Home
ဆောင်းပါး
စစ်ကားကြိုက်သူများ
မောင်တူး
·
May 22, 2023

အာဏာသိမ်းသော်

သူတို့ပျော်သည်

ကစော်ဘိမ်းဘင်းကြိုက်သူများ။ ။

စစ်ကားကြိုက်သူများဆိုတာကတော့ စစ်အာဏာသိမ်းတာကို ကြိုက်နှစ်သက်ကြသူတွေပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတော့ မြန်မာနိုင်ငံ ထောင်အသီးသီးက မူးယစ်ဆေးအမှုနဲ့ ထောင်ကျနေကြသူတွေဟာ ဟေးကနဲ အပြိုင်အော်ကြပြီး ထခုန်ကြသတဲ့။ ဒီအကြောင်းကို ထောင်တွေထဲကနေ တဆင့်တဆင့် ပြန်ကြားခဲ့ရတာပေါ့။ တကယ်တော့လည်း နှစ်ပေါင်းများစွာအတွင်း မြန်မာပြည်ရဲ့ ထောင်တွေကနေ လွတ်ငြိမ်းခွင့်ပေးတိုင်း မူးယစ်ဆေးသမားတွေနဲ့ ခိုးဆိုးလုနှိုက်တွေက အများစု ဖြစ်နေကြတာလေ။

ကော့သောင်းထောင် အာဏာသိမ်းသတင်းကြောင့် ပျော်ကြခြင်း

ထောင်ထဲမှာ စစ်တပ်အာဏာသိမ်းတိုင်း မူးယစ်ဆေးဝါးအမှုနဲ့ ကျခံနေရသူတွေ ပျော်ရွှင်ကြကြောင်းကို ထောင်တွေထဲအထိ သွားရောက်စုံစမ်းလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဒီသတင်းကိုပဲ အမှန်အကန်ဖြစ်ကြောင်းကို ကော့သောင်းထောင်ကနေ ထွက်လာပြီး ကျနော့်ဆီ လာပြောပြသူကတော့ ရှိပါတယ်။ ဗိုလ်ကြီးနေမျိုးဇင်ပါ။ အခုလို ပြောပြခဲ့တာပါ။

“အာဏာသိမ်းတဲ့နေ့က ထူးခြားပြောင်းလဲတာ ၂ ချက်ရှိတယ်ဗျ။ အာဏာသိမ်းအပြီး ကော့သောင်းထောင်မှာ ကျနော် (နေမျိုးဇင်) ရှိနေတယ်။ အာဏာသိမ်းသတင်း ကြားအပြီးမှာ အရင်က အဆင်ပြေနေတဲ့ ထောင်ဝန်ထမ်းတချို့ဟာ အာဏာသိမ်းပြီးတဲ့နောက် သူတို့ခေတ် ရောက်သွားပြီ ဆိုပြီးတော့ ဆဲတာဆိုတာ၊ ရမ်းကားတာ၊ အနိုင်ကျင့်တာ၊ မထိတထိ စောင်းမြောင်းပြောတာ၊ ဒါမျိုးတွေ ပြောင်းလဲသွားတာပေါ့။ ထူးခြားတာကတော့ စစ်တပ်အာဏာသိမ်းတဲ့နေ့က တီဗွီမှာ သတင်းလာတော့ ကျနော်နဲ့ မလှမ်းမကမ်း ရာဇဝတ်အကျဉ်းသား အိပ်ဆောင်တွေထဲကနေ လူတော်တော်များများက ဟေး လို့ ထပျော်ကြတယ်ဗျ။ ထူးဆန်းတယ်နော်။ ဘာကြောင့် ထပျော်ကြသလဲ။ ဘယ်သူတွေ ထပျော်ကြသလဲ။ ကျနော်ပြောပါရစေ။ ဟေး ဆို ထပျော်ကြတဲ့ သူတွေဟာ မကြာမတင်မီမှာပဲ သူတို့အားလုံးနီးပါး လွတ်သွားကြတယ်။ အဲ့သည်လူတွေက ဘယ်သူတွေလဲဆိုတော့ မူးယစ်မှုတွေနဲ့ သုံးစွဲမှု ဖြန့်ဝေမှု ရောင်းချမှုတွေနဲ့ မူးယစ်ဆေးဝါး၊ စိတ်ကြွဆေး စတာတွေကို ရောင်းဝယ်ဖောက်ကား ဖြန့်ဝေမှုနဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချထားတဲ့သူတွေဟာ အာဏာသိမ်းလိုက်ပြီ သတင်းလည်းကြားရော ဟေး ငါတို့ခေတ် ရောက်ပြီကွ ဆိုပြီး ထပျော်ပြီးတော့ မကြာပါဘူး သူတို့လွတ်သွားပါတယ်။”

