Home
ဆောင်းပါး
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ ဘဝင်မြင့် စိတ္တဇရောဂါသည်၊ အာဏာရှင်များ
DVB
·
May 23, 2023

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်က အာဏာလုထားတဲ့ စစ်ခေါင်းဆောင်တွေက၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး အောက်ခြေလွတ်နေသူတွေ ဖြစ်ကြပြီး တမျိုးစီ ရူးနေသူတွေဖြစ်ကြတယ်လို့ နိုင်ငံရေးသုတေသီတယောက်က ပြောတာကို ကြားဖူးပါတယ်။

သူတို့အားလုံး တူတာကတော့ အာဏာရူးတာပဲ။ နေဝင်းကတော့ ပြောရရင် ဘုရင်ရူး၊ သူ့ကိုယ်သူ မင်းမျိုးမင်းနွယ်ဆိုပြီး ဘဝင်မြင့်နေသူ။ အဲ့ဒီအတွက် သက်သေပြစရာရှိတယ်။ နေဝင်းက ပြည်၊ ပေါက်ခေါင်းသား။ ပေါက်ခေါင်းတောင် မြို့ပေါ်ကမဟုတ်ဘူး။ ချောင်းကောင်းရွာသား။ တရုတ်သွေးနည်းနည်းရောတယ်။ သူ့ငယ်နာမယ်က ရှုမောင်။ သူက ရဲဘော် ၃ ကျိပ်မှာပါပြီး မြန်မာ့နိုင်ငံရေးထဲ ပါလာပြီး နောက်ဆုံး မြန်မာပြည်ကို ပြာပုံထဲကိုတွန်းချခဲ့တဲ့ ပထမဆုံး စစ်ခေါင်းဆောင်၊ အာဏာသိမ်း ခေါင်းဆောင်၊ အဲ့ဒီအကြောင်းတွေက လူအများစု သိပြီးသားမို့ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။

ပြောချင်တာက သူ့ကို မြှောက်ပင့်ပေးနေတဲ့ ဗေဒင်ဆရာတွေ၊ နက္ခတ်ဆရာတွေကြောင့် သွေး နထင်ကိုရောက်သွားတဲ့ အကြောင်းတွေ မျှဝေချင်တာပါ။

၈ လေးလုံး အရေးအခင်းကြီး မဖြစ်ခင်တုန်းက သူ့ရဲ့ ပရောဖက် ဗေဒင် နက္ခတ်ဆရာတွေက သူ့ကို ရာထူးကျမယ်၊ မင်းပြောင်းမင်းလွှဲဖြစ်မယ် ဆိုတာကြောင့် ယတြာတွေ ‌မြန်မာပြည်ပတ်ပြီး ချေတော့တာပေါ့။ ပြည်မြို့မှာတော့ တန်ခိုးအကြီးဆုံး ရွှေဆံတော်ဘုရားပေါ်ကို ပြောင်းဖူး ၂ ဖူးကို လက်ကကိုင်ပြီး မြောက်စောင်းတန်းကနေ ပါးစပ်က ပွစိပွစိတွေရွတ်ပြီး ၁၉၉၇ ခုနှစ် (လတော့ မမှတ်မိ) ဘုရားရင်ပြင်ပေါ်ကိုတက်တယ်။ ရင်ပြင်ပေါ်မှာ အရှေ့ဘက်မှာရှိတဲ့ အောင်မြေအထိ သွားနင်းပြီး သူ့ဆရာပြောထားတဲ့အတိုင်း ပြောင်းဖူးတွေကို စွန့်တယ်ပေါ့။ နောက်တနေ့ကျမှ သူ စွန့်ပစ်ထားတဲ့ ပြောင်းဖူးတွေကို စပ်စုတဲ့သူတွေက သွားကြည့်တော့ ပြောင်းဖူး နှစ်ဖူးမှာ တဖူးက အပြုတ်၊ တဖူးက အစိမ်း။ နောက်ထပ် ကိုစပ်စုအဖွဲ့ကနေ ထပ်သိရတာက သူ အဲ့ဒီပြောင်းဖူး နှစ်ဖူးကို လက်ကကိုင်ပြီး ပါးစပ်ကလည်း (ပြောင်းဖူး/ပြုတ်ဖူး) ဆိုပြီး ပါးစပ်ကရွတ်ပြီး ဘုရားပေါ်ကို စောင်းတန်ကနေ တက်တာတဲ့။

