Home
ဆောင်းပါး
စိန်ခေါ်မှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကရင်နီပြည်နယ်က ကျား၊ မ တန်းတူရေး 
DVB
·
May 24, 2023

နွေဦး​တော်လှန်ရေး အောင်မြင်ဖို့ဆိုလျှင် တိုင်းပြည်၏ စစ်ပုံသွင်းနိုင်ငံရေးဓလေ့ကို အထောက်အပံ့ပြုနေသည့် မဟာဖိုဝါဒ ပြဿနာကိုလည်း ဖြေရှင်းကြမှ ဖြစ်မည်။

မြန်မာပြည်၏ လူဦးရေ အနည်းဆုံးနေထိုင်ရာ ကယားပြည်နယ်တွင် ဒေသခံပြည်သူများမှာ အသက်ရှင်သန်ဖို့ရာ နေ့စဥ်နှင့်အမျှ ရုန်းကန်တိုက်ပွဲဝင်နေကြရသည်။ ၂၀၂၁ ခုနှစ်၏ မအောင်မြင်သော စစ်အာဏာသိမ်းမှု ဖြစ်လာပြီးနောက် စစ်အုပ်စု၏ ကျူးလွန်မှုများက တနေ့တခြား ပြင်းထန်ဆိုးရွားလာခဲ့သည်။ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရထားသည့်နှယ် နေ့စဥ်နေ့တိုင်း ထင်ရာစိုင်း ကျူးလွန်နေပေတော့သည်။

သို့ဖြစ်ရာ ကရင်နီဒေသခံ ၁ သိန်း ၈ သောင်းကျော်မှာ စစ်ပြေးဒုက္ခသည်များ ဖြစ်လာကြတော့သည်။ စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် သူတို့တတွေမှာ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်ကြရသည်။ သို့တိုင် ယင်းနေရာများကလည်း ၎င်းတို့လုံခြုံရေးအတွက် အာမခံချက်မရှိ။

စစ်အုပ်စုမှာ အရပ်သားပစ်မှတ်များကိုပင် နေ့စဥ်နဲ့အမျှ လေကြောင်း ကုန်းကြောင်း အရပ်ရပ်မှ ပစ်ခတ်တိုက်ခိုက်လျက် ရှိနေသောကြောင့် ဖြစ်သည်။ ကရင်နီလူထုအတွက် လုံခြုံစိတ်ချရသည့် စားဝတ်နေရေး၊ ပညာသင်ကြားခွင့် စသဖြင့် ဘာဆိုဘာမှ မရှိတော့ပေ။

မြန်မာ့နွေဦးတော်လှန်ရေးသည် ငြိမ်းချမ်းစွာ ဆန္ဒပြသည့်အဆင့်မှ လက်နက်ကိုင် ခုခံတွန်းလှန်မှုသို့ ပြောင်းလဲလာခဲ့ပြီးနောက် ကျား/မ တန်းတူရေးမှာလည်း အရေးတယူပြုရမည့် ကိစ္စတရပ် ဖြစ်လာပါသည်။ မည်သည့်အမျိုးသမီးနှင့် မိန်းကလေးမဟူ မုဒိမ်းမှုကို ကြောက်ရွံ့ကြသည်။ ထိုနည်းတူ လက်နက်ကိုင်ပဋိပက္ခတွေနှင့် တပါတည်း ပါလာသည့် လိင်အကြမ်းဖက်မှုများကို လက်နက်တခုအဖြစ် အသုံးချလာကြမည်ကို ၎င်းတို့ စိုးရိမ်စိတ်ပူကြပါသည်။ 

ထိုအထဲတွင် ကရင်နီရဲမေများနှင့် ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်အုပ်စုကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသည့် ကရင်နီ စစ်သမီးများလည်း ပါဝင်ကြသည်ကို သိရှိရသည်။ တကယ်တော့ သူတို့တတွေသည် မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက်သာ အာရုံနှစ်ထားကြသည်ဖြစ်ရာ အမျိုးသမီးများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအကြောင်း သူတို့ စိတ်ကူးထဲထည့်ချင်မှ ထည့်ကြပါလိမ့်မည်။ ဤသည်ကပင် ကျား/မတန်းတူရေး၏ အရေးပါမှုအကြောင်း အသိပညာပေး လုပ်ဆောင်ကြဖို့ လိုအပ်နေသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူများမှာ လက်နက်ကိုင် ခုခံတွန်းလှန်နေကြသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဆီသို့ တဖွဲဖွဲ ဝင်ရောက်လာခဲ့ကြသည်။ PDF ဆိုသည်မှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲကာ တိုင်းပြည်၏ လွတ်လပ်မှုအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြသူများ ဖြစ်ကြသည်။ တော်လှန်ရေးဆိုသည်​မှာ လက်နက်ရှိရုံနှင့်လည်း မအောင်မြင်ပါ။ လူ့အခွင့်အရေးအကြောင်း၊ တန်းတူညီမျှမှုအကြောင်း သိရှိထားဦးမှလည်း ဖြစ်မည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုများမှာ မည်သည့်နည်းနှင့်မျှ သည်းခံနိုင်ဖွယ်မရှိရာ လက်နက်ကိုင် တော်လှန်နေကြသူများ အပါအဝင် မည်သူမဆို အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ အဆုံးသတ်စေရန် တာဝန်ရှိရှိ လုပ်ဆောင်ကြဖို့လည်း လိုအပ်လှပါသည်။

