်။ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

၁၄။ စောလုံရွာ လေကြောင်းတိုက်ခိုက်မှု

၂၀၂၃ ခုနှစ် မေလ ၁၇ ရက် မနက် ၄ နာရီဝန်းကျင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ် စောလုံရွာကို မိစ္ဆာတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှာ အသက် ၁၇ နှစ်အရွယ်ရှိ ရွာခံအမျိုးသမီးတဦး သေဆုံးခဲ့ရပြီး အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ လူနေအိမ်ခြောက်လုံး၊ ကျေးရွာဆေးပေးခန်း အဆောက်အအုံနှစ်ခုနဲ့ ဘုန်းကြီးကျောင်းတကျောင်းလည်း ပျက်စီးခဲ့ပါတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာဖြစ်ပါတယ်။ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ မိစ္ဆာလေတပ်က လေကြောင်းတိုက်ခိုက်မှု ၃၆၃ ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်းမှာရှိတဲ့ ဥကရစ်ထ၊ မူတြော်ခရိုင် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ CNA ဌာနချုပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဟိုခဲကျေးရွာ ဘုန်းကြီးကျောင်း၊ သံဘိုကျေးရွာ၊ ရှမ်းကယားဘက်မှာလည်း ဖယ်ခုံနဲ့ ပင်လောင်းအစပ်၊ ဒီးမော့ဆို အပါအဝင် အခြားဒေသတွေမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖျက်အားပြင်းဗုံးတွေ ကြဲချပြီး မိစ္ဆာလေတပ်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မိစ္ဆာလေတပ်ဟာ မြန်မာနိုင်ငံတဝန်းလုံးမှာ အရပ်ဘက်ပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲဘဲ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း အစရှိတဲ့ ဒေသတွေကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ အများဆုံးခံရတာဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ဓားပြတပ်ဟာ လေတပ်ရှိတဲ့ ကမ္ဘာပေါ်က တခုတည်းသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ ပြောထားပါတယ်။ ပြည်သူ့ဘဏ္ဍာငွေတွေသုံးစွဲပြီး ဝယ်ယူထားတဲ့ ဂျက်တိုက်လေယာဉ်တွေ၊ လက်နက်ခဲယမ်း မီးကျောက်တွေကို အသုံးပြုပြီး ပိုင်ရှင် ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်စွာ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်မိစ္ဆာလေတပ်နဲ့ အမိန့်ပေးစေခိုင်းသူ၊ လက်တွေ့ပစ်ခတ် ဗုံးကြဲသတ်ဖြတ်သူ၊ နည်းပညာတွေနဲ့ ထောက်ပံ့ကူညီသူတွေ အားလုံးကို သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအရ ခွင့်လွှတ်စရာအကြောင်းမရှိဘဲ အပြစ်ပေး အရေးယူ ဒဏ်ခတ်ကြရမှာ မလွဲမသွေ ဖြစ်ပါတယ်။

ဒါကြောင့် မဝေးလှတော့တဲ့ အနာဂတ်ကာလတခုမှာ နွေဦးတော်လှန်ရေးအတွင်း အသက်ပေး ကျဆုံးခဲ့ရတဲ့ တော်လှန်‌ရေးတပ်ဖွဲ့ဝင်တွေ၊ အာဇာနည် ပြည်သူအပေါင်းအတွက် ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်း၊ ရင်ပေါင်တိုင် အပါအဝင် နိုင်ငံအနှံ့အပြား ပြည်သူ့ဗိမာန်တွေ တည်ဆောက်ဂုဏ်ပြုကြတဲ့အခါ အမိန့်ပေးစေခိုင်းခဲ့ကြတဲ့ အာဏာရူး မင်းအောင်လှိုင်၊ စိုးဝင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်တို့နဲ့အတူ မိစ္ဆာလေတပ် တာဝန်ရှိတဲ့ စစ်ရာဇဝတ်ကောင်တွေဟာ မိဘဦးခေါင်း တင်းပုတ်နဲ့ထောင်း‌နေတဲ့ အကုသိုလ်ပြိတ္တာလောင်းများ ဖြစ်ကြပါတယ်။ အဲ့ဒီမိစ္ဆာကောင်တွေ အားလုံးကို ဖမ်းဆီးအ‌ရေးယူ အပြစ်‌ပေးရုံတင်သာမက သူတို့ရဲ့ ဒူးထောက် တောင်းပန်ခိုင်းထားတဲ့ ရုပ်တုတွေကို ပြည်သူ့ဗိမာန်တွေရှေ့မှာ ထားရှိ ဒဏ်ခတ်ကြမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024