Home
မြန်မာသတင်း
ရေစကြိုတွင် ရဲ ၄ ဦးတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး၊ စစ်တပ်လက်နက်ကြီးကြောင့် ကလေး ဒေသခံ ၃ ဦး ဒဏ်ရာရ
DVB
·
May 14, 2023

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းကနေထွက်လာတဲ့ ရဲ ၄ ဦးကို မေ ၁၂ ရက် နေ့လယ် ၁ နာရီလောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးနေရာတင်သေဆုံးခဲ့တယ်လို့  ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

"ရဲလေးယောက်က ဆိုင်ကယ်နဲ့ထွက်ခဲ့တာ၊ ကျနော်တို့က အနီးကပ်ပစ်ခတ်ခဲ့တာပါ။ ၃ ယောက် နေရာတင်ကျတယ်၊ တယောက်က ပခန်းငယ်ရဲစခန်းကစခန်းမှူးပါ” လို့ ပခုက္ကူမြို့နယ်​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပခန်းကြီးငယ်ရဲစခန်းကနေ ပခန်းကြီးရဲစခန်းကိုထွက်လာတဲ့ ရဲ ၄ ဦးမှာ ၃ ဦးနေရာတင်သေဆုံးခဲ့ပြီး ကျန်တဦးက လက်ပစ်ဗုံးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျန်နေခဲ့တဲ့ ရဲတဦးကို စစ်ကောင်စီတပ်က တပ်ကူတွေ လာရောက်ခေါ်ဆောင်သွားတယ်ပြီး လက်နက်တွေမရခဲ့ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရဲတွေကို ပခုက္ကူ ပကဖ (Pakokku Special Guerrilla Force)၊ မဟာမိတ်တွေဖြစ်တဲ့ UURF၊ ပခုက္ကူခရိုင်တပ်ရင်း ၃ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာနဲ့ မြောက်ပိုင်းက လက်ပံချောင်း ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာခံအမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၁ ရက်က ကလေးအမြှောက်တပ်ကနေ လက်ပံချောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ရွာထဲကို လက်နက်ကြီး ၅ လုံးပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်ပံချောင်းရွာခံတဦးက "နေ့လယ် ၁၂ နာရီလောက်မှာ တကြိမ်ကျတာ။ အမျိုးသမီး တယောက် ဒဏ်ရာရတယ်။ နောက်ထပ် ၂ နာရီလောက်မှာ တကြိမ်ကျတာ အမျိုးသမီးတယောက် ထပ်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက ဆေးကုသမှုခံယူနေကြရတယ်။ လက်နက်ကြီးကျလို့ နေအိမ်တလုံးလည်း မီးလောင်သွားတယ်။ နေအိမ်တွေ ထိခိုက် ပျက်စီးတာတွေ လည်းရှိတယ်" လို့ ပြောပါတယ်။

မေ ၁၂ ရက် နေ့လယ်ပိုင်းမှာလည်း ကြံသာရွာမှာတပ်စွဲ‌နေတဲ့ စစ်ကောင်စီတပ်က ကျေးရွာနဲ့ ၃ မိုင်အကွာ တင်သားရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တင်သားရွာခံတဦးက ပြောပါတယ်။

"အမှတ် ၃ ထဲ လက်နက်ကြီးကျလို့ ကောင်မလေး တယောက် ဒဏ်ရာ ရသွားတယ်။ ရွာတောင်ပိုင်းကလူတွေတော့ ပြေးကြရသေးတယ်။" 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024