Home
ဆောင်းပါး
ထိုင်းနိုင်ငံရေးအပြောင်းအလဲနဲ့ မြန်မာ့နွေဦးတော်လှန်‌ရေး အလားအလာ 
DVB
·
May 22, 2023

မစ္စတာ ပီတာရဲ့  D  သုံးလုံး ကြွေးကြော်သံ…

၁။ Demilitarize - နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ရှားရေး

၂။ Demonopolize  - စစ်တပ်လက်ဝါးကြီးအုပ်ချုပ်မှု လျှော့ချရေးနဲ့

၃။ Decentralize ဆိုတဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး စတဲ့ကြွေးကြော်သံ‌တွေကို လူငယ်တွေက ဉာဏ်အလင်းရခဲ့ပြီး ကြိုက်နှစ်သက်ခဲ့ကြတယ်လို့ ယူဆလို့ရပါတယ်။

မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့အချိန် ဧပြီလတုန်းက Bloomberg မီဒီယာနဲ့လုပ်တဲ့ အင်တာဗျူး တခုမှာ ထိုင်းနိုင်ငံအတွက် လုပ်ပေးရမယ့် သူ့ရဲ့ ဦးစားပေးအစီအစဥ်ထဲမှာ ထည့်ပြောသွားခဲ့တာ တွေ့ရပါတယ်။

မစ္စတာပီတာရဲ့ D သုံးလုံး ကြွေးကြော်သံနဲ့အတူ မေလ ၁၄ ရက်၊ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ လူငယ်အများစုရဲ့ ထောက်ခံမှုနဲ့ Move Forward ရှေ့သို့ချီပါတီက အမတ်နေရာ အများစုနဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယအများဆုံးရထားတဲ့ ဖွေ့ထိုင်းပါတီကလည်း ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူထားတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ပါတီ ၈ ခုက ခေါင်းဆောင်တွေ မေလ ၂၂ ရက်နေ့မှာ လက်မှတ်ထိုးကြမယ့် ညွန့်ပေါင်းအစိုးရဖွဲ့ရေး နားလည်မှုစာချွန်လွှာ MOU စာချုပ်ပါ အချက်တချို့နဲ့ပတ်သက်လို့ ဖွေ့ထိုင်းနဲ့ Move Forward အကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ထိုင်းတော်ဝင်မိသားစုတွေအပေါ် ဝေဖန်ရင် ထောင် ၃ နှစ်ကနေ ၁၅ နှစ်အထိ ထောင်ချခံရနိုင်တဲ့ lese-majeste ဥပဒေကို Move Forward ပါတီက ပြင်ဆင်မယ့် အစီအစဉ် အပါအဝင် တချို့ကိစ္စတွေကို ဖွေ့ထိုင်းပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ပါတီခေါင်းဆောင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားတာကို ဘန်ကောက်ပို့စ် သတင်းမှာ ကိုးကား ဖော်ပြထားတာ တွေ့ရပါတယ်။

ထိုင်းတော်ဝင်မိသားစုအကြောင်း ဝေဖန်ရင် ထောင် ၁၅ နှစ် ချနိုင်တဲ့ ဥပဒေတွေ ပြန်ပြင်မယ်၊ လက်ရှိ ထိုင်းစစ်တပ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်မှုကို ပြုပြင်ပြောင်းလဲမယ်၊ ထိုင်းနိုင်ငံကို အတွေးအခေါ်အသစ်နဲ့ သွားမယ်လို့ ကြွေးကြော်ပြီး မဲဆွယ်စည်းရုံးခဲ့တဲ့ ရှေ့သို့ချီ ပါတီခေါင်းဆောင် မစ္စတာပီတာဟာ တနိုင်ငံလုံးက လူငယ်တွေ ထောက်ခံမှုနဲ့ လွှတ်တော်ထိုင်ခုံနေရာ အများဆုံး ရသွားပါတယ်။

ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကိုလည်း အဆုံးသတ်ပစ်ဖို့ ရှေ့သို့ချီ ပါတီက ဆက်လက်ဖိအားပေး တောင်းဆိုသွားဖို့လည်း ရှိနေတာပါ။