အဲ့လိုအရူးထတာ၊ သူက ‌ဘယ်ဘုရား၊ ဘယ်ဘာသာမှ ယုံကြည်ပုံမရဘူး။ သူက ဗေဒင်ဆရာတွေ၊ နက္ခတ်ဆရာတွေပဲ ယုံတာ။ ဘာလို့လဲဆိုတာကို နောက်မှ ဆက်ရေးပါမယ်။

အဲ့လိုမျိုးတွေ ယတြာချေတာတွေကို နိုင်ငံအနှံ့ လုပ်နေပေမဲ့ သူ့ရဲ့ကျဆုံးခန်းက တဖြည်းဖြည်း နီးလာနေတာကြောင့် သူကိုယ်တိုင် တုန်လှုပ်နေချိန်မှာ သူ့နက္ခတ်ဆရာ‌‌တွေက အရင်ကတည်းက မြှောက်ပင့်ပေးထားတာရှိတယ်။ အဲ့ဒါကလည်း မဟာဆီ မဟာသွေး မင်းမျိုးမင်းနွယ်နဲ့ လက်ထပ်ရမယ် ဆိုတာကြောင့် ပထမ သူ့အသက် ၆၆ နှစ်အရွယ်မှာ ကနောင်မင်းသားကြီးရဲ့ မျိုးဆက်ဖြစ်တဲ့ ရတနာနတ်မယ်နဲ့ လက်ထပ်လိုက်တယ်။ ဒါပေမဲ့ ၅ လလောက်ပဲ ပေါင်းလိုက်ရတယ်။ ရတနာနတ်မယ်က CIA ဆိုပြီး တရုတ်အစိုးရ ထောက်လှမ်းရေးက သတင်းပေးတာကြောင့် ကွဲသွားပြန်တယ်။ CIA တော့ ကြောက်တယ်။

အဲ့လိုကွဲပြီး ဒေါ်နီနီမြင့်နဲ့ ပြန်ပေါင်းတယ်။ ပေါင်းပြီး အသက် ၇၇ နှစ်မှာ အသက် ၂၅ နှစ်အရွယ် ဒေါ်ကြာစံကို ထပ်ယူတယ်။ ဒေါ်ကြာစံကလည်း မင်းမျိုးမင်းနွယ်ဆိုပြီး ယူခဲ့တာ။ ဒါပေမဲ့ မအောင်မြင်ဘူးလို့ ပြောတာကြောင့် နောက်ဆုံးကြံတာက ထိုင်းနိုင်ငံက ဘုရင့်သမီး မဟာချက်ကရီ သီရိဒုံကို ကြံခဲ့တာ။ အဲ့ဒါက ၁၉၈၆ ခုနှစ်မှာ။ မဟာချက်ကရီ သီရိဒုံ မင်းသမီးကို မြန်မာနိုင်ငံကို အလည်အပတ် အတင်းဖိတ်ပြီး ခေါ်ခဲ့တာကို အသက် ၄၅ ကျော် လူကြီးတွေတော့ မှတ်မိကြမှာပါ။ အဲ့ဒီတုန်းကလည်း လေဆိပ်မှာ သူကိုယ်တိုင်ဆင်းကြိုတာ။ အဲ့ဒီလို ကြိုနေတဲ့အချိန်မှာ လေဆိပ်ရဲ့ အထူးခန်းတခုမှာ ဘိသိက်ဆရာတွေက အဆင်သင့်လုပ်ထားပြီး ဦးနေဝင်းက လေယာဉ်ပေါ်က ဆင်းလာတဲ့ ထိုင်းမင်းသမီးကို လက်ဆွဲနှုတ်ဆက်နေချိန်မှာ လေဆိပ်အထူးခန်းထဲမှာရှိတဲ့ ဘိသိက်ဆရာတွေက မင်္ဂလာဆောင် ဘိသိက်မင်္ဂလာပြုပေးလိုက်တယ်လို့ အဲဒီခေတ်တွေတုန်းက ဖရဲသီးကြီးတွေထံက သိရပါတယ်။

