Sunday, May 28, 2023
HomeLead Storyတပ်ပျက်နေပြီ

တပ်ပျက်နေပြီ

၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့သော စစ်အုပ်စုသည် ယခုအခါ အရေးနိမ့်လာပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုရှိ မန္တလေး၏ အနောက်ဘက်နှင့် တောင်ပိုင်းဒေသများတွင်သာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တော့သည်။ ဒါတောင် အဲ့သည်နေရာများတွင်လည်း နေ့စဥ်လိုလို စစ်အုပ်စု၏ ဒေါက်တိုင်များ သတ်ဖြတ်ခံရ၊ လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခံနေကြရသည်။ ပြီးတော့ CDM လှုပ်ရှားမှုနှင့် ပြည်သူ့ယုံကြည်မှု မရှိတော့သည့်အတွက် သူတို့၏ အုပ်ချုပ်ရေး ဆိုတာကလည်း ခနော်ခနဲ့သာ ကျန်ရှိတော့သည်။

စစ်အုပ်စုသည် ထင်ရာစိုင်း သောင်းကျန်းနေသော စစ်သားများနှင့် လေကြောင်းကို အဓိက အားထားကာ ၎င်း၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သော နေရာများတွင် ပဋိပက္ခများ ဖန်တီးလျက်ရှိသည်။

မည်သို့ရှိစေ၊ အခြားတဖက်မှာတော့ မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့က မြန်မာစစ်တပ်ကို တိုင်းပြည်၏ တခုတည်းသော အစိုးရသဖွယ် ဆက်ဆံနေကြပြီး စစ်အုပ်စုကို အားကောင်းလာအောင် အားပေးနေသလို ရှိနေပါသည်။ 1.5 ဆွေးနွေးရေးလမ်းကြောင်းမှတဆင့် ထိုနိုင်ငံများသည် ASEAN အပြင် တခြားသော ပြင်ပနည်းလမ်းမှတဆင့် ဖြေရှင်းရန် ကြိုးစားနေကြသည်။ လမ်းကြောင်း 1.5 ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုရစေဖို့၊ ပြီးတော့ အသွင်ကူးပြောင်းမှုမှတဆင့် မြန်မာစစ်တပ်မှ ပို၍ ဒီမိုက‌ရေစီဆန်သော နိုင်ငံရေးအခင်းအကျင်းကို ဖော်ဆောင်နိုင်စေဖို့ မျှော်မှန်းချက်တို့ ပါဝင်သည်။

ထို့အပြင် ထိုဆွေးနွေးပွဲတွင် မြန်မာစစ်တပ်၏ အရာရှိများ ပါဝင်တက်ရောက်သည်ဟု သိရှိရသည်။ သို့တိုင် လူထုထောက်ခံမှုရှိသော အတိုက်အခံများကိုမူ ဖယ်ကြဉ်ထားတုန်းပင်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာ့အရေး ဖြေရှင်းရန် ASEAN ကို ဦးစီးအဖွဲ့အဖြစ် လွှဲအပ်ထားပါသည်။ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပိုသင့်တင့်၍ အရေးပါသည့် နေရာတခုကို ရောက်ဖို့ ASEAN သည် တရွေ့ရွေ့တော့ သွားနေပါသည်။

စစ်အုပ်စု၏ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှုများ၊ အခြားသော ကိုယ်ကျင့်အခြေအနေများအပေါ် နည်းနည်းမှထည့်မတွက်သော နိုင်ငံများကတောင် ယခုလို စစ်အုပ်စုအခြေပြု ချဥ်းကပ်နည်းများမှာ လက်တွေ့မြေပြင် အခြေအနေများအရ မဖြစ်နိုင်ကြောင်း တွက်ဆမိကြသည်။

