
ယူကရိန်းနိုင်ငံအရှေ့ပိုင်း နီးပရိုမြို့က ဆေးခန်းတခုကို မေ ၂၆ ရက်က ရုရှားဒုံးကျည်တစင်း ထိမှန်ခဲ့ရာမှာ လူ ၂ ဦး သေဆုံးပြီး အယောက် ၃၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
နီးပရို မြို့တော်ဝန် ဘိုရီစ် ဖှီလာတို့ဗ် က စိတ်ပိုင်းဆိုင်ရာဆေးခန်းတစ်ခုနဲ့ တိရစ္ဆာန်ဆေးကုခန်းတစ်ခု ထိခိုက်ခဲ့ကြောင်း ပြောပါတယ်။
အသက် ၆၉ နှစ်အရွယ် အမျိုးသားတဦးဟာ ဆေးခန်းကို ဖြတ်သွားရင်း သေဆုံးခဲ့ပြီး တခြားအမျိုးသား တဦးရဲ့အလောင်းကို အပျက်အစီးတွေကနေ ဆွဲထုတ်သွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကလေးငယ် ၂ ဦး အပါအဝင် လူ ၃၀ ဒဏ်ရာရခဲ့ပြီး ဒုံးကျည် ထိမှန်ချိန်မှာ အဆောက်အအုံအတွင်းမှာ ရှိနေတယ်လို့ ယူဆရတဲ့ လူ ၃ ဦးနဲ့ အဆက်အသွယ် မရရှိသေးကြောင်းလည်း သူတို့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို သမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီး က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု လို့ တွစ်တာမှာ ရေးထားပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုကို ဂျီနီဗာကွန်ဗင်းရှင်းအောက်ရှိ ပြင်းထန်တဲ့ စစ်ရာဇ၀တ်မှုလို့ ခေါ်ဆိုခဲ့ပါတယ်။
ဂျီနီဗာကွန်ဗင်းရှင်းဟာ စစ်ပွဲမှာ စစ်သားတွေနဲ့ အရပ်သားတွေကို ဘယ်လိုဆက်ဆံရမယ် ဆိုတာကို ချမှတ်ထားတာပါ။
မော်စကိုကတော့ သူ့စစ်သားတွေဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ကို ပယ်ချခဲ့ပြီး အရပ်သားတွေကို ပစ်မှတ်ထားတယ် ဆိုတာကိုလည်း ငြင်းဆိုထားပါတယ်။