Home
ဆောင်းပါး
ဘက်ပေါင်းစုံမှာကျရှုံး ချောင်ပိတ်မိပြီး အလုံးစုံပြိုလဲသွားတော့မည့် နေပြည်တော်စစ်သူပုန်တပ်
DVB
·
May 23, 2023

ဖရီးဘားမားရိန်းဂျားစ် (Free Burma Rangers) အဖွဲ့က ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အခြေအနေပြ မြေပုံအရ အာဏာလု စစ်မိစ္ဆာဓားပြတပ်တွေ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်တဲ့ နယ်မြေဟာ တနိုင်ငံလုံးမှာ ၁၇ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး လက်နက်အားကိုးနဲ့ နိုင်ငံတော်ကို ပုန်ကန်ခဲ့တဲ့ စစ်ဓားပြဂိုဏ်းဟာ ၂၀၂၁ ခုနှစ်မှာ အာဏာလုခဲ့စဥ်ကနေ ၂ နှစ်ကျော်ကြာအပြီး အခုအချိန်မှာတော့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်‌ရေး၊ စီးပွားရေး စတဲ့ကဏ္ဍပေါင်းစုံမှာ ရှုံးနိမ့်ခဲ့ပြီး လုံးဝနာလန်မထူနိုင်ဘဲ စိတ်ဓာတ် ပျက်ပြားယိမ်းယိုင် ချည့်နဲ့လာခဲ့ပါပြီ။

အဲဒီအခြေအနေပြမြေပုံအရ စစ်ဓားပြတပ် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်တာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတစိတ်တပိုင်း၊ မကွေးတိုင်းတစိတ်တပိုင်း၊ မန္တလေးတိုင်း တစိတ်တပိုင်းသာ ကျန်ပါတော့တယ်။ စစ်ဓားပြတပ်ဌာနချုပ် ခံတပ်ဖြစ်တဲ့ နေပြည်တော်အရှေ့ဘက် ကီလိုမီတာ ၅၀ လောက်သာဝေးတဲ့ အနီးတဝိုက် ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ကယားပြည်နယ် ဖယ်ခုံအထိ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာတာနဲ့ အေလာလေတပ်ကို ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတာဟာ နေပြည်တော် သားရဲတွင်းကို လက်တကမ်းအတွင်း ရန်သူပတ်လည်ဝိုင်းလာတဲ့ အခြေအနေကို ပြသနေပါတယ်။

ဒါကြောင့်မို့လို့လည်း အထက်မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ မန္တ‌လေးမြို့နဲ့ ကပ်လျက်က မင်းကွန်းပုထိုးတော်ကြီးရဲ့ ၁၀ မိုင်အကွာ ဧရာဝတီမြစ်ကမ်းပေါ်မှာ ရှိတဲ့ အုတ်ဖိုကျေးရွာ ဘုန်းကြီးကျောင်းကို ၂၀၂၃ ခုနှစ် ဧပြီ ၈ ရက် မနက်ပိုင်းက ရဟတ်ယာဉ် ၅ စင်းသုံးပြီး စက်သေနတ်တွေ၊ လက်နက်ကြီး‌တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ အရပ်မျက်နှာအသီးသီးကနေ ထိုးစစ်ဆင်လာတာကို ရင်ဆိုင်နေရတဲ့ အာဏာလု စစ်ဓားပြတပ်ဟာ မန္တလေးတိုင်းအတွင်း စစ်မီးမကူးရေးမူအတွက် မန္တလေးမြို့ အခြေစိုက် ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နဂါးနီပြောက်ကျားတပ်ဖွဲ့) နဲ့ မန္တလေး မြေအောက်တော်လှန်ရေးတပ်ဖွဲ့တို့ဟာ အုတ်ဖိုရွာဘုန်းကြီးကျောင်းမှာ ယာယီစခန်းချ နေထိုင်နေတယ်လို့ သတင်းရပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် အနည်းငယ်သာရှိတဲ့‌ နေရာကို ရဟတ်ယာဉ် ၅ စင်းသုံး တိုက်ခိုက်ခဲ့ရတဲ့ အခြေအနေ ရောက်ခဲ့ရပါတယ်။