မြေပြင်ထိန်းချုပ်မှု ချည့်နဲ့လာသည့် စစ်အုပ်စု

မကြာသေးမီက Free Burma Ranger ဆိုသည့် အဖွဲ့တဖွဲ့က မြေပုံများ ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ် မည်မျှအထိ အကန့်အသတ် ခံလိုက်ရကြောင်း တွေ့ရှိရသည်။ တနိုင်ငံလုံး တော်လှန်အုံကြွမှုများကြောင့် တိုင်းပြည်အလယ်ဗဟိုရှိ လမ်းမကြီးများမှာ စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့။ စနစ်တကျလုပ်ထားသော စစ်ဆင်ရေးလုပ်ငန်းများအတွက်သာ အသုံးပြုနိုင်ပြီး လူအင်အား၊ ငွေကြေးအင်အား အလုံးအရင်းမရှိလျှင် အသုံးမပြုနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။

ပြီးခဲ့သည့်နှစ်ကလည်း မြန်မာ့အထူးအကြံပေးကောင်စီက သုတေသနတခု ထုတ်ပြန်ခဲ့ရာ စစ်အုပ်စုသည် တိုင်းပြည်၏ မြို့နယ်ပေါင်း ၂၀ ရာခိုင်နှုန်းခန့်သာ ထိန်းချုပ်နိုင်တော့ကြောင်း ဖော်ပြထားသည်။ အခြားသောဒေသများကို ERO၊ PDF များက ထိန်းချုပ်ထားပြီး တချို့ဒေသများကို နယ်မြေစိုးမိုးဖို့ နှစ်ဖက်လုံးက အသည်းအသန် ကြိုးစားနေကြောင်း ဆိုသည်။

အာဏာသိမ်းပြီးနောက် ကျွန်ုပ်သည် Free Burma Ranger အဖွဲ့က ထုတ်ပြန်ထားသည့် မြေပုံထဲမှ ဒေသအချို့ကို ရောက်ရှိခဲ့သည်။ ထိုဒေသများကို အဖြူရောင်နယ်မြေဟု ခေါ်ကြသည်။ အဖြူရောင်နယ်မြေတွင် စစ်အုပ်စုမှာ ထင်သလို လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်လို့မရပါ။ မြေပြင်အခြေအနေမှာ အကြီးအကျယ် ပြောင်းလဲလာလျက် ရှိသည်။ သို့တိုင် မြေပုံများမှာ သိန်းငှက်မျက်လုံးမှ ဖမ်းယူရရှိသည့် မြင်ကွင်းတခုနှယ် တိကျလှပါသည်။ ဒီနယ်မြေအချို့ကို ERO များက ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားကြသည်။ တချို့ကိုတော့ ၁၉၄၈ မြန်မာပြည် လွတ်လပ်ရေးရပြီးကတည်းက ထိန်းချုပ်ထားကြပါသည်။ တချို့သော အဖြူရောင်နယ်မြေများမှာ မကြာမတင်ကမှ လွတ်မြောက်လာကြသည်။ ထိုနေရာများတွင် တိုင်းရင်းသားအဖွဲ့အစည်းသည် NUG၊ PDF၊ ERO နှင့် အခြားသော အဖွဲ့များနှင့်အတူ အထက်အောက် အုပ်ချုပ်ရေးလမ်းညွှန်များအရ အကောင်အထည်ဖော် တည်ဆောက်နေကြသည်။

သို့သော် အချို့သော အဖြူရောင်နယ်မြေများတွင်မူ မုဒိမ်းကျင့် သတ်ဖြတ်၊ မီးလောင်ဖျက်ဆီးကာ ခုခံသူတွေကို အကြောက်တရား ရိုက်သွင်းဖို့ ကြိုးစားသည့် စစ်အုပ်စုတို့၏ ရုတ်တရက် စစ်ကြောင်းထိုးဖို့လာပါက ထိုနယ်မြေရှိ ဒေသခံများ ထွက်ပြေးကြရတုန်း ရှိသေးသည်။ လက်တွေ့တိုက်ပွဲများတွင် စစ်အုပ်စုမှာ အမြဲလိုလို ထိခိုက်ကျဆုံးမှုဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်မှုများကို ပြည်သူများက ကြောက်မသွားသည့်အပြင် တော်လှန်ရေးထဲသို့ပင် ခြေစုံပစ် ဝင်လာကြပေတော့သည်။

