Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ဂန့်ဂေါ တောင်ခင်ရန်းရဲစခန်း တိုက်ခိုက်ခံရ 
DVB
·
May 28, 2023
349577565_6349329908458314_1214410349043139999_n

‘မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်း ​ဒေသက ရွာ ၁၁ ရွာကို မီးရှို့နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို မေ ၂၇ ရက် နေ့လယ် ၂ နာရီလောက် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အား ၂၅၀ ဝန်းကျင်နဲ့ တောင်၊ မြောက်၊ အနောက်ဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးမီးရှို့နေတာလို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ရေလယ်ကျွန်းမှာ အင်အားအလုံးအရင်းနဲ့ ထိုးနေတဲ့စစ်ကြောင်းကို ချင်းတွင်းမြစ်အနောက်ဘက် လေးအိမ်တန်းကျေးရွာကနေ လက်နက်ကြီးပစ်ကူပေးနေတဲ့ အင်အား ၄၀ ပါ စစ်ကြောင်းပေါ့။ သူတို့က ကားနဲ့အပြန်မှာ ကျနော်တို့က ချောင်းပြီးတိုက်ခိုက်ခဲ့တာပါ။" 

ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နာရီဝက်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ရေစကြိုပကဖဘက်က အသာစီးရနေပေမယ့် ကျည်အင်အား မလုံလောက်တာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများပေမဲ့ အတိအကျတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ရေစ​ကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က မေ ၂၆ ရက်ကနေ ၂၇ ရက်အထိ ရွာစဥ်ပတ်မီးရှို့မှု​ကြောင့် မိဖုရား၊ လှေခုတ်၊ နွယ်နီ၊ ကြွယ်ကုန်း၊ ဆင်တဲ၊ ပေါက်အူ၊ မြေတော်၊ မြေစွန်း၊ ရေယှား၊ နန်းဦး စတဲ့ရွာတွေက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မေ ၂၆ ရက်ကလည်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် မိဖုရားရွာမှ အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ကုန်းရွာက ကလေးတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့၊ တောင်ခင်ရန်းနယ်မြေရဲစခန်းကို မေ ၂၄ ရက်ညနဲ့ ၂၅ ရက်ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး အရာရှိ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မေ ၂၆ ရက်မှာလည်း တောင်ခင်ရန်းရဲစခန်းဝင်းက ထွက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲနဲ့ ၁ နာရီလောက် တိုက်ပွဲဖြစ်ခဲ့ပေမဲ့ ပူးပေါင်းတပ်ဖွဲ့က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့  ABSDF Colour-3 စစ်ကြောင်းမှူး ရဲဘော်ဌေးမင်းက ပြောပါတယ်။ 

“ရန်သူဘက်က လှုပ်ရှားမှုတွေ တွေ့ရတယ်။ ကျနော်တို့ဘက်ကလည်း အရှိန်အဟုန်မြှင့် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲပါ။ စစ်ရေးအခြေအနေကတော့ တင်းမာနေတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024