အဲ့ဒီလိုမျိုးကို ရူးခဲ့တာ၊ နောက်တော့ ၈၈၈၈ မှာ သူ ဆင်းပေးခဲ့ရတာပဲ။ အဲ့ဒီ သူ အာဏာရနေစဉ် ကာလတွေတုန်းကလည်း သူ့ဇာတိ ပေါက်ခေါင်းမြို့နယ်ထဲမှာ အဖြစ်အပျက်တခု ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒါက ပြည်မြို့က ကားပစ္စည်း‌မျိုးစုံရောင်းတဲ့ တရုတ်ကပြား အမျိုးသားတယောက်က နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ပြီး အောင်မြင်လာပြီး လူ့ဘောင်ကို ငြီးငွေ့လာတော့ သူ့ညီတွေကို ဆိုင်ကို အပြီးလွှဲပြီး ပေါက်ခေါင်းမြို့နယ်ထဲက ပဲခူးရိုးမ တောင်စွယ်တခုမှာ တောရတည်ဆောက်ပြီး ရဟန်းဘဝကို အပြီးပြောင်းသွားခဲ့တာပေါ့။

အဲ့ဒီရဟန်းက တောရဆောက်တည်ပြီး သံဃဂုဏ်အပြည့်နဲ့ တကယ့်ကို ဝိနည်းနဲ့အညီ ဆောက်တည်နေခဲ့တာ။ ဒါပေမဲ့ သူ့ဘဝကို ပြောင်းသွားမယ့် အဖြစ်တခု ဖြစ်ပေါ်ခဲ့တာပေါ့။ အဲ့ဒါက တနေ့တော့ မိုးကြီးလေကြီးကျတဲ့နေ့ပေါ့။ သူ့တဲကျောင်းလေးက တောင်ခြေမှာတည်ထားတော့ မိုးကမလုံဘူး။ မိုးက လေပါပါလာတော့ တဲကျောင်းရဲ့ အမိုးသက်ငယ်တွေလည်း လေက သယ်သွားတော့ သူ့မှာ အဲဒီနေ့က တညလုံး မိုးထဲမှာ ဖြစ်သလိုနေခဲ့ရတာ။ အဲဒီအပြင် တောင်ပေါ်ကကျလာတဲ့ ရေစီးကြောင်းက သူ့တဲကို တိုက်ရိုက်လာပြီး အကာအရံတွေပါ လဲပြိုကျကုန်တာပေါ့။ သူလည်း နီးစပ်ရာ သစ်ပင်ကြီးတပင်အောက်ကို ပြေးဝင်ပြီး တညလုံး မိုးထဲမှာနေခဲ့ရတာပေါ့။

နောက်တနေ့ မိုးလင်းတော့မှ သူ့မူလတဲနေရာလေးကို သွားပြီး ရနိုင်သမျှ ပစ္စည်းအသုံးအဆောင်လေးတွေ လိုက်ရှာကောက်တော့မှ သူ့တဲကျောင်းလေးကို တောင်ကျရေက ‌အလယ်ကနေ ထိုးခွဲချလိုက်ပြီး တဲကျောင်းနေရာမှာ တောင်ကျရေစီးကျထားတဲ့ မြောင်းလေးတခု ဖြစ်ပြီး ကျန်ခဲ့ပြီး အဲ့ဒီမြောင်းထဲမှာ ပြိုးပြိုးပြက်ပြက်နဲ့ ရွှေထည်၊ ကျောက်သံပတ္တမြားတွေက အထင်းသားပေါ်နေတာကို တွေ့လိုက်ရတော့တာပေါ့။

