Home
ဆောင်းပါး
ရေပန်းစားနေသည့် ထိုင်းဝန်ကြီးချုပ်လောင်း ဖိထားနှင့် စိန်ခေါ်မှုများ 
နန်းမြနဒီ
·
May 26, 2023

လတ်တလော ထိုင်းနိုင်ငံမှာ နိုင်ငံရေးရေချိန် မြင့်တက်နေတာနဲ့အတူ အနိုင်ရပါတီက ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းထားတဲ့ Move Forward Party ခေါင်းဆောင် ထိမ်း ဖိထား လိုမ့်ကျရွန်းရတ်ဟာလည်း အထူးရေပန်းစားနေပါတယ်။

သူဟာ လွှတ်တော်ထဲမှာ အတိုက်အခံပါတီဘက်ကနေပြီး စစ်အစိုးရရဲ့ အားနည်းချက်တွေကို ချက်ကျလက်ကျ ရဲရဲဝံ့ဝံ့ ထောက်ပြဝေဖန်ခဲ့လို့ ထိုင်းပြည်သူတွေကြားမှာ လွှတ်တော်ရဲ့ ကြယ် ၁ ပွင့်အဖြစ် ထင်ရှားပြီး ၂၀၂၃ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာတော့ သူ့ရဲ့ နုပျိုခန့်ငြားတဲ့ရုပ်ရည်၊ ပြတ်သားရဲဝံ့တဲ့ အပြောအဟော၊ ဖော်ရွေရင်းနှီး ဆက်ဆံတတ်မှုတွေ၊ ပါတီရဲ့ ဆန်းသစ်တဲ့ဒီဇိုင်းတွေကြောင့် ထိုင်းနိုင်ငံတဝန်း ပိုမိုကျော်ကြားလာရုံမက နိုင်ငံခြားသတင်းတွေမှာလည်း ရေပန်းစားခဲ့ပါတယ်။

သူသွားလေရာ နေရာတိုင်းမှာ အဆိုတော်၊ ရုပ်ရှင်မင်းသားတယောက်လို လူတွေ ဝိုင်းအုံအားပေးတာ ခံရတာနဲ့ပတ်သက်လို့ သတင်းထောက်က သူ့ရဲ့ရုပ်ရည်ကြောင့်လား၊ အပြောအဟောကြောင့်လားလို့ မေးမြန်းရာမှာ သူက “ထိုင်းပြည်သူတွေဟာ စစ်အာဏာရှင် လက်အောက်မှာ နေခဲ့ရတာကို ညည်းငွေ့ပြီး အသွင်ကူးပြောင်းရေးကို လိုလားလို့၊ နိုင်ငံရေး အမြင်ကျယ်လာလို့သာ သူတို့ပါတီကို အားပေးနေတာဖြစ်တယ်၊ ကျနော့်ရုပ်ရည်နဲ့ မဆိုင်ဘူး” လို့ ဖြေကြားခဲ့ပါတယ်။

ထိုင်းပြည်သူတွေကြား ရေပန်းစားတဲ့ ဖိထား လိုမ့်ကျရွန်းရတ်ဟာ နိုင်ငံရေးမိသားစု အသိုင်းအဝိုင်းကပဲ ဆင်းသက်လာပါတယ်။ ၁၉၈၀ ပြည့်နှစ် စက်တင်ဘာ ၅ ရက်နေ့ ဘန်ကောက်မှာမွေးဖွားပြီး ဖခင်ဖြစ်သူမှာ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် အစိုးရ လက်ထက်က စိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာန အတိုင်ပင်ခံ နိုင်းဖုန်းဆဒ် လိုမ့်ကျရွန်းရတ်နဲ့ မိခင်မှာ နန်းလိလ်ဒါ လိုမ့်ကျရွန်းရတ်တို့ ဖြစ်ပါတယ်။ ဦးလေးဖြစ်သူမှာ အဲဒီအစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးလည်း ဖြစ်ပါတယ်။

သူဟာ ဘန်ကောက် ခရစ္စတင်းကောလိပ်မှာ မူလတန်းပညာသင်ကြားပြီး ဆိုးသွမ်းတာကြောင့် အသက် ၁၁ နှစ်အရွယ်မှာ ဖခင်ဖြစ်သူက နယူးဇီလန်နိုင်ငံမှာ ကျောင်းသွားထားလိုက်ပါတယ်။ အဲဒီမှာ ကျောင်းအိပ်ကျောင်းစားအနေနဲ့ မဟုတ်ဘဲ နယူးဇီလန် သာမန်မိသားစုအိမ် တအိမ်ကနေ ကျောင်းတက်ပြီး တဖက်က သတင်းစာပို့၊ စတော်ဘယ်ရီခူး၊ ခွေးထိန်းသမားစတဲ့အလုပ်လုပ်ကာ ကိုယ်ပိုင်ဝင်ငွေရှာတတ်အောင် ဖခင်က လေ့ကျင့်ပေးခဲ့ပါတယ်။

