Home
ဆောင်းပါး
အမုန်းပေါက်ကွဲမှု ဈေးပြိုင်စနစ် (သရော်စာ) 
DVB
·
May 15, 2023

(က)

အဘစောမူးသာတို့အိမ်ကိုရောက်တော့ အဘစောမူးသာနှင့် အဘလုံးတုံးတို့ကို ရေနွေးကြမ်းဝိုင်းဘေးက ထန်းပလပ်ကုလားထိုင်တွေမှာ စာအုပ်ကိုယ်စီနှင့် မြင်ရပါ၏။

သူတို့တွေက အမှန်အကန် ' စာဖတ်သူတွေ ' ဖြစ်ကြပါလေ၏။

" လာဟေ့ ဖေကြီး . . ထိုင်ကွာ၊ ရေနွေးကြမ်းသောက် . . . "

" ' အမြည်း ' ကောင်းရဲ့လား အဘ "

" ' အမြည်း ' က ' စာအုပ်တွေ ' ကွ၊ သည့်ထက်ကောင်းတဲ့အမြည်း ဘာရှိမှာလဲဟ "

" ဟားဟား ဟားဟား ဟားဟား . . . . . "

သူတို့ဘေးနားမှာ စာအုပ် လေးငါးခြောက်အုပ် ရှိပါလေ၏။ ဆွဲယူကြည့်လိုက်တဲ့အခါ တကယ့်စာအုပ်ကောင်းတွေ ခင်ဗျ။ ဆရာအောင်သင်းတို့၊ ဆရာပါရဂူတို့၊ ဆရာနန္ဒာသိန်းဇံတို့၊ ဆရာချစ်ဦးညိုတို့၊ ဆရာနတ်နွယ်တို့၊ ဆရာမောင်ခိုင်လတ်တို့၊ ဆရာ မောင်ရင့်မာတို့၊ ဆရာမခင်ခင်ထူးတို့ . . .စသည်ဖြင့် မြင်တွေ့ရပါလေ၏။

အဘစောမူးသာလက်ထဲမှာကား ဆရာမြသန်းတင့်၏ ဘာသာပြန်စာအုပ်၊ ' သမိုင်းကြေးမုံ ' ဖြစ်ပါ၏။ ဟိုအရင်က ဆရာနတ်နွယ်၏ ' နွယ်နီ ' မဂ္ဂဇင်းမှာ အခန်းဆက်ရေးသားခဲ့သည့် 'ကမ္ဘာ့သမိုင်းကြောင်း ' စာအုပ်ကလေးပါ ခင်ဗျ။

" ကောင်းတယ်ကွာ . . . အခု နောက်တစ်ကြိမ် ပြန်ဖတ်ကြည့်နေရင်းကနေ ' တွေးစရာတွေ ' ပေါ်လာသဟ "

အဘစောမူးသာက သူစက္ကူ ညှပ်၍မှတ်ထားလေသည့် စာမျက်နှာတစ်ခုကိုလှန်ကာ အဲသည်နေရာကို ဖတ်ကြည့်စေပါ၏။ 'ကပ်ဆိုက်ချိန်၊ ယခင်နှင့် ယခု ' ခေါင်းစဉ်နှင့် ' ဆိုဗီယက်ရုရှား ' သမိုင်းကြောင်း စာမျက်နှာပါခင်ဗျ။ 'ကသောင်းကနင်းကာလ ' တွေပါ တဲ့။

၁၉၁၇ ခုနှစ် အောက်တိုဘာလမှာ ' လီနင် 'ခေါင်းဆောင်တဲ့ ဘော်လ်ရှီဗစ်တွေက ဒုတိယ နီကိုးလတ်ဇာဘုရင်ကို နန်းချပြီး၊ ဇာဘုရင်စနစ်ပျက်သုဉ်းပြီးတော့ ပထမဆုံးတက်လာတဲ့' ကရင်စကီ ' ရဲ့ ယာယီအစိုးရအဖွဲ့ကို ဖြုတ်ချပစ်လိုက်ပါသတဲ့။