တကယ်တော့ အထက်ပါစစ်ရေးအခြေအနေတွေကို ဖရီးဘားမားရိန်းဂျားစ်အဖွဲ့က မထုတ်ပြန်ခင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြည်သူ့ခုခံစစ် ၂ နှစ်ပြည့်မှာလည်း ထုတ်ပြန်ခဲ့ပြီးသားပါ။ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေ (EROs)၊ NUG ဦးဆောင်မှုအောက်မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ နယ်မြေအလိုက် ဒေသခံကာကွယ်ရေးအဖွဲ့ ပကဖတွေ (LDF) တွေဟာ တနိုင်ငံလုံးရဲ့ ဧရိယာ ၆၀ ရာခိုင်နှုန်းနီးပါးကို စိုးမိုးထားပြီး မီးရှို့ စစ်ဓားပြတပ် စိုးမိုးနိုင်တာ ၁၇ ရာခိုင်နှုန်းနဲ့ ကျန်တဲ့နယ်မြေတွေက တိုက်ပွဲတွေ ဖြစ်ပွားနေတာမို့ နှစ်ဖက်စလုံး မစိုးမိုးနိုင်ကြသေးဘူးလို့ ဆိုပါတယ်။

ကရင်နီပွိုင့်-5 ပရောဂျက်အတွက် ပြည်သူတွေ အကူငွေထည့်ဝင်ကြဖို့ တိုက်တွန်းတဲ့ စကားဝိုင်းမှာ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြည်သူ့ဘက်တော်သား ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကို ပြောပြတဲ့ ကရင်နီ စစ်ရေးအခြေအနေမှာလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Karenni Nationalities Defence Force) နဲ့ PDF တပ်ဖွဲ့တွေဟာ လမ်းတွေအပါအဝင် ကရင်နီဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထားတယ် ဆိုတဲ့အချက်ကို အတည်ပြုခဲ့ပါတယ်။

စစ်ဓားပြတပ်တွေဟာ စစ်အင်အားအကူဖြည့်တင်းဖို့၊ လက်နက်ခဲယမ်း ရိက္ခာ ဆေးဝါး ထောက်ပို့အတွက် ကားလမ်းတွေ၊ မြေပြင် ဆက်သွယ်ရေးလမ်းကြောင်းတွေကိုတောင် အသုံးမပြုနိုင်တော့ဘဲ စစ်ကြောင်းထိုး ဒါမှမဟုတ် ရဟတ်ယာဥ်တွေနဲ့သာ ပို့နိုင်တဲ့ အနေအထား ရောက်လာခဲ့ရပြီး အထိုင်တပ်ရင်းတွေ၊ တပ်စွဲထားတဲ့ စခန်းကုန်းတွေမှာလည်း တပ်စခန်းအပြင်ဘက် မထွက်ရဲတော့ဘဲ တပ်ရင်းထဲမှာ၊ ကတုတ်ကျင်းတွေထဲ ဝပ်ပြီး ပုန်းနေရင်း ခေါင်း‌ပေါ်ကို ဒရုန်းတွေကျမလာအောင် ဘုရားတနေကြရပြီ ဖြစ်တယ်။ ဒါပေမဲ့ မိဘပြည်သူကို စော်ကား သတ်ဖြတ် မီးရှို့နေတဲ့ စစ်တိရစ္ဆာန်တွေကို ဘယ်ဘုရားကမှ ကယ်မယ်မဟုတ်တော့ပါဘူး။