မူးယစ်ဆေးရောင်းသူနဲ့ ရဲ

ရန်ကုန်တိုင်း မြို့တမြို့က အမျိုးသမီးကြီးတဦး မကြာခင်က ကျနော့်ထံ ဖုန်းဆက်လာပါတယ်။ သူက ငိုပြီးပြောပြတာပါ။ သူ့မှာ တော်တော်ဒုက္ခရောက်နေရတယ်။ သူက အသက် ၆၀ နီးပါးရှိပြီ၊ ၂ နှစ်အရွယ် မြေးကလေးနဲ့နေတာ။ သမီးဖြစ်သူက နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပုံမှန်ငွေပို့တယ်။ သမီးက ကောင်းတယ်။ ဆိုးတာက သားဖြစ်သူပါ။ သူ့သားက စစ်ထွက်တဲ့။ သမီးဆီကပို့သမျှ ပိုက်ဆံကို သား စစ်ထွက်က ယူပြီး မူးယစ်ဆေးတွေ ဝယ်သုံးတယ်။ မူးယစ်ဆေးရောင်းတဲ့အိမ်ကို စုံစမ်းပြီး သိရတော့ ရဲစခန်းကို သွားတိုင်လိုက်တယ်။ ရဲက မူးယစ်ဆေးရောင်းတဲ့အိမ်ကို သွားဖမ်းရမှာပေါ့။ ဒါပေမဲ့ မဖမ်းတဲ့အပြင် မင်းတို့အိမ်မှာ ဆေးရောင်းတာကို ဟိုအဘွားကြီးက ငါတို့ရဲစခန်းကို လာတိုင်ထားတယ်လို့ ပြောလိုက်တယ်။ မူးယစ်ဆေးရောင်းသူတွေက အဘွားကြီးကို ခေါ်ပြီး ရိုက်နှက်ကြတာပေါ့။ ရိုက်ရင်း ပြောသေးတယ်တဲ့၊ ခင်ဗျားက အသက်ကြီးလို့ မသတ်ဘူး၊ နောင် ဒီလို တိုင်လားတောလား လုပ်ရင် သတ်ပစ်မတဲ့။ ဒီလို မူးယစ်ဆေးရောင်းသူတွေ သုံးစွဲကြသူတွေဟာ ကိုနေမျိုးဇင် ပြောတဲ့ ကော့သောင်းထောင်ကနေ ထအော်ကြပြီး မကြာမတင်မှာ လွတ်သွားကြသူတွေ များလား။ ဒါမှမဟုတ် တခြားထောင်တွေက လွတ်သွားသူတွေများလား။