လေကြောင်းတိုက်ခိုက်မှုများ၊ တာဝေးပစ်လက်နက်များမှာ ဖျက်အားအများဆုံး ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုပဲ ဖြစ်သည်။ တော်လှန်ဒေသမှ ပြည်သူသန်းပေါင်းများစွာသည် စစ်အုပ်စု ဒရုန်းများ၏ ထောက်လှမ်းမှုအန္တရာယ်များကြား အထိတ်တလန့် နေကြရသလို ဘယ်အချိန်တွင်မဆို လေကြောင်းတိုက်ခိုက်မှုတို့ ခံရနိုင်ကြောင်း သတိပြုနေကြရသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဆိုသည်မှာ နေ့စဥ်နဲ့အမျှ ကြုံတွေ့နေရသော အဖြစ်အပျက်ပင် ဖြစ်သည်။ လက်နက်ကြီးသံများ ပြီးသည်နှင့် တပြိုင်နက် အရပ်သား ထိခိုက်မှုသတင်းများ ထွက်ပေါ်လာသည်မှာ နိစ္စဓူဝကိစ္စပင် ဖြစ်တော့သည်။ ကျနော်ကိုယ်တိုင် ထိုဒေသများ ရောက်သွားတော့ ကြုံတွေ့ ကြားသိခဲ့ရခြင်း ဖြစ်သည်။

Free Burma Ranger ထုတ်ပြန်သည့် မြေပုံထဲကအတိုင်း ခုခံတွန်းလှန်မှုသည် အောက်ခြေမှ စခဲ့ရပြီး အင်အားချင်းမတူသည့် မြန်မာစစ်တပ်ကို ရင်ဆိုင်ခဲ့ကြရသည်။ သို့သော် အဓိက စောင့်ကြည့်ရမည်မှာ တိုက်ပွဲအလားအလာပဲ ဖြစ်သည်။ ပြည်သူတို့၏ ခုခံတွန်းလှန်မှုများမှာ တဖြည်းဖြည်းချင်း စုစည်းမိလာသည်။ ERO များ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူ အဖွဲ့များကြား ပို၍ညီညွတ်လာကြသည်။ တော်လှန်ရေးပြီးဆုံးသည်အထိ ရှေ့ဆက်ချီတက်ကြဖို့ ဆုံးဖြတ်ထားကြပြီ ဖြစ်သည်။ နိုင်ငံရေးသုံးသပ်သူများက ခုခံတွန်းလှန်မှုများ ပြိုကွဲသွားလိမ့်မည်။ သို့မဟုတ် ချေမှုန်းခံရလိမ့်မည်ဟု ထပ်တလဲလဲ ပြောဆိုသုံးသပ်ကြ၏။ သို့ရာတွင် လက်တွေ့မှာကား ၎င်းတို့သုံးသပ်ကြသလို မဟုတ်ပေ။

ပြီးခဲ့သည့် မတ်လကဆိုလျှင် မြန်မာနိုင်ငံ၏ အမှတ်သင်္ကေတအရ၊ ဗျူဟာအရ အရေးပါသော မန္တလေးတိုင်းဒေသကြီးတွင်ပင် ထိတွေ့တိုက်ပွဲများနှင့်အတူ တိုက်ပွဲအများဆုံးဖြစ်ပွားသည့် ဒေသတခု ဖြစ်လာခဲ့သည်။ တပြိုင်တည်းမှာပင် စစ်အုပ်စု၏ လေတပ်အခြေစိုက်စခန်းများ၊ လက်နက်ထုတ်စက်ရုံများကို ဒုံးဖြင့်တိုက်ခိုက်တာ ခပ်စိတ်စိတ် တွေ့လာသည်။ စစ်တပ်၏ ခံတပ်မြို့ နေပြည်တော်နှင့် ကီလိုမီတာ ၅၀ အတွင်းရှိ မြို့နယ်များတွင်ပင် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ သုံးသပ်ခန့်မှန်းထားချက်များအရ နေပြည်တော် အနီးအနားဒေသများရှိ တိုက်ပွဲများမှာ ယခုလတွင် ပို၍ တိုးများလာကြဦးမည် ဖြစ်သည်။

