
(က)
ရေနွေးကြမ်းဝိုင်းမှာ တိတ်ဆိတ်လျက်ရှိ၏။ ၂၄ နာရီထဲမှာ မီးလာချိန် ၂ နာရီခန့်လေးအတွင်း အူယားဖားယား အပြေးအလွှား အားသွင်းထားကြရသော ဖုန်းများကိုဖွင့်ကာ သတင်းစစ် သတင်းမှန်များကို ရှာဖွေဖတ်ရှုနေကြ၍ ဖြစ်ပါ၏။ စကားမပြောဖြစ်ကြ။
လျှပ်စစ်မီးကား သုံးစား၍မရတော့လောက်အောင်အထိ အပျက်ကြီးပျက်နေသည်မှာ လပေါင်းများစွာမှ များစွာ။ နေ့ပိုင်း တနေကုန် လုံးဝမလာတော့ဘဲ ညဉ့်နက်သန်းခေါင် အိပ်ချိန်ကျမှ မဝတဝလေး ပေးနေလေရာ ပြည်သူလူထုမှာ ဒုက္ခအပေါ် ဒုက္ခဆင့်လျက် ဒုက္ခတွင်းနက်နက်ထဲမှာ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းနှင့် ပြည့်စုံကြွယ်ဝနေကြပါလေတော့၏။
“တောက်”
ရုတ်တရက် တောက်ခေါက်လိုက်သူမှာ အဘစောမူးသာဖြစ်ပြီး ဒေါသမျက်နှာ မဟုတ်မူဘဲ ပြုံးစပ်စပ်နှင့် ဖြစ်နေတာကို ထူးဆန်းစွာ မြင်ရပါလေ၏။ စစ်ပြန်ကြီး အဘလုံးတုံးနှင့် လေရှီးက ဖေကြီးတို့ စိတ်ဝင်စားလို့ သွားပါ၏။
“ဟကောင် မူးသာ . . ‘တောက်’ သာခေါက်တယ်၊ မျက်နှာကြီးက ပြုံးဖြီးဖြီးနဲ့”
“ဟားဟား ဟားဟား ဟားဟား . . . . လိုင်းပေါ်က ကဗျာလေးတွေ ကောင်းလွန်းလို့ အရသာရှိလွန်းလို့ သဘောကျလွန်းလို့ပါ တောကြက်ကြီးလုံးတုံးရာ”
သို့ဖြင့် လိုင်းပေါ်က သူကြိုက်နှစ်သက်သည့် ဆရာညီမင်းညို၏ ‘၃၁ ဘုံထဲက သုံးပုံတစ်ပုံ ဘုံ’ ဟု အမည်ရသည့် ကဗျာကလေးကို ရွတ်ပြချင်ဟုဆိုလေရာ ကျွန်ုပ်တို့ကလည်း အားရဝမ်းသာစွာ အားပေးကြပါ၏။ သည်အဘနှစ်ဦးကား သီချင်းအဆိုတင် ကောင်းတာမဟုတ်၊ ကဗျာရွတ်တာမှာပါ တကယ်ကောင်းတာ။
“၂ နာရီကြာ လာပြီး
၄ နာရီကြာ ပျက်မယ်
ကြောက်ခေတ်လူသားများ
နေ့တစ်နေ့ရဲ့ သုံးပုံတစ်ပုံ
မီး သုံးစွဲကြပုံ၊
အရင်က
ကြက်ဥတစ်လုံး တစ်ရာကျပ်
အခု သုံးရာကျပ်
တစ်ယောက်တည်း ၃ လုံး စားနိုင်ရာက
အခု
၃ ယောက် တစ်လုံး ပြောင်းစားကြရ၊
လူ့သက်တမ်း ၇၅ နှစ်မှာ
လုယူသူတွေရဲ့ ရူပ က
အလုခံရသူတွေရဲ့ ဇီဝထက်
ဘာလို့ ပိုပြီး ရှည်ကြာနေရတာလဲ၊
ငါတို့ဟာ
ခေါင်းဆောင်ကောင်းနဲ့အတူ
လူဆိုးလူမိုက်ကိုပါ တွဲယူခဲ့ကြရတဲ့
ကံဆိုးသူ မျက်နှာမွဲ နိုင်ငံသားများ၊
ဒီအချိန်မှာ
လုပ်စရာက တစ်ခုပဲ ရှိတော့တယ်
အဲဒါက
အဲဒီလုပ်စရာကို
မြန်မြန်ဆန်ဆန် လုပ်ကြဖို့ပဲ”
“အဲ . . . အရသာရှိလိုက်တာကွာ”
“ပြီးရင် ထမင်းစားကြမယ်၊ ဟင်းကတော့ ကြက်ဥပဲ၊ ၃ ယောက် တလုံး၊ ‘ရာရှင်’ နဲ့”
“ဟားဟား ဟားဟား ဟားဟား . . .”