လီနင်ဦးဆောင်တဲ့ ဘော်ရှီဗစ်အစိုးရဟာ သူတို့ရဲ့အာဏာကို ခိုင်မြဲအောင်လုပ်ပါသတဲ့။ ဒီမှာတင် ဘော်ရှီဗစ်တို့ရဲ့ ရန်သူတွေကလည်းအပြင်းအထန် ခုခံကြလေတော့ ဆိုဗီယက်ရုရှားမှာ ' ပြည်တွင်းစစ်ကြီး' ထဖြစ်ပါရော တဲ့။ 

အစိုးရဟောင်းကိုထောက်ခံတဲ့ စစ်တပ်တွေက ရုရှားအင်ပါယာ အတွင်းပိုင်းကို ဆုတ်ခွာသွားကြကာ ' တပ်ဖြူ များ ' ဖွဲ့ဖို့ ကြိုးစားကြပြီး သူတို့နဲ့အတူ ဘော်ရှီဗစ်တွေနဲ့ ပူးပေါင်းဖို့ငြင်းဆန်ကြတဲ့ 'ကော့ဆက်' မြင်းတပ်တွေလည်း ပါသွားကြပါသတဲ့။

ရုရှားအင်ပါယာကြီးပြိုကွဲတာနဲ့ လူမျိုးစုတွေကလည်း ခွဲထွက်ကြပြီး 'ကိုယ်ပိုင်နိုင်ငံ' တွေထူထောင်လိုက်ကြတာမှာ ' ဖင်လန်၊ ပိုလန်၊  ဘောလ်တစ်နိုင်ငံတွေနဲ့ ယူကရိန်းပြည်နယ်တို့က ' လွတ်လပ်တဲ့နိုင်ငံများ ' အဖြစ် ကြေညာကြပါသတဲ့။

ရုရှားပြည်ကြီးဟာ ကသောင်းကနင်း ဖရိုဖရဲဖြစ်နေပြီး အုပ်စိုးသူဘော်လ်ရှီဗစ်တို့က လျှို့ဝှက် ရဲတပ်ဖွဲ့ ' ချက်ကာ ' ကို တည်ထောင်လို့ သူတို့ကြီးစိုးခွင့်ရတဲ့ဒေသတွေမှာသူတို့ကို ဆန့်ကျင်သူတွေကို ရက်ရက်စက်စက်ကို ဒလကြမ်း နှိပ်ကွပ်ခဲ့ပါသတဲ့။

ဒီဘော်လ်ရှီဗစ်တွေရဲ့ ရက်စက်မှုတွေကိုဆန့်ကျင်တွန်းလှန်တဲ့ ဘုရင်ထောက်ခံသူတွေကလည်း သူတို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာ 'အဖြူရောင် ကြောက်ဖွယ်အုပ်စိုးမှု'ကို တည်ဆောက်ခဲ့ကြပါသတဲ့။

ဒီအထဲမှာ ' တတိယအုပ်စု ' ဆိုတာ ပေါ်လာပြန်သေးပြီး အဲသည် လယ်သမား တောပုန်းဓားပြတွေက သူတို့ကိုယ်သူတို့ 'အစိမ်းရောင်တပ်မတော်' လို့ အမည်ပေးထားကြပါသတဲ့။  တွေ့မရှောင်၊ အကုန်လု၊ အကုန်သတ်ပြီး အကုန်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပါသတဲ့။

" အေး . . . အဲသည်ကာလ အခြေအနေဆိုးကြီးကို သမိုင်းဆရာ ' ဝီလီယံ ဟင်နရီ ချိန်ဘာလိန် ' က ဘယ်လိုပြောခဲ့လဲ တွေ့လား "

" တွေ့တယ်အဘ . . . " သမိုင်းတွင် အကြီးကျယ်ဆုံး အပြင်းထန်ဆုံးသော ' အမုန်းပေါက်ကွဲမှုကြီး ' " တဲ့ ခင်ဗျ "

" အိမ်း . . . ' အမုန်း ပေါက်ကွဲမှုကြီး ' "

(ခ)

