Home
ဆောင်းပါး
ဆီးဂိမ်းစ်ပြိုင်ပွဲကို အဆင့်မီပြိုင်ပွဲအဖြစ် အမှန်တကယ် ပြောင်းလဲနိုင်တော့မှာလား
DVB
·
May 26, 2023

ဆီးဂိမ်းစ်လို့ အတိုကောက်ခေါ်ကြတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွေ ပြီးဆုံးတိုင်းမှာ ဝေဖန်မှုနဲ့ အငြင်းပွားဖွယ်ရာကိစ္စတွေက ထွက်ပေါ်လာစမြဲပါပဲ။ အခုနှစ် မေလအတွင်းမှာ ကျင်းပပြီးစီးခဲ့တဲ့ ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းစ်မှာလည်း အလားတူ ဝေဖန်မှုတွေ၊ အငြင်းပွားမှုတွေနဲ့ တရားမျှတမှု မရှိတာတွေ ထွက်ပေါ်ခဲ့တယ်။ အထူးသဖြင့် အိမ်ရှင်နိုင်ငံတွေဘက်က ရွှေတံဆိပ်ပိုမိုရရှိရေးအတွက် ရတဲ့နည်းလမ်းနဲ့ တတ်နိုင်သမျှ ကိုယ့်အိတ်ထဲ ဖိတ်အောင်လုပ်ပြီး မြင့်မားတဲ့ အဆင့်ရပ်တည်မှု လိုချင်ကြတဲ့ အကျိုးဆက်တွေကြောင့်ပါပဲ။ အိုလံပစ်နဲ့ အာရှအားကစားပွဲက ပြိုင်ပွဲအမျိုးအစားတွေထက် စာရင် ရိုးရာအားကစားနည်းတွေကို ထည့်သွင်းပြီး ရွှေတံဆိပ်အများအပြား ပေးတာတွေက ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ မူလရည်မှန်းချက်နဲ့ သွေဖည်နေပြီး နိုင်ငံတကာနဲ့ယှဉ်ရင် အဆင့်အတန်း နိမ့်ပါးခဲ့ရတယ်။ ဒါ့အပြင် အမှတ်နဲ့ဆုံးဖြတ်ရတဲ့ အားကစားပြိုင်ပွဲတွေမှာ တရားမျှတမှု မရှိတာ၊ အိမ်ရှင်နိုင်ငံက ဆုတံဆိပ်ပိုမိုရရှိစေဖို့ မသမာတဲ့နည်းလမ်းတွေနဲ့ ပြိုင်ပွဲစည်းမျဉ်းတွေကို ပြောင်းလဲကျင်းပတာမျိုးတွေဟာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကျဆင်းစေခဲ့တယ်။