မှန်ပါသည်။ စစ်အုပ်စုမှာ ခုချက်ချင်း ပြိုကျပျက်စီးဖို့ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရာ မရှိသေးပါ။ သို့သော် တဖြည်းဖြည်းနှင့် အင်အားချည့်နဲ့လာပြီး ပြိုကွဲတော့မည့်ပုံ ပေါ်လာနေပါသည်။ ကတုတ်ကျင်းများတွင် ဝပ်ရင်း ပတ်ဝန်းကျင်ဒေသများသို့ သွေးရူးသွေးတန်းနှင့် ရမ်းသန်း ပစ်ခတ်နေရသည့် အခြေအနေသို့ ဆိုက်လာသည်။

မည်သို့ဖြစ်စေ ယခုလို ဝရုန်းသုန်းကား အခြေအနေတွင် ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့နှင့်အတူ နိုင်ငံတော်၏ အဓိကကျသော အခြေခံအဆောက်အအုံများ စီမံနိုင်သရွေ့ အိမ်နီးချင်းနိုင်ငံများကရော ကုလသမဂ္ဂကပါ စစ်အုပ်စုသည် တတိုင်းပြည်လုံးကို စိုးမိုးအုပ်ချုပ်နိုင်သည်ဟု ဟန်လုပ် ရှုမြင်နေကြဦးမည် ဖြစ်သည်။ တချို့နိုင်ငံများဆိုလျှင် စစ်အုပ်စုနှင့် ပုံမှန် နိုင်ငံခြားဆက်ဆံရေးမျိုး ထားရှိဖို့ ခြေလှမ်းချင်နေကြသည်။ ၁၉၉၀ နှစ်ကာလများကလို မြန်မာပြည်ရှိ သံယဇာတများကို အချောင်နှိုက်လို့ရမလားဆိုသည့် မျှော်လင့်ချက်များကြောင့် ဖြစ်သည်။

စစ်အုပ်စုကို အစိုးရအဖြစ် သတ်မှတ်ရန် အချည်းနှီး ကြိုးပမ်းမှုများ

အခြေခံကိုယ်ကျင့်စံနှုန်းများကို ထည့်မတွက်ဘဲ နေပြည်တော် စစ်အုပ်စုကို ယုံကြည်ရသည့် အာဏာပိုင်အဖြစ် ဆက်ဆံခြင်းမှာ တကယ်တော့ လက်တွေ့မကျပါ။ စစ်အုပ်စုသည် ၎င်း၏ နိုင်ငံရေး (သို့မဟုတ်) စီးပွားရေး မူဝါဒများကိုလည်း တိုင်းပြည်အဝန်း အကောင်အထည် ဖော်နိုင်စွမ်း မရှိတော့ပါ။ အထူးသဖြင့် အိန္ဒိယနှင့် ထိုင်းနယ်စပ်တကြောကို ကြည့်ပါ။ ထိုဒေသများတွင် စစ်တပ်ရော၊ ရဲကင်းစခန်းများပါ အငတ်ငတ်အပြတ်ပြတ်နှင့် တသီးတခြား တည်ရှိနေသည်။ ထို့အပြင် စစ်အုပ်စုအုပ်ချုပ်ရေးမှူးများမှာ လွန်ခဲ့သည့် ၂ နှစ်က ဒေသန္တရအဖွဲ့များ၏ အတင်းအကျပ် ဖိအားပေးမှုများကြောင့် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတော့။