အဲ့ဒါနဲ့ ဘုန်းကြီးလည်း အနီးအနား ပတ်ဝန်းကျင်က မြေတချို့ကိုယူပြီး အသာလေး ဖုံးအုပ်ပြီး ယူသင့်တာကိုလည်း ယူပြီး ပြည်မြို့ကို ဆင်းလာခဲ့တာပေါ့။

နောက်တော့ သူ့ညီတွေနဲ့ အဲ့ဒါကို နည်းနည်းချင်း ထုခွဲရောင်းချနေရင်းနဲ့ သိပ်မကြာပါဘူး၊ ထောက်လှမ်းရေး MI က ဘယ်လိုအနံ့ရသွားလဲ မသိပါဘူး။ တနေ့တော့ ဘုန်းကြီးကို လာခေါ်သွားတော့တာပေါ့။ နောက်တော့ ဘုန်းကြီးက လုံးဝကို ပျောက်ကွယ်သွားပါတယ်။ တချို့ကတော့ စစ်ကြောရေးမှာပဲ သေသွားတယ်။ တချို့ကလည်း ထောင်ထဲကျမှ သေသွားတယ် ဆိုတာမျိုးတော့ ကြားခဲ့ရပေမဲ့ သူ့ကိုတော့ အဲဒီအချိန်ကတည်းက ပြည်နဲ့ ပေါက်ခေါင်းမြို့မှာ မတွေ့ရတော့ပါဘူး။

အဲဒါက တဖြတ်။

အဲဒီအချိန်တွေတုန်းကပဲ ပေါက်ခေါင်းမြို့မှာ တနေ့တော့ ရဟတ်ယာဉ် ၃ စင်း တပြိုင်နက် ဆင်းလာတယ်။ ရဟတ်ယာဉ် ၃ စင်းမှာ သေတ္တာကြီး ၃ လုံး တင်လာတယ်။ သေတ္တာ ၃ လုံးကို ချတယ်၊ ပြီးတော့ ပြန်တင်ပြီးထွက်သွားတယ်လို့ ပေါက်ခေါင်းမြို့နေသူ လူကြီးတယောက်ထံက အဲ့ဒိတုန်းက ကြားဖူးခဲ့ပါတယ်။ အဲ့ဒီလူကြီးက ဦးနေဝင်းရဲ့ အမျိုးတော်စပ်သူတယောက်ဖြစ်ပြီး သူက သူ့ဘဝတလျှောက်လုံး ဦးနေဝင်းကို ဆန့်ကျင်ခဲ့သူတယောက်ပါ။

သူကပဲပြောပြလို့ သိခဲ့ရတာက။

အခု တောရကျောင်းမှာပေါ်လာတဲ့ ရတနာတွေက တရုတ်ပြေးမင်း (ခ) နရသီဟပတေ့ရဲ့ ပစ္စည်းတွေ၊ နရသီဟပတေ့က တရုတ်စစ်သည်တွေ လာတိုက်တော့ ပြည်မြို့ကို ထွက်ပြေးလာပြီး သူ့အဖေကိုလည်း ပြန်လည်လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ မင်းတပါးဖြစ်ပါတယ်။

အဲ့ဒီဘုရင်ရဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပြီး နေဝင်းကလည်း အရင်ဘဝက သူက နရသီဟပတေ့ ဆိုပြီး ဘဝင်ရူး ဘုရင်ရူးနေတာလို့ သူ့အမျိုးကပဲ ပြောပြတာ ကြားဖူးခဲ့ပါတယ်။