မုန်တိုင်းမိုးလေးအေးအေးနဲ့ စာအုပ်ကိုယ်စီနဲ့ရှိနေကြချိန်မှာ အဘစိမ်းမောင် နဲ့ အဘစိမ်းလွင်တို့ ရောက်ရှိလာပါ၏။ အကြောင်းအထွေအထူးမရှိဘဲ မိုးဝင်ခိုတာပါတဲ့ ခင်ဗျ။ ရေနွေးပူပူကိုမှုတ်သောက်ကြရင်း မုန်တိုင်းသတင်းဘာသတင်းပေါ့ဗျာ . . . စကားစပ်ကြပါ၏။

ထိုမှသည် ဖုန်းသတင်းတွေ ပြောနေကြပါ၏။ ဘယ်နယ်က ဘယ်ရွာမှာတော့ ဘယ်အုပ်ကြီး ဘယ်လိုအသတ်ခံရတာကအစ ဘယ်ရွာက ဘယ်အုပ်ကြီးတော့ နုတ်ထွက်ပြီး ဘယ်လိုရှောင်တိမ်းနေရပြီဆိုတာတွေပါ ကြားရပါ၏။

" ဒါနဲ့ စိမ်းမောင်ရ . . . ' ညောင်နှစ်ပင် ' ရွာက နင့်တူ အုပ်ကြီးလင်မယားလည်း အပစ်ခံရတယ် ဆို "

" ဟူး  . . . . . . . . . . "

အဘစောမူးသာ့အမေးအပြီးမှာ အဘစိမ်းမောင်၏ ' သက်ပြင်းရှည် ' ကြီးကိုသာ ကြားကြရပါ၏။ သူ၏မျက်နှာမှာလည်း ခပ်ညှိုးညှိုးခပ်နုန်းနုန်း။ သူ့တူအုပ်ကြီးကော သူ့မိန်းမပါ ကြင်စိုး သာ၀ မအလ စကစ နှင့် ပေါင်းကာတစ်ဆိတ်ရှိတာနဲ့ ' တပ်ကို ခေါ်လိုက်မှာနော်၊ ဘာမှတ်နေလဲ " ဟု ရပ်ရွာကို ချိန်းခြောက်နေကျ စိတ်တူကိုယ်တူလင်မယားပါတဲ့ ခင်ဗျ။

" ဟူး  . . . . . . . . . "

အဘစိမ်းမောင်၏ သက်ပြင်းချသံများကိုသာထပ်ကာထပ်ကာ ကြားကြရပါ၏။ သူကား အိမ်ပြတင်းမှနေ၍ မိုးပေါက်များကိုသာ အကြောင်သား ငေးနေပါလေ၏။ အတော်က လေးကြာမှ စကားစ ထွက်ကျလာပါ၏။

" ဒီ PDF တွေတော့ မလွယ်တော့ဘူး "

" ဘာဖြစ်လို့လဲ စိမ်းမောင်ရ . . . "

" ဘာဖြစ်ရမလဲဟ . . . အကြောင်းမဲ့ကို

လိုက်သတ်နေတာလေကွာ "

" အဲဒီ မင့်တူအုပ်ကြီးလင်မယားကလည်း

' နာမည်ဆိုး ' နဲ့ ကျော်ကြားတယ် ဆို။ လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းပြီး စစ်ကောင်စီလက်ထဲ အပ်နေကျ ဆို "

" ဟူး . . . . . . . . . . "

သက်ပြင်းချသံမှတစ်ပါး ရှင်းစရာစကား ရှိပုံမရပေ။ သူ့တူအုပ်ကြီးကား ရပ်ကျော်ရွာကျော် စကစ ဒလန် သတင်းပေး ဘောမဆိုတာ အကုန်လုံးအသိမဟုတ်ပါလား။ ရပ်ရွာအပေါ် ' အလိုတော်ရိ ' လုပ်နေသူတို့ကား နိဂုံးကောင်းမည်မဟုတ်ဟု အဘလုံးတုံးက တွေးတွေးဆဆ သုံးသပ်ပြပါ၏။

