Home
မြန်မာသတင်း
မုန်တိုင်းဒဏ်နှင့် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် စစ်ကိုင်းတိုင်းတောင်သူများ မိုးစပါးစိုက်ရန် အခက်ကြုံ
DVB
·
May 21, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်ထဲက ရွာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ်နဲ့ လယ်ယာမြေတွေ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေဟာ မိုခါမုန်တိုင်းဒဏ်ကြောင့် ပဲစိုက်ခင်းတွေ ပျက်စီးခဲ့ရပြီး မိုးရာသီမှာ မိုးစပါး စိုက်ပျိုးဖို့လည်း အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်းကလည်း ရွှေဘိုအနီးက ရွာတရွာကို စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်း ထိုးတာကြောင့် ရွာသူရွာသားတွေ စစ်ဘေးရှောင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ရွှေဘိုခရိုင်ထဲက စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ အခက်အခဲနဲ့ အမိုးအကာ လိုအပ်ချက်တွေ ရှိနေတယ်လို့ S&C မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

S&C မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ကိုစိုးမိုးအောင်က "လက်ရှိ လိုအပ်နေတာတော့ အမိုးအကာတွေပေါ့။ အမိုးအကာတွေကတော့ ကျနော်တို့ တတ်နိုင်သလောက် ပေးနေတယ်။ နောက်ပြီး စားသောက်ကုန်တွေ။ မိုးကာတွေ၊ တလပတ်တွေ လိုအပ်မှုတွေ ရှိနေတယ်။ လူဦးရေက သောင်းနဲ့ချီပြီးကို လိုနေတာ။ မိသားစုမှာ တမိုးစာရဖို့ဆို ၈ ပေ၊ ပေ ၂၀ မိုးကာတချပ် သုံးရတယ်။ မိုးကာတလိတ်မှာ ပေ ၃၀၀ ပါတယ်။ ပေ ၂၀ ဆို ၁၅ ချပ်လောက်ရတယ်။ မိုးကာတလိတ် တန်ဖိုးက ၃ သိန်း။ အခြားအခက်အခဲတွေက မီး လိုအပ်တယ်။ လက်ရှိကတော့ ကျနော်တို့ S&C က ထုတ်လုပ်တဲ့ ဆိုလာမီးတွေ လှူဒါန်းတယ်။ ဖုန်းအားသွင်းဖို့ မီးတွေ လိုအပ်တယ်။ မိုးကာတွေ လိုအပ်မယ်။ တောင်သူတွေ ဆုံးရှုံးမှုအတွက် မိုးစပါး ပြန်လည် စိုက်ပျိုးဖို့အတွက် လယ်ယာသုံးပစ္စည်းနဲ့ စိုက်ပျိုးရေး အသုံးစရိတ်တွေ အဓိက လိုအပ်နေတယ်။ ပထမတကြိမ်မှာ မီးရှို့ခံရတယ်။ ဒုတိယအကြိမ် ရေမြှုပ်တယ်။ နှစ်ခါ နာတာပေါ့။ မိုးစပါးမှ ပြန်မလုပ်နိုင်ရင် တောင်သူတွေ လယ်ယာမဲ့ ဖြစ်သွားနိုင်တဲ့ အနေအထား ရှိတယ်"လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာတရွာက ဒေသခံ အမျိုးသမီး တယောက်ကတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အချိန်မရွေး စစ်ကြောင်းထိုးတာကြောင့် ညဘက်တွေပါ ထွက်ပြေးနိုင်အောင် အမြဲ အသင့်ပြင်ထားရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ တပ်ဖွဲ့တွေ မကြာခဏ မီးရှို့ဖျက်ဆီးတာတွေ လုပ်တာကြောင့် ရွာထဲက အိမ်ခြေ ၁၀၀၀ မှာ ၇၀၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဆန်ဈေး တက်နေပေမယ့် လက်ထဲမှာ ရောင်းစရာ စပါးမရှိတာကြောင့် ဆန်ကို ဈေးကြီးကြီး ပေးဝယ်စားနေရတယ်လို့ သူက ပြောပါတယ်။

"ကျမတို့က ရွာပြန်ရောက်ပြီ။ တခါတခါ ပြေးရင် ၁၂ ရက်လောက် ပြေးရတယ်။ မီးရှို့တဲ့ရက်တွေဆို ၄၊ ၅ ရက် ပြေးပြီးရင် နည်းနည်းလေး ငြိမ်သွားရင် ပြန်လာပေါ့။ မီးရှို့ခံရတဲ့ အိမ်တွေဆို အိမ်တွေမရှိတော့ဘူး။ S&C က ဆောက်ပေးတဲ့ အိမ်တွေမှာ နေကြတယ်။ စားနပ်ရိက္ခာ အခက်အခဲရှိတယ်။ ကျမတို့ရွာက စပါးလည်း လုပ်ကြတယ်။ မီးရှို့မှာကြောက်တော့ စပါးကို ရရချင်းရောင်းကြတယ်။  အဲ့တုန်းက ၁၅ သိန်း၊ အခု ၂၈ သိန်းရှိလာတဲ့အခါ ကျမတို့လက်ထဲ စပါးမရှိတော့ဘူး။ မရှိတော့ ဆန်ဝယ်စားကြတော့ အခက်အခဲ ရှိတာပေါ့။ ဆန်တပြည်က ၃၅၀၀ နဲ့ ၄၀၀၀ ကြား ရှိတယ်။ ကျမတို့ ကိုယ့်ရွာက စပါးထွက်ပေမယ့် အဲ့စပါးတွေက မီးရှို့မှာစိုးတော့ ၁၅ သိန်းနဲ့ ရောင်းကြတာ။ အခုက ဈေးက ၂၈ သိန်းဆိုတော့ ဈေးက ထက်ဝက်ကျော် တက်သွားတော့ ဝယ်စားရတာ မလွယ်တော့ဘူးပေါ့။"

စစ်ကောင်စီက တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက ရွာတွေကို ဖြတ်လေးဖြတ် ပုံစံ လုပ်ထားပြီး စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာ အခက်အခဲ ရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရတဲ့ လမ်းခရီးမှာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ကြုံရသလို တောင်သူတွေ လိုအပ်တဲ့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေပါ သယ်ယူရတာ အခက်အခဲ ရှိနေတာပါ။ ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့မှုတွေ မကြာခဏ ကြုံရပြီး နေအိမ်နဲ့ လယ်ယာတွေ ပျက်စီးဆုံးရှုံးနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024