Home
မြန်မာသတင်း
ကော့ကရိတ်နှင့်ပုလောတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်အချို့ ပျက်စီး
DVB
·
May 28, 2023

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ ကြာအင်းကုန်းကျေးရွာထဲကို မေ ၂၇ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်တပ်က လက်နက်ကြီးတွေ ထပ်မံပစ်ခတ်နေတာကြောင့် နေအိမ်တချို့ ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မှာ စစ်တပ်က လက်နက်ကြီးတွေကို နေ့ရောညပါ  ပစ်ခတ်နေတာကြောင့် လူနေအိမ်တွေ ပျက်စီးတာ၊ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးနေတာလည်း မနည်းတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

KNU တပ်မဟာ ၆ နယ်မြေထဲမှာက စစ်ကောင်စီတပ်နဲ့ KNU KNLA ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲတွေရှိနေပေမဲ့ စစ်တပ်ရဲ့  လေယာဥ်နဲ့လက်နက်ကြီး ပစ်နေတာဟာ သာမန်အရပ်သားတွေလည်း ထိခိုက်သေဆုံးနေတယ်လို့ KNU တပ်မဟာ၆ နယ်မြေခံတာဝန်ရှိသူ တဦးက ပြောပါတယ်။ 

မေ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က ကော့ကရိတ်အခြေစိုက် ခလရ-၉၇ အမြောက်တပ်က  ကြာအင်းကုန်းကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ ပထမ တလုံးက လယ်ကွင်းထဲ ကျရောက်ပေါက်ကွဲပြီး ၃ မိနစ်ခန့်အကွာ ဒုတိယတလုံးမှာ ရွာထဲက ဦးစောသိန်းရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ နေအိမ်နဲ့ အိမ်စီးကားတစီး ပျက်စီးသွားခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကရင်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ အများပြည်သူပိုင်လမ်းတွေကိုလည်း ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ မင်းပြင်ကျေးရွာမှာ မေ ၂၆ ရက်က စစ်တပ် လက်နက်ကြီးကြောင့် ၃ နှစ်သားကလေးအပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက  “လင်မယား ၂ ယောက်က ကြက်ခြံမှာ ကြက်စာကျွေးနေတာ။ လက်နက်ကြီးကျည် ထိပြီး မယားက ပွဲချင်းပြီး သေသွားတယ်။ ယောက်ျားကတော့ လက်နက်ကြီး ကျည်စတွေ ထိမှန် သွားတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကြက်ခြံအနီးနားက အိမ်မှာရှိတဲ့ ၃ နှစ်အရွယ် မိန်းကလေး တယောက်လည်း လက်နက်ကြီး ကျည်စထိမှန်ပြီး ဆေးကုသဖို့အသွား မြိတ်မရောက်ခင်မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အသက် ၃၀ အရွယ် မင်းပြင်ရွာသူ ဒေါ်တေဇာဝင်းကို မေ ၂၆ ရက်နဲ့ ၃ နှစ်အရွယ် မိန်းကလေးကိုတော့ မေ ၂၇ ရက်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မင်းပြင်ကျေးရွာနဲ့ ၂ မိုင်လောက်သာဝေးတဲ့ ပလရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024