အဲဒီ ပေါက်ခေါင်းမြို့နယ်ထဲက တောထဲမှာရသွားတဲ့ ရတနာတွေက နရသီဟပတေ့ တရုတ်ပြေးမင်းရဲ့ လက်ဝတ်ရတနာလို့လည်း ပြောလို့ရသလို အဲ့ဒိအချိန်တုန်းက နန်းကနေ ထွက်ပြေးတိမ်းရှောင်ရင်း ဘဏ္ဍာတိုက်ထဲက မလာတဲ့ တိုင်းပြည်ပိုင် ဘဏ္ဍာတွေပဲဖြစ်မှာပါ။ သူကတော့ ရှိသမျှပစ္စည်း ငါ့ပစ္စည်းဆိုပြီး မလာတာထင်ပါရဲ့။

အဲ့ဒါတွေကို ဗိုလ်နေဝင်းက သူနဲ့ထိုက်လို့ သူရတာကနေ ရှေ့ဘဝက သူ့ပစ္စည်းတွေ၊ သူက အရင်ဘဝက နရသီဟပတေ့မင်း ဖြစ်တယ်လို့ ဘယ်ဗေဒင်ဆရာက မြှောက်ပေးလိုက်လည်း မသိဘူး၊ အဲဒိကတည်းက ‌ဘုရင်ရူး ရူးနေတာပါ။

အဲဒီ အရင်တုန်းကလည်း ၁၉၈၀ အလွန်ကာလလောက်မှာ ပြည်မြို့နဲ့ ၈ မိုင်ခန့်ဝေးပြီး ရွှေတောင်မြို့အဝင် ရန်ကုန်-ပြည် ကားလမ်းနဲ့ ဧရာဝတီမြစ်ကြားမှာ ဖိုးသိန်းတန် ဆိုတဲ့ရွာတရွာ ရှိပါတယ်။ အရင်ကတော့ အဲ့ဒီရွာက အရမ်းဆင်းရဲကြပါတယ်။

တနေ့တော့ ဒေသခံ တောင်သူတယောက် လယ်ယာအလုပ်ကနေ အပြန်မှာ လင်းမြွေ ခပ်ကြီးကြီးတကောင် တွေ့တော့ လိုက်ဖမ်းရာက လင်းမြွေက တောင်ကမူတခုထဲက မြေတွင်းထဲကို ဝင်ပြေးသွားတယ်။ အဲ့ဒါနဲ့ပဲ တောင်သူက မြွေဝင်သွားတဲ့ကမူကို လိုက်တူးတော့တာပေါ့။ တူးရင်းတူးရင်းနဲ့ မြွေတော့မတွေ့ဘူး၊ ရွှေတွေ တွေ့တော့တာပဲ။ အဲ့ဒီကနေ တရွာလုံးသိသွားပြီး တူးကြတာမှာ ရွှေဒင်္ဂါး၊ ‌ငွေဒင်္ဂါး အိုးလိုက်တွေရ၊ အရင်‌ခေတ်တွေက ဘုရင်တွေစီးတဲ့ ဆင်ကို ရွှေနဲ့လုပ်ထားတဲ့ ချပ်ဝတ်တန်ဆာ အပြည့်အစုံ နဖူးထိပ်မှာ ပတ္တမြားငမောက်လောက် အရည်ရှိတဲ့ ပတ္တမြားကြီးတလုံး၊ ဘေးတဖက်တချက်ဆီမှာ နဖူးထိပ်ကအလုံးထက် အနည်းငယ်သေးတဲ့ ပတ္တမြား ၂ လုံး၊ ရွှေချိန်တင် ပိဿာနဲ့ချီပြီးလေးတယ်။ ရွှေက ပျော့ပျောင်းနေတော့ ခွေလို့ ခေါက်လို့တောင် ရတယ်။

အဲ့ဒိအပြင် တခြား ရွှေထည်တွေ အများကြီးကို တရွာလုံးနီးပါး ရသွားကြတော့ နဂိုကတည်းက ဆင်းရဲတဲ့သူတွေဆိုတော့ ရတဲ့ရွှေကို လည်လည်ပတ်ပတ် မရောင်းချတတ်ဘူး။ ရွာထဲက လူရည်လည်ပြီး ပိုက်ဆံရှိတဲ့သူတွေကတော့ ရွာထဲမှာပဲ ဒိုင်ဖွင့်ပြီး ရွှေဝယ်ကြတယ်။ ပေါချောင်ကောင်းနဲ့ အဆမတန် ဈေးနှိမ်ပြီး ဝယ်ကြတာပေါ့။