အရပ်ရှစ်မျက်နှာမှာ ပိတ်မိပြီး လက်နက်ရိက္ခာ လူအင်အားတွေ ပြတ်လပ်လာတဲ့ အထိုင်တပ်တွေ၊ စခန်းကုန်းတွေကို ထောက်ပို့နိုင်မယ့် တခုတည်းသော နည်းလမ်းဖြစ်တဲ့ လေကြောင်းက ရိက္ခာချပေးတာ၊ ရဟတ်ယာဉ်နဲ့ လာပို့ပေးတာပဲ ကျန်တော့တာမို့ အဲဒီစစ်ရဟတ်ယာဉ်တွေကို ပစ်ချတားဆီးနိုင်တဲ့ ပွိုင့်-5 လက်နက်တပ်ဆင်ရေးဟာ အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

စစ်ရဟတ်ယာဉ်တွေကို ပစ်ချဟန့်တားနိုင်ခဲ့လို့ရှိရင် စစ်အင်အားအကူ၊ လက်နက်ခဲယမ်းမီးကျောက်၊ ရိက္ခာဆေးဝါးတွေ မရနိုင်တော့ရင် ကရင်နီပြည်နယ်ထဲက အထိုင်တပ်ရင်းတွေ ဘာမှမတတ်နိုင်တော့ဘဲ တပ်ရင်းအလိုက် လက်နက်ချ အလင်းဝင်ရတာမျိုးတွေ ပေါ်လာနိုင်သလို ခြေကုပ်စခန်းကုန်းတွေကို စွန့်ခွာထွက်ပြေးကြတာမျိုးနဲ့ ပြည်သူ့ရင်ခိုလှုံရတာမျိုးတွေ ဆက်တိုက်ဖြစ်လာပါလိမ့်မယ်။

ချင်းပြည်နယ်ဘက်ဆိုရင်လည်း မင်းတပ်မြို့ အပါအဝင် မြို့အတော်များများနဲ့ ဆက်သွယ်ရေးလမ်းတွေမှာ ချင်းကာကွယ်ရေးတပ် (CDF) အဖွဲ့တွေက ၈၅ ရာခိုင်နှုန်းကို စိုးမိုးထားပြီးဖြစ်တယ်။ အာဏာလု ၂ နှစ်အတွင်းမှာ မင်းအောင်လှိုင် ခါးပိုက်ဆောင်တပ်ဟာ ခြေကုပ်စခန်းကုန်းပေါင်း ရာချီ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိရာမှာ မြို့နယ် ၅၀ ကျော် (၁၇ ရာခိုင်နှုန်း) သာ အုပ်ချုပ်နိုင်တော့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း PDF တွေစိုးမိုးတဲ့ ၆၀ ရာခိုင်နှုန်းသောနယ်မြေက မြို့ရွာတွေကို စီမံအုပ်ချုပ်ဖို့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကို စတင်တည်ထောင်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် အစီရင်ခံစာထဲမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း သူတို့ကိုယ်သူတို့ စတန်းဒတ်အာမီလို့ မရှက်မကြောက်ပြောရဲပြီး မအောင်မြင်တဲ့ အာဏာလု မိစ္ဆာဘီလူးစစ်အုပ်စုဟာ ရှုံးမဲ မဲပြီး လွယ်ကူပစ်မှတ်တွေဖြစ်တဲ့ အများပြည်သူတွေ အိမ်ရာတွေ ပတ်မီးရှို့တာ၊ လက်နက်မဲ့ပြည်သူလူထုကို လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်တာ၊ စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်သတ်ဖြတ်တာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းတွေကို ကျင့်ဝတ်သိက္ခာမဲ့စွာ လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးတာကို သွေးရူးသွေးတမ်း လုပ်လာခဲ့ရင်း ကိုယ့်သေတွင်း ကိုယ်တူးလာခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ဓားပြတွေဟာ ပြည်သူလူထုအပေါ် အငြိုးကြီးစွာ ရက်စက်ယုတ်မာလေလေ သူခိုးဓားပြထက်ဆိုးတဲ့ မိစ္ဆာရူး ဘီလူးသဘက်တွေ အုပ်စီးထားတဲ့ စစ်တိရစ္ဆာန်တပ် မြန်မာမြေမှာ တည်ရှိနေသ၍ ဘယ်သူ့ရဲ့ဘဝမှ လုံခြုံမှုရှိမှာမဟုတ်ဘူးဆိုတာ ပြည်သူလူထု တရပ်လုံးက အကြွင်းမဲ့ သဘောပေါက် နားလည်သွားပြီး စစ်တပ်ဆို နာမည်တောင် မကြားချင်တော့လောက်အောင် တူးတူးခါးခါး နာကြည်းမုန်းတီးလာလေလေဖြစ်ပြီး စစ်မိစ္ဆာတပ်ကို မဖြစ်မနေ အမြစ်တူးလှန် ရှင်းလင်းကြမှာ မုချဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ထွက်ပေါက်အားလုံးပိတ်လို့ ချောင်ပိတ်ရိုက်ခံနေရတဲ့ ခွေးတကောင်ပမာ အာဏာလုစစ်‌ဓားပြတပ်ဟာ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်မှု ခံရတာကြောင့် သူတို့အတွက် တနေ့တခြား လှုပ်ရှားစရာနယ်မြေ ကျဉ်းသထက်ကျဉ်းလာပြီ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး တိုက်ကျွေးခံရပြီး လူစိတ်ကင်းမဲ့နေတဲ့ စစ်ဘီလူးသဘက်တွေကို အသေခံခိုင်းတဲ့ ယုတ်မာစုတ်ပဲ့တဲ့ စစ်ရေးဗျူဟာသုံးပြီး စစ်ထိုးခိုင်းတာ၊ ပြည်တွင်းစစ်မှာ ကိုယ့်နိုင်ငံသူ နိုင်ငံသားကို စစ်ရဟတ်ယာဉ်တွေ၊ တိုက်လေယာဥ်တွေသုံးပြီး လေကြောင်းက အရှက်မဲ့စွာ တိုက်ခိုက်တာ၊ သာလွန်အင်အားသုံး၊ လက်နက်ကြီးနဲ့ အဝေးကလှမ်းထု၊ သူရဲဘောကြောင်စွာ အရပ်သားပြည်သူတွေရဲ့ အိုးအိမ်တွေကို မြို့စဉ် ရွာစဉ်လှည့် မီးရှို့ဖျက်ဆီး သောင်းကျန်းတာမျိုးတွေသာ လုပ်နိုင်ပါတော့တယ်။

