

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အစိုးရစာသင်ကျောင်းတွေမှာ အခုနှစ် ပညာသင်နှစ်အတွက် ကျောင်းလာအပ်တဲ့ ကျောင်းသားတွေဆီကနေ ကျောင်းဝင်ကြေးနဲ့ စာအုပ်ဖိုးတွေအပြင် ကျောင်းအတွက် အလှူငွေတွေပါ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းဝင်ကြေးအနေနဲ့ မူလတန်းကလေးတဦးကို ၇,၀၀၀ ကျပ်နဲ့ ဖတ်စာအုပ်ဖိုးက ၁၂,၀၀၀ ကျပ် ပေးရပြီး ကျောင်းသား ကျောင်းသူတွေဆီက ကောက်တဲ့ငွေကိုလည်း အထက်ကို ပေးရမှာလို့ ကျောင်းအပ်လက်ခံတဲ့ ဆရာမတွေက ပြောတဲ့အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သာယာကုန်းကျေးရွာမှ အမည်မဖော်လိုတဲ့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
ဒါ့အပြင် တခြားနယ်ကနေ ကျောင်းပြောင်းလာတဲ့သူတွေနဲ့ ပြီးခဲ့တဲ့နှစ်တွေက ကျောင်းမတက်ခဲ့တဲ့ ကျောင်းသားတွေကိုလည်း ကျောင်းဝင်ခွင့် အလွယ်တကူရဖို့ မိဘတွေက ကျောင်းအုပ်တွေကို ငွေပေးပြီး လာဘ်ထိုးနေရတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာတွေမှာတော့ မေလ ၂၃ ရက်မှာ ကျောင်းအပ်နှံသူ ၁ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပြီး အခမဲ့ အစိုးရပညာရေးစနစ် ဖြစ်တာကြောင့် ငွေကြေးကောက်ခံခြင်း၊ လက်ဆောင်ပစ္စည်း လက်ခံခြင်းနဲ့ ကျောင်းတံဆိပ်နဲ့ ပုံနှိပ်စာအုပ်တွေကို ရောင်းချခြင်း မပြုရဘူးလို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။