အဲဒီတော့ ရွှေတွေရောင်းပြီး ချက်ချင်းဆိုသလို ပြည်နဲ့ ရွှေတောင်မြို့ကိုတက်ပြီး သွပ်တွေဝယ်၊ အိမ်တွေမိုးကြ၊ တချို့တွေ ချက်ချင်း အိမ်တွေ ပြင်ဆောက်ကြ၊ တိုက်တွေဆောက်ကြ၊ အဲ့ဒိထက် ပိုဆိုးတာက သူတို့ရွာက ကားလမ်းမပေါက်ဘူး။ လှည်းလမ်းနဲ့ ကန်သင်းရိုးပဲရှိတာကို မြို့ကနေ Pheasant (ဖီးဆန့်) စက်ဘီးတွေ၊ ပန်းမြို့တော်စက်ဘီးတွေ တက်ဝယ်ပြီး ရွာလှည်းလမ်းမှာ စီးတဲ့လူက စီးကြ။ ဒီထက်ပိုဆိုးတာက ရွှေတောင်မြို့နဲ့ အရမ်းနီးတော့ ရွှေတောင်မြို့က အရက်ဆိုင်တွေ ခေါက်ဆွဲဆိုင်တွေမှာ အရက်တွေတက်သောက်ကြ၊ သောက်ရုံတင်မကဘူး၊ ဒီမှာ အခုသောက်နေသူအားလုံး အဝသောက်ကြပါ၊ ကျနော် ရှင်းမယ်တွေအထိ လုပ်လာကြတာ။ တချို့ဆိုင်တွေမှာ ကြားဖူးလိုက်တာက ရွှေကိုယူလာပြီး ဆိုင်ကနေ ဓားမတောင်းပြီး ရွှေကို ခုတ်ပေးပြီး အရက် အလှူပေးသောက်ကြတာ ဆိုတဲ့အထိ ကြားဖူးခဲ့တယ်။

အဲလိုမျိုးတွေ အရမ်းဖောင်းပွပြနေတော့ သိပ်မကြာပါဘူး၊ အဲဒီရွာကို တရက်မှာ ဘယ်က ရောက်လာမှန်းမသိတဲ့ သေနတ်ကိုင်တပ်ဖွဲ့တွေ ကားတွေနဲ့ ရောက်လာတယ်။ ကားပေါ်မှာလည်း သံဆူးကြိုးတွေ၊ သံဆူးကြိုးပတ်ထားတဲ့ သုံးမြှောင့်ရိုက်ထားတဲ့ သစ်သားအကာအရံတွေရယ် ပါလာကြပြီး ရွာရဲ့ ကားလမ်းဘက်ကို ထွက်တဲ့ဘက်မှာ နယ်နိမိတ်သတ်မှတ်ပြီး တရွာလုံးကို အပြင်မထွက်ရ သတ်မှတ်လိုက်ပြီး ရွာထဲကအိမ်တွေကို တပြိုက်နက် အဖွဲ့တွေအများကြီး ခွဲပြီး ဝင်ရှာကြတော့တာပေါ့။

တနေ့တနေ့ကိုလည်း ဖမ်းလိုက်၊ ပြည်မင်းကြီးတောင်ပေါ်က MI (ထောက်လှမ်းရေး) ရုံးကို ပို့ပြီး စစ်လိုက်၊ ထောင်ထဲပို့လိုက်နဲ့ ရွာသားတွေရထားတဲ့ ရတနာတွေကို အဓမ္မလုယူတာပေါ့။