“လွှတ်တော်ထဲမှာ ဒီကိစ္စ အတည်ဖြစ်လာအောင် ကျနော်တို့ ကြိုးစားသွားမယ်။ ပြီးတော့ ဘုရင်စနစ်နဲ့ လူထုကြားက ဆက်ဆံရေး ဘယ်လိုရှေ့ဆက်ရမလဲ ဆိုတာကိုလည်း ပွင့်လင်းမြင်သာမှုရှိတဲ့ ပြည့်စုံကျယ်ပြန့်တဲ့ ဆွေးနွေးမှုတခု ဖြစ်လာအောင် လွှတ်တော်ထဲမှာ ဆွေးနွေးသွားမှာပါ” လို့ မစ္စတာပီတာက ပြောခဲ့ပါသေးတယ်။

အသက် ၃၆ နှစ်ပဲရှိသေးတဲ့ အရင်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး ဦးဆောင်တဲ့ ရှပ်နီတွေရဲ့ ဖွေ့ထိုင်းပါတီကလည်း ဒုတိယ မဲအများဆုံး ရခဲ့ပါတယ်။ သူတို့နှစ်ပါတီ ပေါင်းရင် လက်ရှိဝန်ကြီးချုပ်နဲ့ ထိုင်းစစ်တပ်ရဲ့ ကျောထောက်နောက်ခံပါတီတွေ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ မဖြစ်နိုင်တော့ပါဘူး။

ရှေ့သို့ချီပါတီနဲ့ ဖွေ့ထိုင်းပါတီတို့ဟာ အမတ်နေရာ ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ စုစုပေါင်းနေရာ ၂၉၀ ခန့် အနိုင်ရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ပဏာမ ရလဒ်တွေအရ သိရပါတယ်။

ဟားဗတ်တက္ကသိုလ်နဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် ကျောင်းဆင်း၊ Move Forward ပါတီခေါင်းဆောင် မစ္စတာပီတာ လင်ဂျာရွန်ရတ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဖို့ အသင့်ရှိကြောင်း တွစ်တာမှာ မေလ ၁၄ ရက်နေ့က ရေးခဲ့ပါတယ်။

“ကျနော်တို့ချစ်တဲ့ ထိုင်းနိုင်ငံဟာ ပိုမိုကောင်းမွန်လာမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အပြောင်းအလဲ ဖြစ်နိုင်လာပြီ” ဟုလည်း သူက ရေးခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲ

ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲမှာ နှစ်ခု တွေ့ရပါတယ်။

၁။ ထိုင်းပြည်သူတွေနဲ့ လူငယ်တွေက နိုင်ငံရေးအပြောင်းအလဲကို လိုချင်ကြတယ်

၂။ အဲဒီအပြောင်းအလဲကို အတွေးသစ် အမြင်သစ်၊ နည်းနာအသစ်၊ အခင်းအကျင်းသစ်နဲ့ ပြောင်းဖို့ စဉ်းစားလာကြတာ တွေ့ရပါတယ်။

အရင်က နတ်နေကိုင်း ဆိုပြီး မထိရဲခဲ့တဲ့ ထိုင်းဘုရင်ရဲ့ တော်ဝင်မိသားစုတွေရဲ့ အကျိုးစီးပွားတွေကိုပါ ထိုင်းပြည်သူတွေက မေးခွန်းထုတ်လာတာ၊ စည်းမျဉ်းဥပဒေရဲ့ အရိပ်အောက်မှာနေဖို့ စလုပ်လာတာတွေ တွေ့ရပါတယ်။ ရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံဟာ မယုံနိုင်စရာ ဒီမိုကရေစီထက်ပိုတဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေကို လေးစားတန်ဖိုးထားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ် စစ်မှန်သော အာဏာလွှဲပြောင်းမှုအဖြစ်သို့  ဦးတည်သွားစေနိုင်တဲ့ ရွေးကောက်ပွဲမှာ စစ်တပ် ကျောထောက်နောက်ခံပါတီတွေကို မဲဆန္ဒရှင် ပြည်သူတွေက ဆုံးမလိုက်တာကြောင့် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံပါတီတွေဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပါတယ်။ တနည်းအားဖြင့် ထိုင်းပြည်သူတွေ၊ လူငယ်တွေ အနိုင်ရလိုက်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အခိုင်သို့ ကူးပြောင်းဖို့ကိုတော့ဖြင့် ဆက်လက် ရုန်းကန်ကြိုးစားကြရဦးမှာပါ။