နယူးဇီလန်မှာ အထက်တန်းအောင်ပြီးတာနဲ့ ထိုင်းကိုပြန်လာပြီး ဘန်ကောက် ထမဆတ် တက္ကသိုလ်မှာ စာရင်းကိုင်ဘာသာရပ်နဲ့ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ ရခဲ့ပါတယ်။ ကျောင်းပြီးတာနဲ့ Boston Consulting Group ကုမ္ပဏီမှာ အတိုင်ပင်ခံအဖြစ်လည်းကောင်း၊ Grab Thailand ကုမ္ပဏီမှာ အမှုဆောင်ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ဆု (ထိုင်းကျောင်းသားထဲမှာ ပထမဆုံး) နဲ့ Master Of Public Policy (MPP) ဘွဲ့ကိုလည်းကောင်း၊ မက်ဆာချူးဆက်တက္ကသိုလ်မှ Master Of Business Administration (MBA) ဘွဲ့ကို လည်းကောင်း ရရှိခဲ့ပါတယ်။

သူ နိုင်ငံခြားမှာရှိနေစဉ် ဖခင်ဖြစ်သူက ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားပြီး မိဘလက်ငုတ်လက်ရင်း ဖွဲနုဆီထုတ်လုပ်ရေး CEO Rice Bran ကုမ္ပဏီကို ဆက်လက်တာဝန်ယူဖို့ သားကြီးဖြစ်တဲ့ သူ့ခေါင်းပေါ်ကို တာဝန်ကျလာပါတယ်။

သူစပြီးတာဝန်ယူရတဲ့အချိန် ကုမ္ပဏီအရှုံးပေါ်ပြီး အကြွေးဘတ်သန်းပေါင်း ၁၀၀ ကျော် ရှိနေပါတယ်။ အဲဒီနောက် ဘတ်သန်းပေါင်း ၈၀ အကြွေးထပ်ယူပြီး ကုမ္ပဏီလုပ်ငန်း ပြန်လည် ထူထောင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ လက်ရှိမှာ အကြွေးတွေအကုန်ကျေပြီး ကုမ္ပဏီလည်ပတ်ငွေ ဘတ်သန်းပေါင်း ၁,၀၀၀ ကျော်ကာ နိုင်ငံခြားကို  ဖွဲနုဆီထုတ်လုပ်တင်ပို့မှု တတိယအများဆုံးကုမ္ပဏီအဖြစ် အောင်မြင်လျက်ရှိပါတယ်။ အသက် ၂၅ နှစ်ရွယ်မှာ အကြွေးသန်းပေါင်း ၁၀၀ ကနေ အမြတ် သန်းပေါင်း ၁,၀၀၀ ထိရအောင် ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့သလဲ ဆိုတဲ့အကြောင်းကို ထိုစဉ်က ထိုင်းရုပ်သံသတင်း အင်တာဗျူးတွေ ထုတ်လွှင့်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး သိုင်ချွတ်တီမားထိပနတ်နဲ့ လက်ထပ်ပြီး နောင့် ဖိဖိမ်း ဆိုသူ သမီးလေး တဦး ဖွားမြင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သဘောထားမတိုက်ဆိုင်တာနဲ့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ထိုစဉ်က သမီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တရားရုံးထိ ရင်ဆိုင်ဖြေရှင်းခဲ့ကြပါတယ်။ လက်ရှိမှာ သမီးကို အချိန်တဝက်စီခွဲပြီး ကျွေးမွေးစောင့်ရှောက်နေပါတယ်။

ထိမ်းဖိထားဟာ ၂၀၁၈ ခုနှစ်မှာ Future Forward Party (အနာဂတ်သစ်ပါတီ) ခေါင်းဆောင် ထနားထွဏ်းနဲ့ ဧည့်ခံပွဲတခုမှာ တွေ့ဆုံပြီး ပါတီရဲ့မူဝါဒတွေ သဘောကျတာကြောင့် နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင် ထနားထွဏ်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု၊ ချမ်းသာကြွယ်ဝမှုစာရင်းကို ထိုင်းအမျိုးသားလာဘ်စားမှုတိုက်ဖျက်ရေးဌာနထံ တင်ပြရတာမှာ ထိမ်းဖိထားရဲ့ ပိုင်ဆိုင်မှု စုစုပေါင်း ၁၃၇,၇၈၅,၁၉၀  (သန်းပေါင်း ၁၀၀ ကျော်)  ရှိပါတယ်။

