Home
ဆောင်းပါး
ကမ္ဘာမြေရဲ့ စိန်ခေါ်မှုကြီးများ (၁)
မောင်သာမည
·
May 29, 2023

သဘာဝပတ်ဝန်းကျင်ပျက်စီးမှု 

ကမ္ဘာမြေပေါ်မှာ နေထိုင်ကြတဲ့ လူသား သန်းရှစ်ထောင်ဟာ  စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံချင်းဖြစ်တဲ့ စစ်ပွဲတွေနဲ့ ကိုဗစ်ရောဂါလို ရောဂါဆိုးတွေကအစ၊ စက်ရုပ်တွေ၊ အေအိုင် (AI - Artificial Intelligence) လို့ခေါ်တဲ့ အသိဉာဏ်တုတွေအဆုံး လူသားမျိုးနွယ်ကို တုံးသွားအောင် လုပ်နိုင်တဲ့ စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါတွေထက် အင်အားကြီးတဲ့ စိန်ခေါ်မှုတခု ရှိပါသေးတယ်။  ဒီစိန်ခေါ်မှုက လူသား သန်းရှစ်ထောင်အတွက် စိန်ခေါ်မှုဖြစ်သလို ကမ္ဘာမြေကြီးအတွက် စိန်ခေါ်မှုလည်း ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုကြီးကို မဖြေရှင်းနိုင်ရင် ကမ္ဘာမြေကြီးလည်း ပျက်စီးပြီး လူသား သန်းရှစ်ထောင်လည်း မျိုးတုံးပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကြောင့် အလွန်စိုးရိမ်စရာကောင်းတဲ့ စိန်ခေါ်မှုလို့ ဆိုရပါလိမ့်မယ်။ ဒါကတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဆိုတဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြီးဟာ တရွေ့ရွေ့ ဖြစ်နေတာဆိုတော့ သတိထားမိဖို့ မလွယ်လှပါဘူး။ ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ဆက်စပ်ပြီး မြင်ဖို့ကလည်း ခက်ခဲလှပါတယ်။ ဆိုးကျိုးတွေက တဖြည်းဖြည်းချင်း ဖြစ်လာနေပြီး အရေးထားစရာ မဟုတ်သလိုမျိုး လှည့်စားတတ်ပါတယ်။   သိသာမြင်သာတဲ့အဆင့်အထိ ရောက်လာပြီဆိုရင်တော့ ခုခံလို့ မရနိုင်ဘဲ လူသားအမြောက်အမြား မရှုမလှ ခါးစည်း ခံကြရတော့တာပါပဲ။ 

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြီးကြောင့် ယခုအချိန်မှာ ထင်ရှားလာတဲ့  ဆိုးကျိုး တခုကတော့ ကမ္ဘာကြီး ပူနွေးမှု ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်သောင်းကတည်းက စတင်ခဲ့တာပါ။  ဒါပေမဲ့ အဲဒါက သဘာဝကြောင့် ဖြစ်လာတဲ့ ပူနွေးမှုဆိုတော့  ဆိုးကျိုးတွေကလည်း မပြောပလောက်အောင် သေးငယ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်က  စက်မှုတော်လှန်ရေးကြီး ပေါ်ပေါက်လာပြီးတဲ့ နောက်မှာတော့  ကမ္ဘာကြီးရဲ့ ပူနွေးမှုဟာ အရှိန်မြင့်လာပါတယ်။  ကမ္ဘာကြီးတခုလုံးမှာ စက်ရုံတွေကို အကြီးအကျယ် တည်ဆောက်လည်ပတ်ရာကနေ ကာဗွန်ဒိုင်အောက်ဆိုက် မီးခိုးတွေလည်း တလူလူ ထုတ်လွှတ်လာပါတယ်။ ဒီကာဗွန်မီးခိုးတွေကြောင့် ကမ္ဘာ့လေထုဟာ အပူဓာတ်ကို ထိန်းချုပ်တဲ့အလွှာတခု ဖြစ်လာပြီး အကျိုးဆက်အဖြစ်နဲ့ ကမ္ဘာကြီးပူနွေးလာရတာလို့ ပညာရှင်တွေက ပြောပါတယ်။

ကျောက်မီးသွေးလို ရေနံလို ရုပ်ကြွင်းလောင်စာတွေကို သုံးစွဲတာကြောင့် ကာဗွန်မီးခိုးတွေ ထွက်လာပြီး ကမ္ဘာမြေကြီး ပူနွေးလာတဲ့ အကျိုးဆက်ကို ဖန်လှောင်အိမ် အကျိုးဆက် (Greenhouse Effect) လို့ ခေါ်ပါတယ်။ ဒီ ပူနွေးမှုက လူဖန်တီးတဲ့ ပူနွေးမှု ဖြစ်ပါတယ်။