အိုလံပစ်အားကစား

ကမ္ဘောဒီးယားဆီးဂိမ်းစ်မှာ အိမ်ရှင်နိုင်ငံက ရွှေတံဆိပ် ၈၁ ခုအထိ ရရှိခဲ့ပေမဲ့ အိုလံပစ် အားကစားနည်းတွေကနေ ရွှေတံဆိပ်ရရှိခဲ့တာက ၁၁ ခုသာရှိပါတယ်။ အဆင့်တစ် နေရာမှာ ရွှေတံဆိပ် ၁၃၆ ခုနဲ့ ရပ်တည်နိုင်ခဲ့တဲ့ ဗီယက်နမ်အားကစားအဖွဲ့ဟာလည်း အိုလံပစ် အားကစားနည်းတွေနဲ့သာ ရေတွက်မယ်ဆိုရင် ရွှေတံဆိပ် ၄၈ ခုပဲ ရခဲ့တာဖြစ်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံက အားကစားအဖွဲ့တွေအတွက် ဆိုရင်တော့ ပိုလို့တောင် အခြေအနေ ဆိုးရွားခဲ့တယ်။ မြန်မာအားကစားအဖွဲ့ဆိုရင်လည်း ရွှေတံဆိပ် ၂၁ ခုအထိ စံချိန်တင် ရရှိခဲ့တယ်ဆိုပေမဲ့ အိုလံပစ်အားကစားနည်းကနေ ရွှေတံဆိပ်ရရှိခဲ့တာက အလေးမပြိုင်ပွဲကနေ ရရှိခဲ့တဲ့ ရွှေတံဆိပ်တခုသာ ရှိပါတယ်။ လာအို၊ တီမောနဲ့ ဘရူနိုင်းအားကစားအဖွဲ့တွေဆိုရင် အိုလံပစ်အားကစားနည်းတွေမှာ ရွှေတံဆိပ် တခုမှမရခဲ့ကြပါဘူး။ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒို၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့တောင် အိုလံပစ်အားကစားနည်းတွေကနေ ရွှေတံဆိပ်ရရှိနိုင်မှုက ၃၅ ရာခိုင်နှုန်းဝန်းကျင်တွေပဲရှိပြီး စင်ကာပူနိုင်ငံကပဲ ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်။ ဒါ့အပြင် မြားပစ်၊ သေနတ်ပစ်၊ မြင်းစီး၊ အနောက်တိုင်းလှေလှော်၊ ကနူးကယက်လှေ စတဲ့ အိုလံပစ်အားကစားနည်းတွေကိုတော့ ထည့်သွင်းကျင်းပခြင်း မရှိခဲ့တာ ဖြစ်တယ်။

ပြိုင်ပွဲအမျိုးအစား စည်းမျဉ်း

ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ထည့်သွင်းရမယ့် အခြေခံစည်းမျဉ်းတွေ သတ်မှတ်ထားရှိပြီးသားဖြစ်ပေမဲ့ အိမ်ရှင်နိုင်ငံတွေက လိုအပ်သလို ပြောင်းလဲပြင်ဆင်ကြတာကြောင့် တိကျတဲ့စည်းမျဉ်းတွေ ရှိဖို့တော့ လိုပါတယ်။ လက်ရှိ စည်းမျဉ်းတွေအရ အမျိုးအစား ၁ မှာ ပြေးခုန်ပစ်နဲ့ ရေကူးပြိုင်ပွဲ အမျိုးအစားတွေကို မဖြစ်မနေ ထည့်သွင်းကျင်းပဖို့ သတ်မှတ်ထားပြီး အမျိုးအစား ၂ မှာတော့ အိုလံပစ်နဲ့ အာရှအားကစားပြိုင်ပွဲတွေက အားကစားနည်း အနည်းဆုံး ၁၄ မျိုး ထည့်သွင်းကျင်းပရမယ်လို့ သတ်မှတ်ထားတယ်။ အမျိုးအစား ၃ မှာတော့ ရိုးရာအားကစားတွေနဲ့ ဒေသတွင်း အားကစားပြိုင်ပွဲ ၈ မျိုးအထိ ထည့်သွင်းကျင်းပနိုင်ကြောင်း သတ်မှတ်ထားတယ်။ ဒါပေမဲ့ ရိုးရာအားကစားနည်းတွေမှာ ရွှေတံဆိပ် ဘယ်လောက်အထိ ပေးရမလဲ ဆိုတာမျိုးလို တိကျတဲ့ စည်းမျဉ်းသတ်မှတ်ချက်တော့ မရှိသေးပါဘူး။ ဒီအချက်တွေကို အိမ်ရှင်နိုင်ငံတွေက အသုံးချပြီး ရိုးရာအားကစားနည်းတွေမှာ ရွှေတံဆိပ်တွေ အများကြီး ပေးလေ့ရှိကြတာပါ။

ကမ္ဘောဒီးယား ဆီးဂိမ်းစ်မှာလည်း ရိုးရာအားကစားနည်းတွေဖြစ်တဲ့ ဗိုဗီနမ်၊ ခွန်ခမာ၊ ကစ်ဘောင်ဆင်၊ ခွန်ဘိုကာတာ၊ အားနစ်၊ ဂျူဂျစ်ဆု၊ ပန်ကြပ်ဆီလတ်၊ ပီတန်း အစရှိတဲ့ ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်စုစုပေါင်း ၁၅၀ ကျော်တဲ့အထိ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲအမျိုးအစားတွေကို လိုအပ်သလို စိတ်ကြိုက်ထည့်သွင်းခဲ့တာ ဖြစ်တယ်။

