Home
မြန်မာသတင်း
မြဝတီမြို့ရှိ နေအိမ် ၄ လုံးကို စစ်ကောင်စီ ချိပ်ပိတ်
DVB
·
May 10, 2023
345614723_144202425293852_5008980336496946337_n

ကရင်ပြည်နယ်၊ မြဝတီမြို့က ၁ ရပ်ကွက်၊ ၃ ရပ်ကွက်၊ ၄ ရပ်ကွက်နဲ့ ၅ ရပ်ကွက်တို့ရှိ လူနေအဆောက်အဦတွေကို မေ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက လိုက်လံချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့မနက် ၉ နာရီလောက်က မြဝတီ၊ အမှတ် ၄ ရပ်ကွက်၊ ပြည်ခိုင်ဖြိုးလမ်းရှိ ခြံဝင်းအပါအဝင် နှစ်ထပ်ပျဉ်ထောင်အိမ်တလုံးကို အမှတ် ၄ အုပ်ချုပ်ရေးမှူးနဲ့ မြဝတီရဲစခန်းက ရဲ ၄ ဦးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က) အရ ချိပ်ပိတ်ထားတဲ့ အိမ်ဆိုတဲ့ ဗီနိုင်းလာကပ်သွားတယ်လို့ သိရပါတယ်။

ရဲ ၄ ဦး လက်နက်အပြည့်အစုံပါ ကားတစီးနဲ့ အမှတ် ၃ ရပ်ကွက်၊ အဓိဋ္ဌာန်အောင် ၂ လမ်းရှိ အလျားပေ ၃၀၊ အနံ ၁၅ ပေရှိ နှစ်ထပ်တိုက်တလုံးနဲ့ အမှတ် ၅ ရပ်ကွက်၊ မလိခလမ်းရှိ ဆောက်လက်စ RC နှစ်ထပ်တိုက်နဲ့ ခြံကိုပါ ချိပ်ပိတ်သွားတာပါ။

မြို့ခံတဦးက “ရဲကားတစီးနဲ့လာတာ၊ ရပ်ကွက်ရုံးက လူကြီး ၂ ယောက်ပါတယ်။ ဒီ အမှတ် ၄ ထဲက အိမ်တလုံးနဲ့ အမှတ် ၃ ဘက်က ၂ ထပ်အိမ်တလုံးပါ စာကပ်သွားတယ်။ အဲ့အိမ်တွေက လူမရှိတာကြာပြီ” လို့ ပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီဘက်က အမှုဖွင့်‌ထားတဲ့သူတွေရဲ့ နေအိမ်တွေဖြစ်တယ်လို့ သိရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က) (ည) တွေနဲ့ အမှုဖွင့်ခံထားရပါတယ်။

အဲဒီနေ့ခင်းပိုင်းမှာပဲ မြဝတီမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ ကံ့ကော်လမ်းမှာ ဖွင့်လှစ်ထားတဲ့ သုံးထပ်အဆောက်အဦ စံပယ်ဦး ဧည့်ရိပ်သာကိုပါ မမစ(မြဝတီ) (ပ) ၉၈/၂၀၂၃၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)(စ) နဲ့ ချိပ်ပိတ်သော့ခတ်သွားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ[ Pan ]

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024