ကာဗွန်မီးခိုးကြောင့် ဖြစ်လာတဲ့ ဖန်လှောင်အိမ်အကျိုးဆက်ဟာ တနှစ်ထက်တနှစ် ပိုကြီးမားလာပါတယ်။ ကမ္ဘာ့မြေပြင်ဟာ စက်မှုတော်လှန်ရေးမတိုင်မီကနဲ့ မတူတော့ဘဲ သိသိသာသာ အပူချိန်မြင့်တက်သွားပြီလို့ သိပ္ပံပညာရှင်တွေက ထောက်ပြကြပါတယ်။ လူဖန်တီးတဲ့ ပူနွေးမှုက သဘာဝပူနွေးမှုထက် ပိုပြီးအင်အားကြီးမားတယ်ဆိုတာ သိလာကြတာပါ။

စက်ရုံတွေ တဟုန်ထိုး များပြားလာပြီးနောက် နှစ်အတန်ကြာမှာပဲ ကာဗွန်မီးခိုးတွေကြောင့် ဖြစ်လာတဲ့ ပူနွေးမှုဟာ အလွန်အန္တရာယ်ရှိတယ်လို့ သိပ္ပံပညာရှင်တွေ စတင်သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်စက်ရုံပိုင်ရှင်ကမှ ဂရုမစိုက်သလို လူတွေကလည်း အရေးမထားခဲ့ပါဘူး။ အစိုးရ မှန်သမျှကလည်း ဘာမှမဖြစ်လောက်ဘူးဆိုပြီး ဥပဒေနဲ့ ကန့်သတ်တာကို မလုပ်ခဲ့ကြပါဘူး။

တချိန်တည်းမှာပဲ ရုပ်ကြွင်းလောင်စာသုံးစွဲတဲ့ စက်ကရိယာတွေဟာ နယ်ပယ်အသီးသီးမှာ ဘီလီယံပေါင်းများစွာ ပေါ်လာခဲ့ပါတယ်။ ဥပမာပြရရင် မော်တော်ကားမှာ သုံးတဲ့ အင်ဂျင်စက်တွေပေါ့။ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကြောင့် ထွက်လာတဲ့ ကာဗွန်မီးခိုး‌တွေဟာ  ထူထပ်လာတာနဲ့အမျှ ပူနွေးမှုကို ဖန်တီးတာတင်မကတော့ဘဲ လေထုကိုပါ ညစ်ညမ်းသွားစေပါတယ်။ လေထုညစ်ညမ်းမှုကြောင့် လူတွေမှာ အသက်ရှူမှုနဲ့ ဆက်စပ်တဲ့ ရောဂါဝေဒနာတွေ ဖြစ်လာပါတယ်။ အဆုတ်နာရောဂါတွေ ဖြစ်လာပါတယ်။ အသက်ရှူကျပ်ပြီး မေ့မြောသေဆုံးတာတွေအထိ ခံစားကြရပါတယ်။

အထူးသဖြင့် စက်မှုလုပ်ငန်း တဟုန်ထိုးထွန်းကားလာတဲ့ တရုတ်လို နိုင်ငံမျိုးမှာ လေထုညစ်ညမ်းမှုကြောင့် အကြီးအကျယ်ပြဿနာတက်နေပါတယ်။ ဘေဂျင်းမြို့တော်မှာဆိုရင် လူတိုင်းနီးပါး အောက်ဆီဂျင်ဘူးလေးတွေ ယူဆောင်နေရတဲ့အထိ လေထု ညစ်ညမ်းမှုဒဏ်ကို ခံနေကြရပါတယ်။

