
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ တုံချိန် Mei Sai ဟိုတယ်အနီး မေ ၂၇ ရက် ညနေပိုင်းက ရဲဝတ်စုံဝတ်ထားသူတွေနဲ့ ပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲဝတ်စုံဝတ်ထားသူ တယောက် နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦး "လောက်ကိုင်မှာ အချင်းချင်း ပစ်ခတ်ကြတာ။ ရဲဝတ်စုံ ဝတ်ထားတဲ့ သူတွေက ရဲအတုတွေ။ နှစ်ယောက်။ တယောက် ထိသွားတယ်။"လို့ ပြောပါတယ်။
ကိုးကန့်ဒေသရှိ လုပ်ငန်းလုပ်ကိုင်ကြတဲ့ သူဌေးတွေမှာ ကိုယ်ပိုင်ယူနီဖောင်းနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ရှိကြပြီး လုပ်ငန်းဆိုင်ရာ အမြင်မကြည်မှုတွေ ရှိလာတဲ့အခါ လက်အောက်ခံ ပြည်သူ့စစ်တွေကို ပစ်ခတ်ဖို့ စေခိုင်းလေ့ရှိတယ်လို့ သိရပါတယ်။
လောက်ကိုင်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်သူတဦးက "ဒီလိုဖြစ်စဉ်တွေက ရိုးနေပြီ။ သူဌေးချင်း လည်း ပစ်ကြတာပဲ။ ဟိုရက်က ဆိုင်မှာ စစ်သားနဲ့ရဲ ရန်ဖြစ်တာ သေနတ်တွေနဲ့ ချိန်ထားကြတာ။ ကိုယ့်မှာဘယ်ကို ပြေးရမလဲမသိဘူး"လို့ ဆိုပါတယ်။
ကားမှာပါတဲ့ သူဌေးနဲ့ အဲဒီက စီးပွားရေးသမားခေါင်းဆောင်တွေ စကားများရာက ပစ်ခတ်မှု ဖြစ်ပွားတာလို့ ဖြစ်စဉ်ဖြစ်ပွားတဲ့နားနေတဲ့ နောက်ထပ် ဒေသခံ တဦးက ပြောပါတယ်။
"အဲဒီ အိမ်မှာနေတဲ့ သူဌေးနဲ့ စကားများကြပြီးတော့ အဲဒီ အိမ်ကလူတွေ ဖြတ်လာတဲ့အချိန် စောင့်ကြို ပစ်ခတ်တာ။"
ပြည်သူ့စစ်နဲ့ နယ်မြေထိန်းရဲနဲ့ ပစ်တာဖြစ်ပြီး နယ်မြေထိန်းရဲဆိုတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ မဟုတ် ဘဲ သူဌေးတွေရဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး အကာအကွယ်ပေးတဲ့ သူတွေလို့ သိရပါတယ်။
လောက်ကိုင်မှာ သူဌေးအချင်းချင်း အမြင် မကြည်လို့လည်း ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသလို ပြည်သူ့စစ် အချင်းချင်းလည်း ပစ်ခတ်တာတွေရှိနေပြီး အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်း ထုတ်ပြန်တာ မရှိပါဘူး။
ပြည်သူ့စစ်ဝင်ရောက်လုပ်ကိုင်သူတွေဟာ လစာကောင်းကြပြီး စဝင်ချင်း တရုတ်ယွမ်ငွေ ၃၀၀၀နဲ့ တဖြေးဖြေး လစာတိုးလေ့ရှိကာ ဒီအလုပ်ကို လောက်ကိုင်မြို့ခံ မဟုတ်တဲ့ တခြားမြို့က လာရောက်လုပ်ကိုင်ကြသူတွေ ပိုများပါတယ်။
လောက်ကိုင်မြို့မှာ တရုတ်နိုင်ငံသား မှောင်ခိုလုပ်ငန်းရှင်တွေ အများအပြား ရင်းနှီးမြှုပ်နှံထားတဲ့ လောင်းကစားဝိုင်းတွေနဲ့ လိမ်လည်တဲ့ ကုမ္ပဏီတွေမှာ ပြည်သူ့စစ်တွေက အငှား လုံခြုံရေးတွေအဖြစ် လုပ်ကိုင်နေကြပါတယ်။