(ခ)
ဒီနေ့ထမင်းဝိုင်းမှာ တကယ်ပင် ကြက်ဥပြုတ်ဟင်း ဖြစ်ပါ၏။ ကြက်ဥပြုတ်ကို လှီး၍ ကြက်သွန်နီ ကြက်သွန်ဖြူတို့နှင့် သုပ်ကာ ရေနွေးကြမ်းနှင့် မျှောချကြပါ၏။
“စားသာစား . . . အားမနာနဲ့ လုံးတုံးနဲ့ ဖေကြီးတို့ရေ . . . ‘ဟင်းချို’ သောက်ချင်ရင်တော့ ‘ကြက်ဥပြုတ်ရည်’ ရှိတယ်”
“ဟားဟား ဟားဟား ဟားဟား . . .”
ထမင်းစားပြီးတော့ စကားဝိုင်းဆက်ကြပါ၏။ အဘစောမူးသာက ပြောပါ၏။ ကြင်စိုး သာဝ မအလဟာ တနိုင်ငံလုံးကပို့သတဲ့ မေတ္တာတွေကြောင့် ‘သေပြီးသားလူ’ ဖြစ်ကြောင်း၊ အာဆီယံနဲ့တကွ ခြံနီးချင်း ကုပ်သွေးစုပ် ပေါက်ဖော်ပထွေး ဆရာတရုတ်ကြီးတို့ကနေ ပြန်ပြီး ‘အသက်သွင်း’ ဖို့ ကြိုးစားနေကြတာကိုမြင်ရတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ‘ကျားသေ’ ဆိုတဲ့ ကဗျာလေးကို ထပ်ပြီး ရွတ်ချင်လာကြောင်း ပြောပါလေ၏။
“ရွတ်ပါကွာ . . . ကြိုက်သလောက်သာရွတ်ပါ၊ ညနေစာအတွက် ကြက်ဥအစိမ်းတွေရှိသေးတာ ငါတွေ့ထားပြီးသား”
“ဟားဟား ဟားဟား ဟားဟား . . .”
သို့ဖြင့် အဘစောမူးသာမှာ ရေနွေးကြမ်းတခွက်ကို မော့ပြီး လည်ချောင်းရှင်းလိုက်ကာ အသံနေ အသံထား ကောင်းကောင်းနှင့် ‘ကျားသေ’ ကို ‘ရွတ်’ ပြပြန်ပါလေ၏။
“ရွာကနွားလည်း
ကျားဆွဲခံရ
ပြန်မရတော့။
တောင်ယာစိုက်ခင်း
နင်းချေဖျက်ဆီး
သီးပင်စားပင်
ကျားဝင်လို့ဖျက်
မွမွညက်ကြေ။
တစ်ညသ၌
ညမိုက်မှောင်စဉ်
ကျားဝင်ပြီးဆွဲ
အတင့်ရဲတော့
ရွာထဲလူကုန်
ဓားလှံစုံဆွဲ
ခုခံပွဲမှာ
ကျားရဲအသက်သေလေ၏။
ဆေးဆရာက
ဂါထာမန္တန်
အမိန့်ပြန်ရင်း
အသက်သွင်းရန်
ချက်ချင်းကြံနေ
ရွာသားတွေက
ကျားရေခွာလို့ ပြီးကာနီး”
ကဗျာရွတ်သံပြီးတော့ လက်ခုပ်တီးဖြစ်ကြပါလေ၏။ စစ်ပြန်ကြီး အဘလုံးတုံးက ဤသို့ သုံးသပ်ပြပါ၏ ခင်ဗျာ။
“ဆေးဆရာ တရုတ်ကြီးတော့ မအလ အသက်ပြန်ရှင်ဖို့ရာ ဦးသန်းရွှေတို့ ဦးသိန်းစိန်တို့နဲ့ ဖုတ်ပူမီးတိုက် လာတွေ့သွားတာပဲ”
“ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ . . . ဒီလိုဆိုတော့လည်း ဟိုသီချင်းလေးကိုတောင်မှ သတိရပါ့ကွာ”
“ဘယ်သီချင်းလဲ မူးသာရဲ့”
“‘ရလိမ့်မယ်တော့ မထင်နဲ့ . . ရလိမ့်မယ်တော့ မထင်နဲ့’ . . . ဆိုတာလေကွာ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
ရေနွေးကြမ်းဝိုင်းက လက်ဘက်သုပ်ထဲမှာလည်း ‘ကြက်ဥပြုတ်’ ကို လှီးထည့်ထား၍ အရသာ တွေ့ပါလေ၏။ လက်ဘက်သားတွေကြားမှာကား ကြက်ဥအစကလေးတွေကို ဟိုတဖတ် သည်တဖတ် မြင်ရပါလေ၏။
“နင့်လက်ဘက်သုပ်ထဲက ကြက်ဥဖတ်ကလည်း တိုရေရှားရေဟာ”
“ခေတ်ကာလအခြေအနေအရပေါ့ လုံးတုံးရာ . . အထောက်အပံ့ကောင်းကောင်းရရင် နောက်ဆို နင်တို့ကို ဝဝလင်လင် ကျွေးပါ့မယ်၊ ပေးပါ့မယ်ကွာ”
“အဲသည်လို အထောက်အပံ့ကောင်းကောင်းရမယ့်နေ့ကို လက်ချိုးရေလို့ မျှော်နေပါ့မယ် မူးသာရယ်”
“ဟားဟား ဟားဟား ဟားဟား . . . . . .”