ကရင်နီပြည်နယ်ရှိ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှု အကူအညီများကို ဘေးကင်းလုံခြုံစွာ ပေးပို့နိုင်ရေး ကိစ္စများအတွက် လုပ်ကိုင်ဆောင်ရွက်နေကြသည်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ရှောင်စခန်းမှ ခေါင်းဆောင်ပိုင်းများနှင့် လက်တွဲကာ လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင် စစ်အာဏာသိမ်းပြီးနောက် နောက်ဆက်တွဲ အခြေအနေများကြောင့် ကျား/မ တန်းတူညီမျှမှုကိစ္စရပ်များ တိုးတက်အောင်မြင်ဖို့ ဆောင်ရွက်ရာတွင် ၎င်းတို့အနေနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ယခင်ကဆိုလျှင် ဒေသန္တရအလိုက် ဖွဲ့စည်းထားသော အမျိုးသမီးအဖွဲ့များသည် လူ့အဖွဲ့အစည်း၏ စွမ်းရည်ကို မြှင့်တင်ရာတွင် ကျား/မ အခြေပြုအစီအစဥ်များကို ဆယ်စုနှစ်များချီအောင် ထောက်ခံအားပေး လုပ်‌ဆောင်ခဲ့ကြပါသည်။ သို့‌သော် အထက်တွင် ဆိုခဲ့သလို ယနေ့အချိန်တွင် ကရင်နီပြည်သည် စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ကျား/မ တန်းတူရေးဆိုင်ရာ အစီအစဥ်များသည်လည်း တုံ့ဆိုင်းသွားကြသည်။

ပြည်သူများမှာ နေ့စဉ်နှင့်အမျှ မိမိတို့၏ ဝမ်းရေးကိစ္စ၊ ကျောင်းပညာရေးကိစ္စများအတွက် လုံးပန်းနေရသည့်အတွက် အဆိုပါ ကျား/မ တန်းတူရေးအကြောင်း သိရှိနိုင်ဖို့ အခက်အခဲများစွာ ရှိနေပါသည်။ ယင်းသို့ အခက်အခဲများ ရှိနေသည့်တိုင် ကရင်နီအမျိုးသမီးများအဖွဲ့ (KNWO) လို အမျိုးသမီးများ ဦးဆောင်သည့် အဖွဲ့များကလည်း သူတို့တတ်စွမ်းသရွေ့ လုပ်ဆောင်နေကြသည်။ မဟာဖိုဝါဒကို တိုက်ဖျက်ရာတွင် ကျား/မ တန်းတူရေးမှာ အရေးပါသည့် အခန်းကဏ္ဍမှာရှိကြောင်း၊ မြန်မာစစ်တပ်သည်လည်းပဲ မဟာဖိုဝါဒကို ကိုယ်စားပြုလျက်ရှိကြောင်း ပြည်သူအများသိရှိနိုင်ရန် ကရင်နီအမျိုးသမီးများအဖွဲ့အနေနှင့် လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသည်။ ယင်းကဲ့သို့ မဟာဖိုဝါဒ အရေးပါသည့်အကြောင်းကို ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေး တိုက်ပွဲမှာတော့ ဦးစားပေးအဖြစ် ထည့်သွင်းခြင်းမခံရပေ။ စင်စစ် စစ်အုပ်စုကို အနိုင်ရခြင်း ဆိုသည်မှာ အမျိုးသမီးဆန့်ကျင်ရေး သဘောထားများကို အခြေခံထားသော အစိုးရတရပ်အပေါ်  အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်းပဲ​ဖြစ်သည် မဟုတ်ပါလော။