" အာဏာရှင်တွေရဲ့ ' လက်ကိုင်တုတ် 'တွေဟာလည်း အာဏာရှင်တွေလိုပဲ အသေထွက် ထွက်ရတာ ကမ္ဘာ့နိယာမပေါ့ကွာ "

" ' အမုန်းပေါက်ကွဲမှု ' ဟာ သိပ်ကိုပြင်းထန်တတ်တယ်ဆိုတာလည်း ကမ္ဘာပေါ်မှာ သင်ခန်းစာတွေ တစ်ပုံကြီးပဲ ဟ "

" ဟူး . . . . . . . . . "

မိုးက မတိတ်သေး။ အဘစိမ်းမောင်၏ စကားသံကား တိတ်နေလေပြီ။ 

(ဂ)

ကြင်စိုး သာ၀ မအလခေတ်မှာ မအလနှင့် အပေါင်းပါ အဓမ္မကောင်များကို ဓမ္မဘက်တော်သားများက နိုင်ငံတဝန်းလုံး တက်ညီ လက်ညီတွန်းလှန်ပြီး ' ခုခံစစ်' ဆင်နွှဲနေကြချိန်မှာ မသမာသူနှင့် ဖက်လှည်းတကင်း ချစ်တင်းနှောပူးကပ်ကာ အာဏာပါဝါပြနေသူတို့ကား အဖျားခတ်ခံရမှာ ဓမ္မတာပါပဲကွာဟု အဘစောမူးသာက သုံးသပ်ပြပါ၏။

" ဟူး. . . သည်အခြေအနေဆိုးကြီးကို အမြန်ဆုံးပြီးစေချင်ပြီ မူးသာရာ . . . "

အဘစိမ်းမောင်ဆီမှ စကားစ ထွက်ကျလာပါ၏။ သူနှင့်အတူလာသည့် စိမ်းသရဖူစိမ်း အဘစိမ်းလွင်လည်း မျက်နှာမကောင်းလှ။ အပစ်ခံခဲ့ရသည့် သူတို့၏တူလင်မယားမှာလည်း သူတို့တွေလိုပဲ ' အစွန်းရောက် အစိမ်းတွေ 'ဖြစ်နေကြခြင်းကလည်း သူတို့အနာဂတ်အတွက်ပါ ထိတ်လန့်စရာဟု သုံးသပ်မိနေကြမှာလည်း အမှန်ပဲပေါ့ ခင်ဗျာ။

" ဟှူး  သည်အခြေအနေဆိုးကြီး အမြန်ဆုံးပြီးမှပဲကွာ . . . "

" အမြန်ဆုံး ပြီးစေ့ချင်ရင်တော့ တရားတဲ့ဘက်က ဝင်ကူဖို့ပဲရှိတာပေါ့ စိမ်းမောင်ရာ "

" ဟူး  . . . . . . . . "

သည့်နောက် အဘစိမ်းမောင်က ဖွင့်ဟလာသည်မှာ မြဝတီက ဝါဒဖြန့်သည့် PDF တွေ အလင်းဝင်ရင် တိုင်းပြည်အေးချမ်းမယ် ဘာညာသာရကာ ကပေါက်တိ ကပေါက်ချာတွေ' လွှတ် ' ပါလေ၏ ခင်ဗျာ။

အဘလုံးတုံးက " မင်းတို့ မအလပဲ PDF တွေနဲ့ ဘယ်တော့မှ မစေ့စပ်ဘူးဆိုကွ " ဘာညာ ထောက်ပြတဲ့အခါ " အခုဟာက သူတို့ကို မိဘရင်ခွင်ဆီ စေတနာနဲ့ ပြန်ခေါ်ပေးနေတာကွ " လုပ်ပြန်ပါလေ၏ ခင်ဗျာ။  

" ' အမုန်းပေါက်ကွဲမှု'အရှိန်ကြောင့် ဘယ်သူမှ ပြန်လာမှာမဟုတ်ဘူးဟ"လို့ ပြောတော့ အဘစိမ်းမောင်က " ဟူး "ကနဲ နောက်တစ်ခါ သက်ပြင်းချပြန်ပါလေ၏။