မြန်မာပြည်ရှိ တရုတ်၏ စီးပွားရေးအကျိုးအမြတ်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပါက သင်ခန်းစာယူစရာများ ရှိနေသည်။ ဘေဂျင်းအစိုးရ၏ အကျိုးရလဒ် ဦးစားပေးသော လက်တွေ့ဝါဒကနေလည်း သင်ခန်းစာယူဖို့လိုသည်။ တိုင်းပြည်၏ လက်ငင်းကိစ္စများအပေါ် ၎င်းတို့၏ သဘောပေါက် နားလည်မှုများကတဆင့် သင်ခန်းစာယူဖို့လိုသည်။ တရုတ်သည် နေပြည်တော် စစ်အုပ်စုကို အဓိက အခြေခံအဆောက်အအုံများကို ထိန်းချုပ်ထားနိုင်သည်ဟု တပိုင်းတစ အသိအမှတ်ပြုထားသည့်တိုင် အခြားတဖက်မှာလည်း အင်အားကြီး EAO ခုနှစ်ဖွဲ့နှင့်လည်းကောင်း၊ နိုင်ငံရေးပါတီများနှင့်လည်းကောင်း နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ကာ ခွထားသည်။ သို့ဖြစ်ရာ တရုတ်သည် စစ်အုပ်စု ပြိုကျသွားသည့်တိုင် ၎င်း၏ပိုက်လိုင်းများကိုလည်း ဆက်လက်သွယ်တန်းထားစေနိုင်သလို ကုန်သွယ်ရေးဂိတ်များ ကိုလည်း ဖွင့်လှစ်ထားရှိစေနိုင်မည် ဖြစ်သည်။

အိမ်နီးချင်းတိုင်းပြည်များအနက် အချို့က စစ်တပ်သည် တိုင်းပြည်ကို မပြိုကွဲအောင် ပြုလုပ်နေပြီး မြန်မာပြည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမည်ကို စိုးရိမ်ကြောက်လန့်နေသည်ဟု ပြောဆိုနေကြသည်။ တကယ်တော့ ထိုပြောဆိုချက်များမှာ လက်တွေ့မကျ၊ အမှားသက်သက်ပဲ ဖြစ်သည်။ တကယ့်လက်တွေ့မှာတော့ ခုခံတွန်းလှန်မှုများက ပို၍အားကောင်းညီညွတ်လာကာ လူမျိုးကြီးဝါဒ အစွန်းရောက် စစ်အုပ်စုထက် သာလွန်လာခဲ့ပြီဖြစ်သည်။ ခုခံတွန်းလှန်မှုတွင် အရေးပါသော အင်အားစုတခု ဖြစ်သည့် ERO များကလည်း ၎င်းတို့၏ နံပါတ်တစ် ဦးစားပေးမှာ တိုင်းပြည်ကို မပြိုကွဲ စည်းလုံးဖို့ဖြစ်ပြီး စစ်တပ်သည်သာ တိုင်းပြည်ကို ဖြိုခွဲနေသည့် တရားခံဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြပြီး ဖြစ်သည်။

NUG သည် NUCC ၏ တာဝန်ပေးအပ်မှုဖြင့် ဆောင်ရွက်လှုပ်ရှားနေသည့် အစိုးရတရပ် ဖြစ်သည်။ NUCC ကို အဓိကနိုင်ငံရေးပါတီ တဒါဇင်ကျော်၊ ERO များ၊ သပိတ်ကော်မတီများနှင့် အခြားသော အစုအဖွဲ့များနှင့် ဖွဲ့စည်းထားသည်။ ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်နေသလို ၎င်း၏တပ်ဖွဲ့များမှာလည်း ERO များ၏ လမ်းညွှန်မှုနှင့်အတူ စစ်ဒေသသုံးခုတွင် ပူးတွဲတိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

