Home
မြန်မာသတင်း
မန္တလေးတွင် လေပြင်းတိုက် သစ်ပင်များ ပြိုလဲ၊ မြောက်ယမားချောင်း ရေလျှံပြီး၊  ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးသင့်ကျေးရွာများ ရေကြီး 
DVB
·
May 15, 2023

မန္တလေးမြို့အနီးမှာ  မေလ ၁၄ ရက် ည ၁၁ လောက်ကစပြီး မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် လေပြင်းတွေ တိုက်ခတ်ပြီး မန္တလေးမြို့ပေါ် နေရာအနှံ့အပြားမှာ သစ်ပင်တွေ ပြိုလဲခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အလွန့်အလွန် အင်းအားကောင်းတဲ့ မိုခါမုန်တိုင်းဟာ မနေ့က ရခိုင်ပြည်နယ်ကို ဖြတ်သန်းလာအပြီး ညနေပိုင်းမှာ ကုန်းတွင်းသို့ ဝင်ရောက်လာကာ မြန်မာနိုင်ငံအနှံ့ မြို့ကြီးတွေမှာ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတွေ တိုက်ခတ်နေတာပဲ ဖြစ်ပါတယ်။

မန္တလေးမြို့ခံတယောက်က “ည ၁၁ နာရီလောက်ကစပြီး လေပြင်းတွေ တိုက်လာတာ၊ ၁၂ နာရီလောက် ရောက်တော့ မီးသတ်ကားသံလိုမျိုး လေတိုးသံ အကျယ်ကြီးကြားရပြီး လေတွေ ဆောင့်ဆောင့်တိုက်တယ်၊ အိပ်လို့တောင် မပျော်တော့ဘူး။ သစ်ကိုင်းတွေ ကျိုးတဲ့အသံတွေ သစ်ပင်တွေလဲတဲ့အသံတွေ ကြားပေမဲ့ လေတအားပြင်းတော့ အပြင်ထွက်မကြည့်ရဲဘူး”လို့ ပြောပါတယ်

လေပြင်းတိုက်ခတ်ချိန်မှာ ၃ နာရီခန့် ကြာမြင့်ပြီး လေငြိမ်သွားချိန် မေလ ၁၅ ရက် မနက် ၁ နာရီမှာစပြီး အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ မဏီစလလူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“မြန်မာနိုင်ငံကို မုန်တိုင်းဝင်မယ်လို့ စကြားကတည်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ အင်အားကို ကြိုတင်ပြင်ဆင် စုဖွဲ့ထားတယ်၊ မနေ့ညက လေကျလာတော့ အသင့်အနေအထားနဲ့ စောင့်ကြည့်နေခဲ့ပါတယ်၊ လေငြိမ်တာနဲ့ မနက်ခင်းမတိုင်မီ အများပြည်သူများ သွားလာဖို့ အဆင်ပြေစေရန် ရှင်းလင်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ပါတယ်။”

လေပြင်းတွေ ကျရောက်သောကြောင့် မန္တလေးမြို့အနှံ့ သစ်ပင်တွေ ပြိုလဲခဲ့ပေမဲ့ လူနေအိမ်တွေကို ထိခိုက်မှု မကြားမိဘူးလို့ အဆိုပါလူမှုကူညီရေးတာဝန်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း မြောက်ယမားချောင်းဟာ မေ ၁၄ ရက် ညက ချောင်းရေလျှံခဲ့သလို မြောက်ယမားချောင်းမြောက်ဘက် ကပ်လျက် ဆည်ကြီးအုပ်စု ထန်းတောကြီးရွာထဲ ရေဝင် ရေနစ်မှာလည်း ဖြစ်ခဲ့ပါတယ်။ ကျေးစာကျ၊ ထန်းတောကြီး၊ ရေကြည်ပင်၊ မြရိပ်ရွာတွေးဘက်က လျှပ်စစ်မီးတိုင် လျှပ်စစ်မီးကြိုးများ လဲကျ ကျိုးပြတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

နောက်ထပ် ဒေသခံတဦးက “လူအထိအခိုက်ကတော့ လောလောဆယ် မကြားသေးဘူး။ အခုလက်ရှိ ထမင်းထုပ် ဝေဖို့ တခြား ကျေးရွာတွေကို ဖိတ်ထားတယ်။ ရေဘေးဒဏ် ခံစားရတာက တော့ ယမားချောင်းတလျှောက်ကတော့ အားလုံးပဲ။ ခုက ယမားချောင်းထိပ်က ဆည်ကြီးအုပ်စုထဲ အရှေ့တောင်ခြမ်း လုံးဝ  မကူးရဲကြဘူး”လို့ ပြောပါတယ်။

မိုခါမုန်းတိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြောက်ယမားချောင်း ရေလျှံကာ ထန်းတောကြီးရွာအတွင်း ရေဝင်ရောက်တာကြောင့် ကျေးရွာရှိ လူအများ ရေဘေးဒဏ်နေကြရတာပါ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ တိုက်ပွဲတွေကြား နှစ်ဘက် မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေမှာ မိုခါမုန်တိုင်း အရှိန်ကြောင့် မေ ၁၅ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းကာ ရေကြီးနေတယ်လို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့က “ဆားလင်းကြီးမြို့နယ်ထဲမှာ မီးရှို့ခံရတဲ့ ကျေးရွာတချို့ မိုးရေ ပြည့်နေပြီး မီးဘေးသင့်ပြည်သူတွေ သွားလာရေးနဲ့ ချက်ပြုတ်ရေးမှာလည်း အခက်ခဲတွေ ဖြစ်နေတယ်”လို့ ဆိုပါတယ်။ 

‘မိုခါ’ ဆိုင်ကလုန်းမုန်တိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နားကနေ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မုန်တိုင်း ဖြတ်ကျော်ပြီးဖြစ်လို့ အစိမ်းရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးဇလဌာနက မေ ၁၅ ရက် မနက် ၇ နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။

လက်ရှိမှာတော့ ရခိုင်နှင့် ချင်ပြည်နယ်ကို မုန်တိုင်းကင်းစင်တဲ့ အစိမ်းရောင်အဖြစ် သတ်မှတ်လိုက်ပြီး စစ်ကိုင်း၊ မန္တလေး၊ ကချင်နဲ့ ရှမ်း စတဲ့တိုင်းနဲ့ပြည်နယ်တွေကို အညိုရောင်အဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းဟာ နောက် ၆ နာရီအတွင်းမှာ အားလျော့သွားပြီး ကချင်ပြည်နယ်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း ပျောက်ကွယ်သွားမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီနေ့ မေ ၁၅ ရက် မနက်ပိုင်းမှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024