လွှတ်တော်အစည်းဝေးတက်ပြီး နောက်တရက်မှာပဲ FFP ပါတီခေါင်းဆောင် ထနားထွဏ်းဟာ မီဒီယာ (မဂ္ဂဇင်း) တခုမှာ အစုရှယ်ယာဝင်ထားမှုနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခံရသလို သူတို့ပါတီဟာ ပါတီခေါင်းဆောင် ထနားထွဏ်းထံကနေ ဘတ်သန်းပေါင်းများစွာ ငွေချေးခဲ့တာ၊ တခြားကုမ္ပဏီမှ အလှူငွေသန်းနဲ့ချီ လက်ခံခဲ့တာကြောင့် ပါတီဖျက်သိမ်းခံခဲ့ရပါတယ်။

ပါတီခေါင်းဆောင် ထနားထွဏ်းနဲ့ ပူးပေါင်းထူထောင်သူတွေဟာလည်း ၁၀ နှစ်တာ လွှတ်တော်နိုင်ငံရေးနဲ့ မပတ်သက်ဖို့ အပြစ်ပေးခံခဲ့ရပါတယ်။

အဲဒီချိန်က FFP ပါတီ အမတ်တချို့ဟာ သူတို့ရပ်တည်ရေးအတွက် တခြားပါတီတွေဘက်ကို ဘက်ပြောင်း ပူးပေါင်းသွားကြပေမဲ့လည်း ထိမ်းဖိထားကတော့ တခြားပါတီဝင် ၄ ဦးနဲ့အတူ ကလောက်ကိုင်ပါတီ MFP (Move Forward Party) ကို ပြန်ထူထောင်လိုက်ပါတယ်။ လွှတ်တော်ကနေ ထုတ်ပယ်ခံထားရတဲ့ FFP ပါတီခေါင်းဆောင်တွေက သူ့ပါတီကို နောက်ကွယ်ကနေ အားပေးကူညီခဲ့ပါတယ်။

MFW ပါတီ အမတ်တွေဟာ အတိုက်အခံပါတီအဖြစ်နဲ့ လွှတ်တော်ထဲမှာ အစိုးရကို ပြတ်ပြတ်သားသား ဝေဖန်ရဲတာကြောင့်ရော ပြင်ပ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ထောက်ခံ အားပေးတာကြောင့်ရော ပိုမိုလူကြိုက်များလာပြီး ၂၀၂၃ ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ရော ခရိုင်အမတ်နေရာမှာနဲ့ ပါတီအမတ်မှာပါ ဆန္ဒမဲအများဆုံးနဲ့ အမတ် ၁၅၁ နေရာ အနိုင်ရခဲ့ပါတယ်။ ထိမ်းဖိထားဟာလည်း ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းထားပါတယ်။

ဒါပေမဲ့ စစ်အစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ လွှတ်တော်ဥပဒေအရ အထက်လွှတ်တော်၊ အောက်လွှတ်တော် ၂ ရပ်ပေါင်းက အမတ်ဦးရေ ၃၇၆ ရဲ့ ထောက်ခံမဲကို ရရှိမှသာ အစိုးရတရပ် ထူထောင်နိုင်ပြီး ဝန်ကြီးချုပ်ရာထူးကို ရရှိမှာဖြစ်ပါတယ်။

ထောက်ခံမဲအမတ်ပြည့်မီဖို့ ဒုတိယမဲအများဆုံး အနိုင်ရထားတဲ့ ဖွေ့ထိုင်းပါတီ အပါအဝင် တခြားပါတီ ၇ ပါတီနဲ့ ပူးပေါင်းလိုက်ပေမဲ့လည်း မပြည့်သေးပါဘူး။ အဓိကပြဿနာမှာ စစ်အစိုးရလက်ထက်က ခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ထံက ထောက်ခံမဲတွေရဖို့ ခက်ခဲနေတာပါ။