စစ်အာဏာရှင်စနစ်

စစ်အာဏာသိမ်းပြီး တိုင်းပြည်ကို ဓားမိုး အုပ်ချုပ်သူတွေကို စစ်အာဏာရှင်တွေလို့ ခေါ်ကြပါတယ်။ ဦးနေဝင်း၊ ဦးစောမောင်၊ သန်းရွှေ၊ ခင်ညွန့်၊ မင်းအောင်လှိုင်၊ စိုးဝင်းတို့ဟာ စစ်အာဏာရှင်တွေပါ။ ဘုရင်ခေတ်က ဓားမိုးအုပ်ချုပ်တာပါ။ ဒီနေ့ခေတ်တော့ သေနတ်ကိုင် အုပ်ချုပ်တာပေါ့။ စစ်အာဏာရှင်စနစ် ဆိုတာက တိုင်းပြည်ရဲ့ နိုင်ငံရေးကို စစ်တပ်အာဏာနဲ့ စစ်တပ်ကိုယ်တိုင်ချုပ်ကိုင်တဲ့ အာဏာရှင်စနစ်တမျိုး ဖြစ်ပါတယ်။ အဲ့သည်စနစ်ရဲ့ အာဏာရှင်ဟာ စစ်ရာထူးကြီး ဗိုလ်ချုပ်တဦးဦး ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်ဟာ ပြည်သူတွေက မဲပေးရွေးချယ်တဲ့ အစိုးရက စစ်ရေးရာကို ချုပ်ကိုင်ထားတဲ့ စနစ်ပေါ့။ အခု နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာ စစ်အာဏာရှင်စနစ်ရဲ့ ဆန့်ကျင်ဘက်ပါပဲ။ စစ်အာဏာရှင်စနစ်ကို ခါကီစတိုကရေစီ (khakistocracy) လို့ ခေါ်တတ်ကြတယ်။ ဒီစကားလုံးဟာ ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်း မပြည့်သူများက အုပ်ချုပ်ခြင်းနဲ့ ကာကီ (khaki) ခေါ် စစ်သားများ ဝတ်ဆင်တဲ့အရောင် ဆိုတဲ့ စကားလုံးတွေ ပေါင်းစပ်ရာက ဖြစ်ပေါ်လာတဲ့ စကားလုံးလို့ ဆိုကြပါတယ်။ အရည်အချင်းမဲ့ စစ်ဘောင်းဘီဝတ်တွေရဲ့ အုပ်ချုပ်ရေးလို့ ခေါ်နိုင်မလားတော့ မသိ။

ရဲကြိုက် ရှေ့နေကြိုက် စစ်အုပ်ချုပ်ရေး

လက်ရှိကာလ တချို့သော ရဲတွေနဲ့ ရှေ့နေတွေဟာ အချမ်းသာဆုံး သန်းကြွယ်သူဌေးတွေ ဖြစ်နေကြပြီလို့ အချုပ်နဲ့ ထောင်တွေကနေ ထွက်လာကြသူတွေက ပြောကြပါတယ်။ ရှေ့နေနဲ့ ရဲတွေ ငွေရွှင်နေကြောင်းကို ဘားအံထောင်နဲ့ ကျိုက်မရောထောင်တွေမှာ ကျခဲ့ရသူ နိုင်ကျဉ်းတဦးက အခုလို ပြောပြပါတယ်။

“-------  လက်ရှိကာလမှာ ရဲတွေရယ် ရှေ့နေတွေရယ်က အချမ်းသာဆုံး လူတန်းစားတွေ ဖြစ်ကုန်ပြီဗျ။ လူငယ်တွေကို တွေ့ကရာ အများကြီးဖမ်းတယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့ကို ရိုက်နှက် နှိပ်စက်ပြီး PDF လို့ ဝန်ခံခိုင်းတယ်။ ၄၉(က) အကြမ်းဖက်ပုဒ်မတပ်တယ်။ အမှုကြီးတယ်ပေါ့။ အဲ့သည်တော့မှ အမှုငယ်ချင်ရင် ၁၉(စ) တို့ ဘာတို့ ပြောင်းချင်ရင် ငွေဘယ်လောက်ပေးပေါ့။ မိဘက ချမ်းသာသလား ဆင်းရဲသလား ကြည့်ပြီးတော့မှ သိန်း ၂၀ ကနေ သိန်း ၅၀၀ အထိ ငွေညှစ်တာဗျ။ ရှေ့နေတွေလည်း ငွေအများကြီးစားရတာပဲ။ ခုနက တရားလို အမှုစစ်ရဲနဲ့ ပေါင်းစားနေကြတာဗျ။ သူတို့အတွက်ကတော့ဗျာ စစ်အာဏာသိမ်းလိုက်တာဟာ သူတို့ သူဌေးဖြစ်ဖို့ကိန်းပဲ။ ------”

အဲ့သည် အမှုစစ်ရဲတွေ၊ ရှေ့နေတွေကလည်း စစ်အာဏာသိမ်းလိုက်တာကို မနောခွေ့နေကြသူတွေပဲ ဖြစ်ပုံရပါတယ်လေ။