ထို့အပြင် အင်စတီကျူးရှင်းများ၊ လူ့အသိုက်အဝန်းများအတွင်း မဟာဖိုဝါဒ အမူအကျင့်များ ပပျောက်ရန် အသိပညာ‌ပေး မျှဝေကြဖို့ အရေးတကြီး လိုအပ်‌နေပါသည်။ ယခုအခါ ကရင်နီအမျိုးသမီးများအဖွဲ့သည် အစိုးရကဏ္ဍများတွင် ကျေးရွာ၊ မြို့နယ်၊ ပြည်နယ် အဆင့်အသီးသီးမှ ကိုယ်စားလှယ် ၃၀ ရာနှုန်း ကိုယ်စားပြုခွင့်ရဖို့ လှုပ်ရှားဆောင်ရွက်နေပါသည်။ အနာဂတ် ဖက်ဒရယ်​မြန်မာနိုင်ငံသည် ကျားမရေးရာတွင်လည်း တန်းတူညီမျှမှု ရှိရစေမည် မဟုတ်ပါလား။ ကရင်နီပြည်နယ်တွင် တရားစီရင်ရေး၊ ဥပဒေပြုရေးဌာနများ မရှိတော့ပြီမို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီသည် နိုင်ငံရေးပြဿနာများ ဖြေရှင်းရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ရရှိနိုင်ရေးတို့ အတွက် ဒေသန္တရအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ယခုလို တော်လှန်ရေးကာလအတွင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီသည် ကရင်နီလူထုအတွက် ကြားကာလအစီအမံများ လုပ်ဆောင်နေပြီဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်အကြမ်းဖက်မှုများမှာ မည်သည့်တာဝန်ခံမှုမှ မရှိဘဲ ဖြစ်ပွားနေရာ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ဓလေ့မှာလည်း ကြီးစိုးတုန်းဖြစ်သည်။ ထို့အတွက်ကြောင့် ကျား/မတန်းတူရေး၏ အရေးပါမှုအကြောင်း သိရှိကြဖို့ ပိုအရေးကြီးလာပါသည်။ အသွင်ကူးပြောင်းရေးကာလ ယန္တရားများမှာလည်း လက်နက်ကိုင်အဖွဲ့များကို တာဝန်ခံစေမည့် လမ်းစဥ်များ မချမှတ်နိုင်သောကြောင့် အသက်ရှင်ကျန်ရစ်သူများနှင့် သူတို့၏မိသားစုများမှာ တရားမျှတမှုအတွက် ငြင်းဆိုခံကြရလေ့ ရှိသည်။ ကရင်နီအမျိုးသမီးများအဖွဲ့မှာ ကျား/မ တန်းတူညီမျှမှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း အမျိုးသမီးနှင့် ကလေးများအတွက် ဘေးကင်းလုံခြုံသော နေအိမ်နှင့် အကူအညီများ ရရှိနိုင်ရေးကဲ့သို့ နည်းပညာပိုင်း ကူညီထောက်ပံ့မှုများအတွက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ ထို့အပြင် လက်နက်ကိုင်ပဋိပက္ခအတွင်း အမျိုးသမီးများ တန်းတူညီမျှရေးနှင့် ပတ်သက်သည့် ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကိုလည်း ပြည်သူများ ပိုမိုသိရှိနိုင်အောင် လုပ်ဆောင်လျက်ရှိကြသည်။

လက်ရှိဖြစ်ပွား​နေသည့် ကရင်နီပြည်နယ်၏ ပဋိပက္ခနောက်ခံကားတွင် အမျိူသမီးများသည်လည်း စစ်အုပ်စု၏ အကြမ်းဖက်မှုကို ခံနေရသော နစ်နာသူများဖြစ်သည်။ ထိုမျှမက စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့‌နေရသည့် သက်သေများထဲတွင်လည်း အမျိုးသမီးများ ပါဝင်ကြသည်။ သူတို့၏ အတွေ့အကြုံများမှာ စစ်အုပ်စုကို အမြစ်ဖြုတ်ရေး နည်းလမ်းများအတွက် အဖြေရှာရာတွင် အမျိုးသမီးထုကြီး ပါဝင်ခဲ့ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်။

ထို့အပြင် ကရင်နီအမျိုးသမီးများအဖွဲ့သည် ကျား၊ မ အခြေပြု အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဝန်ထမ်းများအပေါ်  နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီလျက် ရှိသည်။ အမျိုးသမီးများအား အစဥ်အလာ ပုံစံများနှင့် နေသားတကျဖြစ်စေဖို့ မဟာဖိုဝါဒက  ဆက်လက်ထိုးခွဲနေဦးမည် ဖြစ်သည်။ တော်လှန်ရေးကြီး အောင်မြင်ဖို့ လက်နက်ကိုင်ခုခံမှုတို့ လိုအပ်သလို တန်းတူညီမျှမှု၊ အမျိုးသမီးတို့၏ အခန်းကဏ္ဍမှာလည်း အလားတူ အရေးကြီးသော အကြောင်းအချက်အဖြစ် အသိအမှတ်ပြုခံထိုက်ပါပေသည်။

နွေဦးဇင်

Ref: The Diplomat

(The Diplomat မဂ္ဂဇင်းမှာ ရေးသားဖော်ပြထားတဲ့ ဆောင်းပါးရှင်  Maggi Quadrini နဲ့ တခြားအမည်မဖော်တဲ့ စာရေးသူတဦး ရေးသားထားတဲ့ “Challenges Advancing Gender Equality in Myanmar’s Karenni State”  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်သည်။ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024