မလွဲမသွေ ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာများ စိန်ခေါ်မှုများ ရှိနေသော်လည်း  တော်လှန်ရေးအင်အားစု၏ ညီညွတ်ရေးမှာ တလထက်တလ ပိုမိုအားကောင်းလာခဲ့သည်။ ပြန့်ကြဲနေသော လက်နက်ကိုင်အဖွဲ့အသီးသီး၏ အောက်ခြေပိုင်း ပူးပေါင်းဆောင်ရွက်မှုတို့မှာ အံ့မခန်း တိုးတက်လာခဲ့သည်။ ၂၀၂၁ ဧပြီ ၂၁ တွင် သဘောတူလက်မှတ်ထိုးပြီး ၂၀၂၂ ဇန်နဝါရီတွင် ပြင်ဆင်ခဲ့သော ဖက်ဒရယ်ပဋိညာဥ်သည် လူမျိုးစုတန်းတူရေး၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးတို့တွင် အခြေခံထားသော ပြည်ထောင်စုသစ်အတွက် အခြေခံအုတ်မြစ်တခု ဖြစ်လာခဲ့သည်။ ထိုနိုင်ငံရေး လမ်းပြမြေပုံမှာ စစ်အုပ်စုက ချမှတ်ထားသည့် အရာများထက် များစွာသာလွန်ကောင်းမွန်ပြီး စစ်အုပ်စု၏ အဓိက ရည်ရွယ်ချက်မှာလည်း အာဏာရှင်ခေါင်းစဥ်ကို ကာချုပ်မှ သမ္မတလုပ်ကာ အာဏာရှင်ဘွဲ့ကို အမည်ပြောင်းလဲပေးရန်သာ ဖြစ်သည်။

ASEAN နိုင်ငံများအနေနှင့် စစ်အုပ်စု အသက်ဆက်နိုင်ရေးအတွက် ဆက်လက်ကူညီနေသည့် တခုတည်းသောနည်းမှာ မြန်မာပြည်၏ မတည်ငြိမ်မှုနှင့် အဆုံးမသတ်နိုင်တော့သည့် ပဋိပက္ခများမှတဆင့် အကျိုးအမြတ်ရရှိမည်ဟု ယုံကြည်ကြ၍ဖြစ်သည်။ ထိုမှတဆင့် မကုန်မခန်းနိုင်သော တန်ဖိုးနည်း လုပ်အားခအရင်းအမြစ်များ ရရှိနိုင်သည်။ သို့တိုင် စီးပွားရေး၊ လူမှုရေး ဆုံးရှုံးမှုများလည်း ပေါ်ပေါက်လာနိုင်ပြီး တကယ်တမ်းတော့ ရေရှည်ဖွံ့ဖြိုးအောင် မလုပ်ဆောင်နိုင်ပေ။

ယခုလိုနိုင်ငံများ၏ စက်ပုန်းခုတ်လုပ်ဆောင်မှုများထက် ပိုသည်မှာ ထိုနိုင်ငံများအနေနှင့် လက်ရှိ မြေပြင်အခြေအနေကို ထည့်မတွက်ခြင်းဖြစ်ပြီး ဆုံးခန်းတိုင်တော့မည့် စစ်တပ်နှင့် လက်တွဲကာ ၁၉၉၀ ကာလတုန်းကလို အဖြစ်အပျက်များ တကျော့ပြန်လာပြီး သူတို့အတွက် မြန်မာနိုင်ငံကို ချုပ်ကိုင်လို့ရတော့မည် ထင်နေခြင်းဖြစ်သည်။ သူတို့အနေဖြင့် စစ်အုပ်စုနှင့် အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ စာချုပ်များ လက်မှတ်ထိုးဖို့ ဆန္ဒရှိကြသည်။ ထိုသို့ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စီမံပေးမည့် ဗျူရိုကရေစီယန္တရားနှင့် ထောက်ပံ့ရန် ငွေကြေးကိစ္စတို့ကို အသာထားပါဦး၊ ထိုစီမံကိန်းများ ဖော်ဆောင်ရန် လိုက်ပါစောင့်ရှောက်ပေးမည့် လုံခြုံရေးအင်အားပင် စစ်အုပ်စုဘက်က အလုံအလောက် မထောက်ပံ့ပေးနိုင်ဝောာ့ပါ။