သည် အရွှင်အဘတွေသည်ကား မည်မျှပင် ဒုက္ခတွင်းထဲမယ် ကျပ်တည်းနေပါစေ၊ ထွက်ပေါက်တွေ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ထားကြသည့်လူတွေပါ။ သူတို့နှင့်ဆုံချိန်များမတော့ စိတ်ပန်းလူပန်း အထွေထွေမွန်းကျပ်မှုတွေဟာဆိုရင်ဖြင့် ခေတ္တဖြစ်ဖြစ် ‘လစ်’ သွားပြီး လူပေါ့ပါးသွားတာကတော့ အမှန်ပါ။
“အဲ . . . အထောက်အပံ့ကောင်းကောင်းမရလို့ ငါတို့ကို ကောင်းကောင်း မဖြည့်ဆည်းနိုင်သေးဘူး ဆိုတော့ ဆရာအောင်ဝေးရဲ့ ကဗျာတပုဒ်ကိုတောင်မှ သွားသတိရမိတယ်”
သည်တခါ အလှည့်ကျသူကတော့ စစ်ပြန်ကြီး အဘလုံးတုံး ထင်ပါ၏။ သူက ဆရာအောင်ဝေး၏ကဗျာကို သူ့ဖုန်းထဲမှာ ပြန်၍ရှာနေပါ၏။ သိပ်မကြာခင် တွေ့ပြီဟဟု ဆိုကာ ကဗျာခေါင်းစဉ်ကို ပြောပြပါ၏။
“‘စွန့်သူ’ တဲ့ကွ ခေါင်းစဉ်လေးက”
“အေးကွာ . . ကြက်ဥလေး မဖြစ်စလောက်သာပါတဲ့ ငါ့လက်ဘက်သုပ်ကလေးကို စားပြီး ရွတ်ပြပေတော့ဗျား”
“ဟားဟား ဟားဟား ဟားဟား . . . . .”
အဘလုံးတုံးလည်း ရေနွေးကြမ်းခါးခါးကို မော့ချလိုက်ပြီး လည်ချောင်းရှင်းလိုက်ပါ၏။ ပြီးသည့်အခါ ‘စွန့်သူ’ အမည်ရ ကဗျာကလေးကို အပိုအလိုမရှိ ကွက်တိ ဋ္ဌာန်ကရိုဏ်းကျစွာ ဘယ်သံအလုံးကြီးကြီးဖြင့် ရွတ်ချပါလေတော့၏ ခင်ဗျာ။
“နေဝင်းခေတ်မှာ
လူဖြစ်ရတဲ့ အရသာ။
အလုပ်သမားတွေက
ဆန်တောင်းတော့
စစ်တပ်က
ကျည်ဆန်ပေးတယ်။
အခုနွေဦးက
ကျည်ဆန်တောင်းနေတာပါ
ဆန်မပေးပါနဲ့။
စားစရာရှိလည်း
ပစ်စရာမရှိရင်
ခေတ်ကို ဘယ်လိုရင်ဆိုင်မလဲ။
အစာအိမ်တစ်ခုတည်းနဲ့
တိမ်ပေါ်အထိလိုက်လို့
မဖြစ်ဘူးလေ။
ချစ်အားမငယ်ပါဘူး
ပစ်အားငယ်ရသူတွေပါ။
ကျနော်တို့
ကျမတို့
မစားပဲ စွန့်ပါရစေ”
“ကောင်းတယ် လုံးတုံးရာ . . . ‘ပစ်စရာမရှိရင် ခေတ်ကိုဘယ်လိုရင်ဆိုင်မလဲ’ တဲ့”
“အဲသည်တော့ကာ ဘာလုပ်ရမလဲပရိသတ်”
“အချိန်ရတိုင်း ‘ကလစ်’ လုပ်ရပါမယ် ခင်ဗျား”
“ဟားဟား ဟားဟား ဟားဟား . . . . . .”
သို့ဖြင့် ဖေကြီးတို့ သုံးဦးသားမှာ အချိန်ကို အလကားမဖြစ်စေဘဲ ‘Click’ ကြပါလေတော့၏ ခင်ဗျား။ ။
ဖေကြီး (လေရှီး)