အဆိုပါ အမတ် ၂၅၀ ဟာ စစ်ဗိုလ်ချုပ်တွေဦးစီးတဲ့ ဖလန်းပချားရတ်ပါတီ အစိုးရဖွဲ့နိုင်ရေးမှာ တခဲနက် ညီတူ ထောက်ခံအားပေးခဲ့ပါတယ်။ MFP ပါတီဟာ စစ်အာဏာရှင်ပြုတ်ကျရေး အတိုက်အခံပါတီ ဖြစ်တဲ့အပြင် ဘုရင် ဆွေတော်မျိုးတော်နဲ့ ပတ်သက်တဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်လို့ ပြောထားတာကြောင့် အထက်လွှတ်တော်အမတ်အများစုက သဘောမတူဘဲ ဆန္ဒမဲပေးဖို့ တွန့်ဆုတ်နေတာပါ။

MFP ပါတီအနေနဲ့ ပုဒ်မ ၁၁၂ ပြင်ဆင်ရေး ရုပ်သိမ်းလိုက်ရင် အထက်လွှတ်တော်အမတ် အတော်များများ ထောက်ခံလာနိုင်ပေမဲ့ မဲဆွယ်စဉ်က ပြည်သူတွေကို ကတိကဝတ် ပေးထားခဲ့တာကြောင့် ပြန်ရုပ်သိမ်းဖို့ ခက်နေပါတယ်။

ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ၈ ပါတီကနေ အမတ် ၃ နေရာရထားတဲ့ နောက်ထပ်ပါတီ ၂ ခုကို ပူးပေါင်းမယ့်အကြောင်း ပါတီခေါင်းဆောင်ပိုင်းက ကမ်းလှမ်းထားပြီး အဆိုပါ ပါတီ ၂ ခုကလည်း ပူးပေါင်းဖို့ သဘောတူပေမဲ့ သူတို့ဟာ အရင်က စစ်ခေါင်းဆောင်တွေကို ထောက်ခံခဲ့ဖူးလို့ လက်မခံနိုင်ကြောင်း MFP ပါတီ ဝန်းရံသူတွေက လူမှုကွန်ရက်မှာ ဆန္ဒပြတာကြောင့် အဲဒီ ၂ ပါတီ နောက်ပြန်ဆုတ်လိုက်ပါတယ်။

ဒါ့အပြင် ၈ ပါတီထဲက ဖွေ့ထိုင်းပါတီခေါင်းဆောင် တယောက်နဲ့ အငြင်းအခုံဖြစ်ခဲ့တဲ့ ထိုင်းဆန့်ထိုင်းပါတီ အမတ်တယောက်ကလည်း နုတ်ထွက်သွားတာကြောင့် မပြည့်တဲ့ အမတ်ဦးရေ ထပ်ပြီးလျော့သွားရပြန်ပါတယ်။ နောက်ဆုံးသိရတဲ့ အရေအတွက်မှာ ၈ ပါတီပေါင်း ၃၁၂ မဲ၊ အထက်လွှတ်တော်ထောက်ခံမဲ ၁၉ မဲနဲ့ စုစုပေါင်း ၃၃၁ မဲသာရှိပြီး နောက်ထပ် အထက်လွှတ်တော်အမတ် ၄၅ ဦးရဲ့ ထောက်ခံမဲ လိုအပ်နေတာပါ။

ဒီကြားထဲမှာ ဝန်ကြီးချုပ်လောင်း ထိမ်းဖိထားဟာ ITV မီဒီယာကုမ္ပဏီထဲမှာ အစုရှယ်ယာ ဝင်ထားတာတွေ့လို့ လွှတ်တော်ဥပဒေနဲ့ မညီညွတ်ကြောင်း၊ နိုင်ငံရေးပြစ်ဒဏ်ချခံထားရတဲ့ FFP ပါတီခေါင်းဆောင်တွေဟာ MFP ပါတီ အစိုးရဖွဲ့ရေး ဝင်ရောက်စွက်ဖက်နေလို့ ပါတီဖျက်သိမ်းသင့်ကြောင်း စစ်ခေါင်းဆောင်ဘက်ယိမ်းတဲ့ လွှတ်တော်အမတ်တွေရဲ့ တိုင်ကြားမှုတွေလည်း ခံနေရပါတယ်။

ထိမ်းဖိထားဟာ စေ့စပ်သေချာသူဖြစ်ပါလျက်နဲ့ FFP ပါတီခေါင်းဆောင် ထနားထွဏ်း မီဒီယာရှယ်ယာ ပါဝင်မှုကြောင့် လွှတ်တော်ကနေ အထုတ်ခံရတဲ့ အတွေ့အကြုံ ရှိပါလျက်နဲ့ ဘာကြောင့် ပြဿနာဖြစ်စရာ ITV ရှယ်ယာကိစ္စ ထိမ်ချန်ခဲ့သလဲ၊ နိုင်ငံရေးကျားကွက်မှာ ထိုးကျွေးဖို့ တကောင်ချန်ထားလေသလားဆိုတဲ့ ထင်မြင်မှုတွေလည်း ရှိနေပါတယ်။