ပြတ်သားရမည့်အချိန်

ASEAN နိုင်ငံများအနေနှင့် ပို၍လက်တွေ့ကျ ပို၍ကျိုးကြောင်းဆီလျော်သော မဟာဗျူဟာနှင့် မြန်မာပြည်အရေးကို မချဥ်းကပ်နိုင်ပါက လမ်းကြောင်း 1.5 ဆွေးနွေးပွဲရော၊ မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့ကြားရှိ ပတ်သက်မှုများ၏ ရလဒ်တို့သည်လည်းကောင်း အလွဲလွဲအချော်ချော်တွေသာ ဖြစ်လာဖွယ်ရှိပြီး မြေပြင်ပကတိအခြေအနေနှင့် ကင်းကွာသွားမည် ဖြစ်သည်။ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး လုပ်ကိုင်ကြသည့် နိုင်ငံများ၊ ကုမ္ပဏီများနှင့် နိုင်ငံတကာအေဂျင်စီများကသာလျှင် တကယ်လက်တွေ့ အကျိုးသက်ရောက်မည် ဖြစ်သည်။

မြန်မာပြည်အရေးကို ASEAN အပေါ်သာ လွှဲအပ်ထားသော ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း နည်းလမ်းသစ်တခု ရှာဖွေရန် လိုအပ်နေပါပြီ။ သို့မဟုတ်ပါက အနာတခြား ဆေးတခြား ဖြစ်နေဦးမည်။ တဖက်တွင်လည်း သယံဇာတ ဘီလူးကြီး တရုတ်မှာ ပြတ်သားရှင်းလင်းသော ရည်ရွယ်ချက်များ အကောင်အထည်ဖော်မည့် ဗျူဟာတို့ ရှိနေပါသည်။ ဒီမိုကရေစီနိုင်ငံများ အတွက် ပို၍တိုက်ရိုက်ကျသော ချဥ်းကပ်မှုများ လုပ်ဆောင်ရန် လိုအပ်နေပြီး ASEAN အပြင် အိန္ဒိယ၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အနောက်နိုင်ငံများ စုပေါင်းကာ လုပ်ဆောင်ကြဖို့ လိုနေပါသည်။ သူတို့ ပထမဦးစားပေးလုပ်ရမည်မှာ စစ်အုပ်စုကို နိုင်ငံရေးမှဖယ်ရှားရန် ကြိုးပမ်းနေသော ပြည်သူ့တော်လှန်ရေးကို ကူညီရန်ဖြစ်ပြီး ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် အင်စတီကျူးရှင်းများ အားကောင်းစေဖို့ကိုလည်း လုပ်ဆောင်ပေးကြရမည် ဖြစ်သည်။

ယခုလို လူလုပ်ပြဿနာစစ်စစ်နှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် ဖြေရှင်းနည်းများကို မည်သည့် ဒီမိုကရေစီအင်အားစုကမှ အတိအလင်း ထုတ်ဖော်မှုမရှိကြခြင်းမှာ ပြဿနာဖြေရှင်းရာတွင် ထိရောက်သည့် အောင်မြင်မှု မရခြင်း၏ ခိုင်မာသော သက်သေတရပ် ဖြစ်နေပါတော့သည်။

နွေဦးဇင်

(The Diplomat မဂ္ဂဇင်းမှာရေးသားဖော်ပြထားတဲ့ ဆောင်းပါးရှင်  Kim Jolliffe ရဲ့  “Myanmar’s Military Is No Longer in Effective Control of the Country” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

RELATED ARTICLES
- Advertisment -
Google search engine

Most Popular