အဆင့်မီပြိုင်ပွဲအသွင် ပြောင်းလဲနိုင်မလား

ဆီးဂိမ်းစ်ပြိုင်ပွဲဟာ ဒေသတွင်း အဆင့်မြင့်ဆုံး အားကစားပြိုင်ပွဲဖြစ်ပေမဲ့ အဆင့်အတန်း နိမ့်ကျနေတာကို သိမြင်လာကြတဲ့ တာဝန်ရှိသူတွေဟာ လာမယ့် ၂၀၂၅ ထိုင်း ဆီးဂိမ်းစ်ပြိုင်ပွဲကနေ စတင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ဖို့ စီစဉ်ထားကြပါပြီ။ အမျိုးအစား ၁ မှာ ပြေးခုန်ပစ်နဲ့ ရေကူးအပြင် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲက အားကစားနည်း အနည်းဆုံး ၁၀ မျိုးပါ မဖြစ်မနေ ထည့်သွင်းကျင်းပရတော့မှာပါ။ ဒါ့အပြင် အမျိုးအစား ၂ အောက်ကနေ တိုကျိုအိုလံပစ်မှာ ထည့်သွင်းကျင်းပခဲ့တဲ့ နောက်ထပ် အိုလံပစ် အားကစားနည်း ၁၀ မျိုးပါ ထည့်သွင်းကျင်းပဖို့ သတ်မှတ်ထားတယ်။ အမျိုးအစား ၃ မှာတော့ ၂၀၂၃ ပြိုင်ပွဲအထိ ရိုးရာနဲ့ ဒေသတွင်းအားကစားနည်းတွေကို ၈ မျိုးအထိ ထည့်သွင်းကျင်းပနိုင်တာကနေ ၄ မျိုး လျှော့ချတော့မှာ ဖြစ်တယ်။ လာမယ့်သုံးကြိမ်အထိ အိမ်ရှင်နိုင်ငံတွေကလည်း ထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေ ဖြစ်တာကြောင့် သူတို့ကိုယ်တိုင်က စတင်ပြီး ဆီးဂိမ်းစ်ပွဲတော်ကို အဆင့်မီပြိုင်ပွဲပုံစံအဖြစ် ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်။

“လာမယ့်ဆီးဂိမ်းစ်တွေမှာ အိုလံပစ်နဲ့ အာရှအားကစားပြိုင်ပွဲက အားကစားနည်းတွေ ပိုမိုပါဝင်လာမှာဖြစ်တယ်။ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်လာလိမ့်မယ်။ ဒီလို စဉ်ဆက်မပြတ် လုပ်ဆောင်သွားမယ်ဆိုရင် ကမ္ဘာ့အဆင့်အထိ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ရရှိလာလိမ့်မယ်လို့ မျှော်လင့်တယ်” လို့ စင်ကာပူ အမျိုးသားအိုလံပစ်ကောင်စီ အတွင်းရေးမှူး ခရစ္စချမ်းက ပြောသွားပါတယ်။

၂၀၂၅ ထိုင်း ဆီးဂိမ်းစ်ကနေ စတင်မယ့် ဒီအစီအစဉ်ဟာ ဝါးလုံးခေါင်းထဲမှာပဲ လသာနေကြတာကို ဖောက်ထွက်ပြီး အဆင့်မီပြိုင်ပွဲအသွင်ဖြစ်လာဖို့၊ အရှေ့တောင်အာရှ အဆင့်ကနေ အာရှနဲ့ ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေက အမီလိုက်လုပ်နိုင်ပြီး ဘယ်နိုင်ငံတွေက ကျန်ရစ်ခဲ့မလဲ ဆိုတာကတော့…။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024