ကာဗွန်မီးခိုးတွေကြောင့် ကမ္ဘာမြေပြင် အပူချိန်တိုးပြီး ပူနွေးလာခဲ့တာ အခုဆိုရင် စက်မှု တော်လှန်ရေးမတိုင်မီက ပျမ်းမျှအပူချိန်ထက် ၁ ဒီဂရီစင်တီဂရိတ် ပိုပြီး ပူနွေးလာခဲ့ပြီလို့ ပညာရှင်တွေက ပြောပါတယ်။  ၁ ဒီဂရီစင်တီဂရိတ်ဆိုတဲ့ အပူချိန်ဟာ နည်းနည်းလေးလို့ ထင်ရပေမဲ့ အလွန်ကြီးမားတဲ့ ဆိုးကျိုးတွေကို ဖန်တီးပေးနေခဲ့ပါတယ်။  လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း မိုးခေါင်တာ၊ ရေကြီးတာ၊ မုန်တိုင်းထန်တာ၊ အပူလှိုင်းရိုက်တာ၊ တောမီးလောင်တာ၊ ရေခဲတောင် ပြိုတာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာတွေ ဖြစ်လာပါတယ်။ ဒီလို ရာသီဥတုဘေးဆိုးတွေဟာ တနှစ်ထက်တနှစ် တိုးပြီးဖြစ်နေတဲ့အတွက် ကမ္ဘာ့ရာသီဥတုကြီးတော့ ပြောင်းလဲသွားပြီလို့ အသိအမှတ်ပြုလာရပါတော့တယ်။ ဒီပြောင်းလဲမှုဟာ နောက်ကြောင်းပြန်လှည့်တော့မှာ မဟုတ်ဘဲ ပြင်းထန်သည်ထက် ပြင်းထန်လာဖို့ပဲ ရှိတယ်လို့လည်း ပညာရှင်တွေက သတိပေးနေကြပါပြီ။

ရာသီဥတု ပြောင်းလဲမှုတွေနဲ့အတူ စိုက်ပျိုးခင်း ပျက်စီးတာတွေ၊ သစ်တောပြုန်းတီးတာတွေ၊ ဂေဟစနစ် ပျက်စီးတာတွေ ဆက်ဖြစ်လာပါတယ်။ အစာရေစာ ရှားပါးတာ၊ သက်ရှိမျိုးစိတ်တွေ ပျောက်ကွယ်တာ၊ လူ အပါအဝင်သက်ရှိသတ္တဝါတွေ သေကျေတာ၊ ရောဂါပိုးသစ် ပေါက်ဖွားတာတွေ ဖြစ်လာပါတယ်။

လူတွေ ဖန်တီးတဲ့ ကာဗွန်ဓာတ်ငွေ့တွေကြောင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ပျက်ပြီး ကမ္ဘာကြီး ပူနွေးလာ‌ရတဲ့အကြောင်း၊ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် ၂၁ ရာစု ကုန်ဆုံးတဲ့အချိန်မှာ ကမ္ဘာ့မြေပြင်ရဲ့ အပူချိန်ဟာ ၄ ဒီဂရီစင်တီဂရိတ် ထပ်တိုးသွားမှာ ဖြစ်တဲ့အကြောင်း၊ ဒါဆိုရင် ထိန်းမနိုင်သိမ်းမရတဲ့ ရာသီဥတုပြောင်းလဲမှုကို ကြုံတွေ့ရမှာ ဖြစ်တဲ့အကြောင်း ပညာရှင်တွေက အတိအကျ တွက်ချက်ပြီး သတိပေးနေကြပါတယ်။

အလွန်ပြင်းထန်တဲ့ မဟာမုန်တိုင်းကြီးတွေ၊ အပူလှိုင်းကြီးတွေ၊ မိုးခေါင်ရေကြီးတာတွေ ဖြစ်လာပါမယ်။ စိုက်ပျိုးရေး ပျက်စီးပြီး အစာရေစာ ခေါင်းပါးလာမယ်။ ဂေဟစနစ် ပျက်ပြီး ဗိုင်းရပ်စ်ပိုးသစ်တွေ အများအပြားပေါ်လာမယ်။ နိုင်ငံအချင်းချင်း ပဋိပက္ခတွေ ဖြစ်ပြီး စစ်ခင်းကြရပါလိမ့်မယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးလို့ ပညာရှင်တွေက သတိပေး‌နေကြတာပါ။ 

လူသားတွေ မျိုးတုံးပျောက်ကွယ်တဲ့အထိ ဆိုးကျိုးပေးနိုင်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို တားဆီးနိုင်ဖို့အတွက် ကာဗွန်ဓာတ်ငွေ့ကို တဝက်အထိ လျှော့ချဖို့လိုကြောင်း၊ ဒီလို လျှော့ချဖို့အတွက် ဆယ်နှစ်သာ အချိန်ရှိတော့တဲ့အကြောင်း၊ လူသားအားလုံး ပါဝင်လုပ်ဆောင်ကြမှ ဒီစိန်ခေါ်မှုကို ဖြေရှင်းနိုင်မှာဖြစ်တဲ့အကြောင်းပညာရှင်များက အကြံပြုထားပါတယ်ခင်ဗျား။ 

မြန်မာနိုင်ငံသားများအားလုံး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဘေးဆိုးကြီးမှ ကင်းဝေးနိုင်ကြပါစေ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024