အဲဒီအပြင် ပြည်နဲ့ ရွှေတောင်မြို့က ရွှေဆိုင်တွေကိုလည်း အတင်းဝင်ရှာပြီး ဘောက်ချာတွေ၊ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ပိုတဲ့ရွှေ ရှေးဟောင်းရွှေ အကုန်သိမ်း၊ နောက် ပတ္တမြားကတော့ နဖူးသင်းကျစ်ကတော့ ပြန်မရတော့ဘဲ ဘေးနှစ်ဖက်က ပတ္တမြား ၂ ပွင့်ကတော့ ပြန်ရတယ်လို့ ကြားဖူးလိုက်ပါသေးတယ်။

သူတို့ကိုယ်တိုင်လည်း ရွာသားတွေ ရွှေရရှိခဲ့တဲ့နေရာမှာ နေ့ညမပြတ် ရက်အတော်ကြာ တူးခဲ့ကြသေးတာ။ အဲဒါတွေက ပြည်မြို့နဲ့ ရွှေတောင်မြို့မှာ တချိန်တုန်းက ဖြစ်ခဲ့တာပါ။

မြေပေါ်မြေအောက် သယံဇာတတွေကို တိုင်းပြည်အုပ်ချုပ်သူ အစိုးရကပဲ ပိုင်ဆိုင်တယ်ဆိုတဲ့ ဥပဒေအရ သိမ်းတယ်။ ဒါပေမဲ့ အဲ့ဒီ သိမ်းဆည်းရခဲ့တယ်ဆိုတဲ့ သတင်းမျိုး အဲဒီအချိန်တုန်းက နိုင်ငံပိုင်သတင်းစာ ၃ ခုစလုံးမှာ တခုမှ ပါမလာခဲ့သလို နိုင်ငံတော်ဘဏ္ဍာအနေနဲ့လည်း သိမ်းဆည်းခဲ့ပုံ မရပါဘူး။ ဒါပေမဲ့ ဒေသခံရွှေတွေ ရရှိခဲ့တဲ့သူတွေ အများကြီးတော့ ထောင်ထဲမှာ နှစ်ချီပြီး နေခဲ့ရပါတယ်။

ဗိုလ်နေဝင်းကလည်း အဲဒီပစ္စည်းတွေက သူ အတိတ်က ပိုင်ဆိုင်ခဲ့တဲ့ဟာတွေမို့ သူပြန်ရတယ်လို့ သူမွေးထားတဲ့ စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့အားလုံးကလည်း သူ့အတွက် အဲ့လိုမျိုး သေနတ်ပြပြီး လုယက်ရှာဖွေပေးခဲ့ရတာ အဲဒီအချိန်ကာလတွေကတည်းကပဲ။

နောက်ပိုင်းတွေမှာ ဘုရားတွေက ဘုရားဌာပနာတွေဘက်ကို လှည့်လာတဲ့အထိ ပြောင်ပြောင်တင်းတင်း လုပ်လာခဲ့တာ အားလုံးမှတ်မိကြမှာပါ။

ပြည်မြို့ သရေခေတ္တရာမြို့ဟောင်းထဲက မြင်ပါဟုဘုရားမှာ ထင်ရှားတဲ့ အကျင့်သီလ စင်ကြယ်တဲ့ မြင်ပါဟု ဆရာတော်ကြီးအနီးမှာ ထောက်လှမ်းရေးမပြတ် ချထားပြီး ဆရာတော်ကြီးဆီကနေ ဘုရားဌာပနာ ပစ္စည်းတွေ၊ ပျူခေတ်က ဒေါင်းဘယက် အပါအဝင် ပျူခေတ်လက်ရာ ရွှေထည်တွေကို အနုနည်းနဲ့ တောင်းခံဖူးတယ်။ ဆရာတော်ကြီးက ငြင်းတော့ မရခဲ့ပေမဲ့ နောက်တော့ ဆရာတော်ကြီး ပျံလွန်တော်မူသွားတော့ တော်တော်လေး ရသွားခဲ့ပါတယ်။

‌အထင်ရှားဆုံးကတော့ မန္တလေး မဟာမြတ်မုနိဘုရားကြီး ဗိုက်ဖောက်တဲ့ကိစ္စ အသက် ၄၅ ကျော် လူကြီးတွေတော့ သိကြပါတယ်၊ မေ့တောင်မေ့ကုန်ကြပြီ။