စစ်အာဏာရှင်စနစ် ဘာ့ကြောင့်ဖြစ်

စစ်အာဏာရှင်စနစ် “coup d'état” ပြည်သူမဲပေးရွေးချယ်ထားတဲ့ ဒီမိုကရေစီအရပ်သား အစိုးရကို ဖြုတ်ချရာက ဖြစ်ပေါ်လာပါတယ်။ တခါတရံ အရပ်သားအစိုးရ ရှိလျက်နဲ့တောင်မှ စစ်တပ်ကိုယ်တိုင် အုပ်ချုပ်နေတာလည်း ရှိနိုင်ပါရဲ့။ အဲ့သည်လို အခြေအနေတွေမှာ အရပ်သား အစိုးရဟာ စစ်တပ်ကို အလိုလိုက်ပေးရပါတယ်။ သို့တည်းမဟုတ် အရပ်သားအစိုးရ အာဏာမှေးမှိန်နေတတ်ပါတယ်။ သာဓကအနေနဲ့ ပထမကမ္ဘာစစ်ကာလ ဂျာမန်အင်ပါယာမှာ ဂျာမန်စစ်ဗိုလ်ချုပ်တွေဟာ ဘုရင်ဝီလ်ဟမ် (Kaiser Wilhelm II) ထက် အာဏာပိုကြီးမားလာတာမျိုးပါ။ ၁၉၃၁ နောက်ပိုင်း ဂျပန်အင်ပါယာမှာလည်း စစ်တပ်က အစိုးရကို ဖြုတ်မချ အာဏာမသိမ်းပေမဲ့ ဗီတိုအာဏာကို အသုံးပြုနိုင်ခဲ့ပါတယ်။ NLD အစိုးရ လက်ထက်က စစ်တပ်က ကာလုံကို အတင်းခေါ်ခိုင်းနေတာမျိုးပေါ့။ ဝန်ကြီးဌာန ၃ ခု ယူထားပြီး လွှတ်တော်မှာ စစ်သားအစိတ်သား ဝင်နေတာမျိုးကလည်း စစ်အာဏာရှင်စနစ် ပုံစံတမျိုးပဲလို့ ထင်ပါရဲ့။ ထိုင်းနိုင်ငံရဲ့ အထက်လွှတ်တော်တခုလုံးကို စစ်သားကိုယ်စားလှယ်တွေက နေရာအကုန်ယူထားတာမျိုးပေါ့။ စစ်အာဏာရှင်တွေဟာ အရပ်သားအစိုးရကို ပြန်လည်ဖွဲ့စည်းပေးပေမဲ့ အစိုးရအကြီးအကဲနေရာကို တနည်းနည်းနဲ့ ပြန်ယူထားတတ်တယ်။ ပါကစ္စတန်နိုင်ငံ ဗိုလ်ချုပ်တွေ ဖြစ်ကြတဲ့ မိုဟာမက်ဇီယာအူးဟတ် Muhammad Zia-ul-Haq (၁၉၇၇–၁၉၈၈) နဲ့ ပါဗက်မိုရှာယတ် Pervez Musharraf (၁၉၉၉–၂၀၀၈) တို့ဟာ သူတို့ရဲ့ သမ္မတရာထူးကို ကာလကြာကြာ ရအောင် ဖန်တီးထားခဲ့ကြသလိုမျိုးပေါ့။ မင်းအောင်လှိုင် ပင်စင်မယူဘဲ စစ်အာဏာ ဆက်ထိန်းထားတာမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။