ထိုင်းနိုင်ငံရေးခေတ် အချိန်ကိုက်ပြောင်းလဲပြီလား

“ခေတ်ပြောင်းလဲမှုက အချိန်ကိုက်ပဲ” လို့ ဘန်ကောက်မြို့ မဲဆန္ဒနယ် ၃၃ နေရာမှာ ၃၂ နေရာ အနိုင်ရခဲ့တဲ့ ဘန်ကောက်မြို့ ရှေ့သို့ချီပါတီရုံးချုပ်မှာ မစ္စတာပီတာက ပြောခဲ့တာပါ။ ဒါပေမဲ့ အစိုးရဖွဲ့ဖို့၊ အာဏာလွှဲပြောင်းဖို့ ကိစ္စတွေက သီတင်းပတ်တွေနဲ့ချီ ကြာဦးမှာဖြစ်သလို အာဏာဗဟိုချက်ကို ထိုင်းစစ်တပ်က ကြိုးကိုင်နေဆဲ ဖြစ်တဲ့အတွက် ဖြစ်လာနိုင်တာတွေကို စောင့်ကြည့်ရဦးမှာပါ။

ရွေးကောက်ပွဲကော်မရှင်က တရားဝင်ရလဒ်တွေ မကြေညာခင်မှာ အပြောင်းအလဲတွေ ဖြစ်နိုင်သေးတယ်လို့ လေ့လာသူတွေက ထောက်ပြကြပြီး လုပ်ငန်းစဥ်တွေက ၇၅ ရက်အထိ ကြာမြင့်နိုင်ပြီး မဲရလဒ်တွေအပေါ် ဥပဒေလမ်းကြောင်းကနေ ပြန်လည်စိန်ခေါ်မှုတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။

ဒါပေမဲ့ ဒီအနိုင်ရမှုက နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးကို စိတ်ပျက်နေပြီး အပြောင်းအလဲကို ငတ်မွတ်နေတဲ့ လူငယ်မဲဆန္ဒရှင်တွေကြားမှာ ခိုင်မာအားကောင်းတဲ့ အင်အား တည်ဆောက်ထားနိုင်တယ် ဆိုတာ မစ္စတာပီတာနဲ့ သူ့ပါတီက မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။

ရှေ့သို့ချီ ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုအင်နရတ်က ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် အပြောင်းအလဲကို ဆောင်ကြဉ်းပေးဖို့ အသင့်ရှိကြောင်း သူ့ရဲ့ လူမှုကွန်ရက် တွစ်တာမှာ ရေးသားထားပါတယ်။

ထိုင်းဝန်ကြီးချုပ်လောင်းနှင့် မြန်မာ့နွေဦး အလားအလာ

မြန်မာနိုင်ငံအ‌ရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတခုမှာ မစ္စတာပီတာရဲ့ ရပ်တည်ချက်တွေဟာ နွေဦးတော်လှန်ရေးအတွက် အားတက်စရာ ဖြစ်ပါတယ်။ မစ္စတာပီတာက ပြန်လည်ဖြေကြားရာမှာ…

“မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုအရေးကို ဖြေရှင်းဖို့၊ အမေရိကန်က ပြဋ္ဌာန်းထားတဲ့ Burma Act အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့ ထိုင်းနိုင်ငံအနေနဲ့ တွန်းအားပေးသွားမယ်။ ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှု မရှိဘဲနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ အောင်မြင်မှု လုံးဝမရနိုင်ဘူး။ ပြီးတော့... မြန်မာပြည်သူတွေကို အကူအညီပေးဖို့အတွက် ထိုင်းနဲ့ မြန်မာနိုင်ငံကြားမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းတွေလည်း ဖွင့်လှစ်သွားမယ်။”

စသဖြင့် ခိုင်မာစွာ မြန်မာ့နွေဦးတော်လှန်ရေးဘက်က ရပ်တည်ပြောကြားသွားတာ တွေ့ရပါတယ်။

မြန်မာ့နွေဦးအတွက် အသက်တမျှ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတခုရဲ့ အစိုးရသစ် မူဝါဒတွေက မကြာမီမှာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရှိန်ကို တွန်းအားဖြစ်စေနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာပီတာရဲ့ မြန်မာနိုင်ငံက ကရင်ရိုးရာဝတ်စုံနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း မြန်မာတွေက သဘောကျ နှစ်သက်ခဲ့ကြပါတယ်။