အခုခေတ် အမျိုးဘာသာစောင့်ရှောက်သူကြီးတွေ မသိချင်ယောင်ဆောင်နေကြသူတွေကို ပြောပြရဦးမယ်။

၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးဖြစ်ပြီး နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဖို့တွေ ဘာတွေ လုပ်နေချိန်၊ တိုင်းပြည်စီးပွားရေးကလည်း တစတစ ထိုးကျ၊ နိုင်ငံတကာကလည်း ဘယ်ကမှ လာပြီး မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြတော့ ဝင်ငွေမရှိတော့ ဘုရားဌာပနာတွေ လိုက်ဖောက်တော့တာပေါ့။ သာမန် ဘုရားတွေက‌ သိပ်မသိသာပေမဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားကြီးဖြစ်တဲ့ မန္တလေးမြို့က မဟာမြတ်မုနိဘုရားကြီးရဲ့ ဌာပနာကိုထိတော့မှ လူသိရှင်ကြားဖြစ်ပြီး လူသိခဲ့တာ။

အဲ့ဒိဘုရားကြီးကို နေ့စဉ် အလှည့်ကျ ဆရာတော်ကြီးတွေက မျက်နှာတော်သစ်ပေးရတာ၊ အလှည့်ကျ သော့ကိုင်ရတာတို့ ဘာတို့ လုပ်ပေးရတော့ ဆရာတော်တွေအများစုနဲ့ လက်လှမ်းမီ သိနေကြတယ်။

အဲ့ဒီဘုရားကြီးရဲ့ နဖူးသင်းကျစ်၊ ဘယက် အပါအဝင် အများပြည်သူလှူထားတဲ့ ရွှေထည်တွေ အများကြီးကို ၁၉၉၀ ပတ်ဝန်းကျင်နှစ်တွေမှာ ဗိုလ်ခင်ညွန့် ဦးဆောင်ပြီး လာမသွားတာ၊ အဲ့ဒီကိစ္စနဲ့ ရွှေတွေယူသွားတာကို မျက်မြင်သိတဲ့ ဆရာတော်တွေ အတင်းသိက္ခာချပြီး ထောင်ချ၊ ထောင်ချပြီး၊ ဝေးလံသီခေါင်တဲ့ ခန္တီးထောင်၊ ပူတာအိုထောင်တွေကို ပို့ပစ်တာ၊ ဆရာတော်တွေ အများကြီးပဲ။

ဗိုလ်နေဝင်းနဲ့ စစ်အာဏာရှင်တွေက ဘယ်ဘုရားမှ အယုံအကြည်မရှိဘူး။ သူတို့ယုံတာက ဗေဒင်၊ နက္ခတ်ဆရာတွေပဲ၊ ဘုရားတွေနဲ့ ဘုန်းကြီးတွေက သူတို့ရဲ့ နိုင်ငံရေးလက်နက်ပုံးတွေပဲ။ လိုအပ်ရင် နိုင်ငံရေးအတွက် ထုတ်သုံးမယ်၊ ဒီလောက်ပဲ။ ငွေလိုရင် ဘုရားတွေရှိတယ်၊ ဒီလောက်အတွက်ပဲ အသုံးပြုတာ။ ကိုးကွယ်ဆည်းကပ်ဖို့ မဟုတ်ဘူး။

ဒါပေမဲ့ ဘုရားတွေတော့ နေရာအနှံ့မှာ တည်ပြကြတယ်။ အဲ့ဒါကလည်း လူပြိန်းကြိုက် နိုင်ငံရေး လုပ်နေတာလေ။ အကြောင်းမသိတဲ့ ငပိန်းတွေကတော့ သာသနာစောင့်ရှောက်တဲ့ မအလ ဆိုပြီး မှိုင်းမိနေကြဆဲပါပဲ။

ဘညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024