စစ်ကားကြိုက်သူများ

စစ်ကားကြိုက်သူများထဲမှာ ခေတ်ပျက်သူဌေးတွေ၊ စစ်ခရိုနီတွေ၊ စစ်ဘောမ ခရိုနီတွေ၊ ပြည်ခိုင်ဖြိုး အပါအဝင် စစ်တပ်ရဲ့ကိုယ်ပွား Proxy နိုင်ငံရေးပါတီတွေ၊ ပါဏာတိပါတာ ဝေရာမဏိလို့ ဟောထားပါလျက် ဘုရား တရား သံဃာ ရတနာ ၃ ပါး မကိုးကွယ် မဆည်းကပ်တဲ့ သရဏဂုဏ် မတည်သူတွေကို သတ်ရင် အပြစ်မရှိဘူးလို့ ဟောကြလေ့ရှိတဲ့ ဘုန်းကြီးတွေ၊ စစ်တပ်ရဲ့ လမ်းပရောဂျက်၊ တံတားပရောဂျက် ရထားသူတွေ၊ အစပိုင်းမှာ ပြောခဲ့တဲ့ ရိုးရိုးသားသား မူးယစ်ဆေးဝါး မှောင်မခို့တခို ရောင်းစားလိုသူတွေ၊ ကိုယ့်ပြည်နယ် မွေးရပ်မှာပဲ မိရိုးဖလာ အေးအေးချမ်းချမ်း နေထိုင်ပြီး ရိုးရိုးသားသား ဘိန်းခင်းစိုက်စား လိုသူတွေ၊ အပစ်အခတ်ကလေး ရပ်ထားပြီး စစ်တပ်အထောက်အပံ့တွေစားပြီး စားပွဲဝိုင်း ငြိမ်းချမ်းရေးကြီးကို လုပ်ဟန်ဆောင်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့က ခေါင်းဆောင်တွေ၊ ပြည်ပမှာနေပြီး စစ်တပ်ပေးစာကမ်းစာ အခွင့်အလမ်း အဖြာဖြာကို စားခဲ့ကြရ စားနေကြရတဲ့ ကျောင်းသား တော်လှန်ရေးသမားဟောင်းတွေနဲ့ တခြား တော်လှန်ရေးသမားတွေ၊ ပြီးတော့ . . . ပြီးတော့ (နောက်ထပ်အများကြီး ရှိပါသေးတယ်။ ထပ်တွေး ထပ်ရေးကြပါတော့ဗျာ။)

ကျနော်မောင်တူးလည်း စစ်ကားကြိုက်တယ်

မင်းအောင်လှိုင်ကို ကျေးဇူးတင်တယ်။ သူအာဏာသိမ်းလိုက်တော့မှ ဘယ်သူက ပြည်သူလူထုဘက်ကဖြစ်တယ်၊ ဘယ်သူတွေကတော့ စစ်ဘောမတွေဆိုတာ သိလိုက်ရလို့ ကျေးဇူးတင်တယ်။ လူ ၃,၀၀၀ ကျော် သေကြရ၊ လူ သောင်းနဲ့ချီ အဖမ်းခံရ၊ သန်းနဲ့ချီ ပြေးနေကြရသလို ဒုက္ခတွေ ဖြစ်နေကြရတာ မှန်ပါတယ်။ ကျနော်တို့ အပါအဝင်ပါ။ ဒါပေမဲ့ အာဏာမသိမ်းရင် တော်လှန်ရေးသမားကောင်းကြီးတွေလို့ ကျနော်တို့ ကိုးကွယ်လေးစား နေကြရမယ့်သူတွေက အခု အာဏာသိမ်းအပြီးကြမှ “ဘုရားမှတ်လို့ ကိုးကွယ်ရှိခိုးဦးချ ဖွတ်ထွက်မှ တောင်ပို့မှန်းသိရလေတယ်” ဆိုသလိုပေါ့ဗျာ။ ဗိုလ်ကြီးနေမျိုးဇင် ဟိုတပတ်က DVB အင်တာဗျူးမှာ ပြောခဲ့သလို အခုလို စစ်အာဏာသိမ်းကာလကြီးမှာ “ဖားလား ငါးလား” ဘယ်သူက ဘာဆိုတာ ကွဲကွဲပြားပြား “လယ်ပြင်ဆင်သွားသလို ထင်ထင်ရှားရှား” သိလိုက်ရပါပြီ။ ဒါကြောင့် ကျနော်လည်း စစ်အာဏာသိမ်းလိုက်တာကို ကြိုက်တယ်။ ကျနော်လည်း စစ်ကားကြိုက်သူပါ။      ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024