ပြီးတော့ ကြင်စိုး သာ၀ မအလတွေ ဝါဒဖြန့်သလို PDF တွေ လက်နက်တွေနဲ့တကွ အလင်းဝင်လာပါ၊ သေနတ်အတိုဆို ဆုငွေကဘယ်လောက်၊ သေနတ်အရှည်ဆို ဆုငွေက ဘယ်လောက်၊  သေနတ်မတိုမရှည်ဆို ဆုငွေကဘယ်လောက် ဆိုတာတွေ လျှောက်ပြောနေပြန်ပါလေ၏ ခင်ဗျ။ အဘစောမူးသာက ပြုံးစိစိလုပ်ကာ စကားဟလာပါလေ၏။

" ဒါနဲ့နေပါအုံး စိမ်းမောင်ရ . . မင်းတို့ ကြင်စိုး သာ၀ မအလတွေ ကြေညာနေတာမှ ဆယ်သိန်းတို့၊ ဆယ့်ငါးသိန်းတို့၊ သိန်းနှစ်ဆယ်တို့ကနေ သိန်းငါးဆယ်လောက်အထိချီးမြှင့်မယ်ဆိုတာ ကြားလိုက်မိပါတယ် "

" ဟုတ်တယ်လေကွာ . . . အရေးလည်းမယူဘူး၊ ဆုငွေလည်းရ၊ သားရွှေအိုးထမ်းလာကိန်းဆိုက်ဖို့ နိုင်ငံတော်ရဲ့စေတနာပေါ့ ကွာ "

" ဟားဟား ဟားဟား ဟားဟား . . . . . "

အဘစောမူးသာကော အဘလုံးတုံးပါ တိုင်ပင်ထားခြင်းမရှိပါပဲ ဝါးလုံးကွဲ ရယ်ချလိုက် ကြလေရာ အဘစိမ်းမောင်မှာ ' မင်းတို့ကမယုံလို့လား ' ဟု ဘုတော တောပါလေ၏။

ဟိုအရွှင်အဘတွေကလည်း ' ယုံပါကြောင်း' ဘာညာ သာရကာ 'ထည့်' ပါလေ၏ ခင်ဗျာ။

ပြီးတော့မှ ဒီလို အမုန်းပေါက်ကွဲမှုကြီး ပြင်းထန်နေချိန် တစ်ဖက်သားကို ကိုယ့်ဘက်ကူး ပြောင်းလာချင်အောင် စီမံတဲ့နေရာမှာ အစစအရာရာ ပညာသားပါပါဆောင်ရွက်နိုင်မှသာ အဆင်ပြေမှာဖြစ်ကြောင်း ရှင်းပြပါ၏။

ပြီးသည့်အခါ လိုင်းပေါ်က PDF GZ လူငယ်လေးတစ်ဦး၏ ရုပ်သံဖိုင်လေးကို ဖွင့်ပြပါလေ၏ ခင်ဗျာ။ စက္ကန့်သုံးဆယ်ခန့်သာရှိလေသည့်ထို PDF လူငယ်လေး၏ရုပ်သံဖိုင်မှာ သေနတ် အရှည်တစ်လက်ကို ထောင်ပြရင်း စကားပြောကာ သတင်းစကားပါးထားတာလေးပါ။

" ဒီလိုဟာမျိုးနဲ့ အလင်းဝင်လာရင် မအလကဆုငွေ ' သိန်း ၅၀ ' ပေးမယ်တဲ့။ အေး . . . စကစက ညီအစ်ကိုတို့ရေ . . . မင်းတို့ ဒီလိုဟာမျိုးနဲ့ ပြည်သူ့ရင်ခွင် အမြန်ဆုံးဝင်လာပါ၊ ကြင်စိုး သာ၀ မအလထက် နှစ်ဆပိုပြီး ' သိန်း ၁၀၀' တိတိ ချီးမြှင့်နေပါတယ် ခင်ဗျ "

" အာဟ . . . အာဟ . . . အာဟ "

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024