ကျန်တဲ့အချိန်တွေမှာတော့ ပြည်သူရဲ့စွန့်ပစ်မှုခံရတဲ့ ဘိန်းစားစစ်ဓားပြတပ်ဟာ တော်လှန်ရေး အင်အားစုတွေက တိုင်းပြည်တဝန်းလုံးမှာ စုပေါင်းထိုးနှက်နေကြတာမို့ တပ်ရင်းဝင်းထဲ၊ ကင်းစခန်းက ဘန်ကာတွေ၊ ခြေကုပ်စခန်းကုန်းထဲက ကတုပ်ကျင်းတွေထဲ စိတ်ဓာတ်ကျရင်း ဝပ်ပုန်းနေကြရပြီ ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ စိုးမိုးနယ်မြေ ၁၇ ရာခိုင်နှုန်းလောက်သာ ကျန်တော့ရုံသာမက သူတို့ရဲ့‌ နောက်ဆုံးခံတပ်မြို့အနီးနား ၅၀ ကီလိုမီတာနားအထိ တိုက်ပွဲတွေ ဖြစ်ပွားလာနေပြီမို့ မကြာခင်ကာလတိုအတွင်းမှာ ဝိုင်းဝန်းပိတ်ဆို့ခံရင်း ဘက်ပေါင်းစုံ ကျရှုံး ချောင်ပိတ်မိပြီး အလုံးစုံပြိုလဲသွားရမယ့် နေပြည်တော်စစ်သူပုန်တပ်လို့ သုံးနှုန်းပြောဆိုနေကြပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024