“ကျနော် ဘာကြောင့် ဒီအင်္ကျီကို ဝတ်ရသလဲဆိုတော့ ဒီအင်္ကျီက တခြားအင်္ကျီတွေထက် ပိုပြီး တန်ဖိုးရှိလို့ပါ။ ကရင်အင်္ကျီက အရှေ့ဘက်ကော အနောက်ဘက်ကော နှစ်ဖက်လုံး အတူတူပဲ။ ကရင်အင်္ကျီမှာ အိတ်ကပ်မပါဘူး၊ ကော်လာမပါဘူး၊ အနားကွပ်မပါဘူး။ ကျနော်လည်း ကရင်အင်္ကျီလိုပဲ ဘယ်တော့မှ မထိမ်ချန်ဖူးဘူး။ ဘယ်တော့မှ မဖုံးကွယ်ဖူးဘူး။ ရှေ့မှာတမျိုး နောက်ကွယ်မှာတမျိုး မလုပ်ဘူး။ နောက်မှာ ဒီလိုဆိုရင် ရှေ့မှာလည်း ဒီလိုပဲ။ ဒီအင်္ကျီမှာ အိတ်ကပ်မပါဘူ။ အပေးအယူလုပ်စရာ ဘာမှမရှိဘူး။ သိမ်းထား ဝှက်ထားစရာ နေရာလည်း မရှိဘူး။ ကော်လာမရှိ ကြယ်သီးမရှိ၊ အနားကွပ် မရှိတာတွေဟာ ရိုးသားမှုနဲ့ ပကာသန မရှိတာကို ပြတာပဲ။”

စသည်ဖြင့် သူရဲ့ နိုင်ငံရေးအပေါ်  ခံယူချက်အမြင်ကိုလည်း ရိုးသားစွာ ဖော်ထုတ်ခဲ့တာပါ။

ဘယ်လို နိုင်ငံပြုသမား ဖြစ်လာမလဲ

“ပြည်သူတွေကို ကျနော်တို့ပေးထားတဲ့ ကတိတွေဟာ ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း တသမတ်တည်း ဖြစ်ရမယ်” လို့လည်း သူက ပြောပါတယ်။

မစ္စတာ ပီတာလင်ဂျာရွန်ရတ်က သူတို့ဟာ စစ်တပ် ကျောထောက်နောက်ခံပြု ပါတီတွေနဲ့ အစိုးရဖွဲ့မယ့် ဘယ်လိုအလားအလာကိုမဆို “တံခါးပိတ်ထားကြောင်း” ကြေညာပြီး ညွန့်ပေါင်းဖွဲ့စည်းရေးအတွက် ရှင်နာဝပ်ရဲ့ ပါတီနဲ့ ဆွေးနွေးဖို့ ကြိုးစားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“အများစုက သူတို့ဆန္ဒကို ဒီရွေးကောက်ပွဲမှာ ထုတ်ဖော်ထားတဲ့အတွက် ဒီရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းဖို့ တွေးနေတဲ့သူတွေ တန်ဖိုးကြီးကြီး ပြန်ပေးဆပ်ရမှာပါ။ အဲဒီလိုဖြစ်လာမှာကို ထိုင်းလူထုကလည်း လက်ခံကြမှာ မဟုတ်ပါဘူး။”

အာဏာရပါတီက သူတို့ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်နိုင်တဲ့ မရေရာတဲ့ အခြေအနေတွေ ရှိနေတာနဲ့ ပတ်သက်ပြီး တနင်္လာနေ့က သူ့ကိုမေးကြည့်တော့ “ဒီကိစ္စကို ကျနော် စိတ်မပူသလို ဂရုမစိုက်တာလည်း မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံနဲ့ ဒေသတွင်း အာဆီယံကိုပါ အပြောင်းအလဲ ပေါ်ပေါက်စေဖို့၊ ထို့ပြင် အာဏာကြီးမားတဲ့ တော်ဝင်မိသားစု စစ်တပ်အထက်တန်းလွှာတွေကိုပါ ဖယ်ရှားဖို့ ကတိပြုထားတဲ့ အသက် ၄၂ နှစ်အရွယ် ပညာတတ်သော၊ ဉာဏ်ပညာနဲ့ ရဲရင့်သော  လူငယ်ခေါင်းဆောင်ဟာ ဘယ်လို နိုင်ငံပြုသမားဖြစ်မလဲ။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024