MFP ဟာ ဘုရင်စနစ်ကိုထိပါးမယ့် အစိုးရလို့ စွပ်စွဲပြီး ဆန္ဒပြတဲ့အဖွဲ့က လမ်းပေါ်ထွက်လာသလို MFP ပါတီ အစိုးရဟာ အနောက်အုပ်စုဘက်ယိမ်းတယ်၊ မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်နိုင်ငံက အဖွဲ့အစည်းတွေကို ထိုင်းမြေပေါ်ကနေ ကူညီခွင့် ပြုလိမ့်မယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း တိုက်ခိုက်ခံနေရပါတယ်။

ပါတီပြောခွင့်ရ ရန်းဆီမန်းရိုးကတော့ ဒါဟာ မဟုတ်မမှန် စွပ်စွဲချက်ဖြစ်ပြီး တိုင်းတပါး နိုင်ငံရေးကိစ္စ ဝင်ရောက်စွက်ဖက်ဖို့ ထိုင်းမြေကို အသုံးချတာမျိုး လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ချေပ ပြောဆိုခဲ့ရပါတယ်။

၈ ပါတီပူးပေါင်းပြီး အစိုးရဖွဲ့ဖို့ လက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူစာချွန်လွှာထဲမှာ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးမပါတဲ့အပေါ် MFP ပါတီ ထောက်ခံတဲ့ဘက်က ဝေဖန်မှုရှိနေပါတယ်။

အစိုးရအဖွဲ့ တာဝန်ခွဲဝေမှုမှာ MFP ပါတီက ထိပ်တန်းရာထူးဖြစ်တဲ့ ဝန်ကြီးချုပ်နေရာမှာရော လွှတ်တော်ဥက္ကဋ္ဌနေရာမှာပါ တာဝန်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ဖွေ့ထိုင်းပါတီ ဝန်းရံသူတွေဘက်က မကျေနပ်သံတွေလည်း ထွက်နေပါတယ်။

ဝန်ကြီးချုပ်လောင်း ထိမ်းဖိထားဟာ လွှတ်တော်ဥပဒေနဲ့ မညီညွတ်ကြောင်း လွှတ်တော်တရားရုံးက ဆုံးဖြတ်လိုက်ရင် ဖွေ့ထိုင်းပါတီက ဖုမ်းကျိုင်းထိုင်းပါတီနဲ့ပေါင်းပြီး အစိုးရဖွဲ့လိမ့်မယ်လို့ ဝါရင့်နိုင်ငံရေးသမားတွေ သုံးသပ်နေကြပါတယ်။ (ဖုမ်းကျိုင်းထိုင်းပါတီဟာ အမတ်ဦးရေ ၇၀ အနိုင်ရထားပြီး ပုဒ်မ ၁၁၂ လုံးဝမထိဘူးလို့ အတိအလင်း ကြေညာထားပါတယ်)

ဖွေ့ထိုင်းပါတီကတော့ သူတို့အနေနဲ့ ပြည်သူ့ဆန္ဒဗဟိုပြုပြီး မဲအများဆုံးရတဲ့ MFP ပါတီ အစိုးရဖွဲ့နိုင်ရေး၊ ထိမ်းဖိထား ဝန်ကြီးချုပ်ရရေး (လိမ္မော်သီး ကျွေမကျရအောင်) အစွမ်းကုန် အားပေးဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။ (လိမ္မော်ရောင်ဟာ MFP ပါတီရဲ့ သင်္ကေတရောင် ဖြစ်ပါတယ်။)

အထက်က ပြဿနာအခက်အခဲတွေ ကျော်လွှားနိုင်ရင်တော့ ထိမ်းဖိထားဟာ ထိုင်းနိုင်ငံရေး သက်တမ်း ၇၀ အတွင်း ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်၊ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

လက်ရှိ ဒုဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ နိုင်းဝိစနုခေးငမ်းကတော့ လုပ်ထုံးလုပ်နည်းအရ လာမယ့်ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးချုပ်သစ်နဲ့ အစိုးရသစ်ဖွဲ့စည်းဖို့  အချိန်ဇယားတွေကို ကြေညာထားပြီး ဖြစ်ပါတယ်။

နန်းမြနဒီ

ကိုးကား- Bangkokbiznews

Photo-MFP

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024