
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မေလ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော်လောက်နဲ့ မေလ ၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးလာလို့ လက်ဆည်ကန်၊ အညာတော၊ သံပြာချောင်း၊ စိုင်သေ၊ စလင်းကုန်း၊ ဆတ်သွား၊ ထနောင်းခလ ကျေးရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စိုင်သေကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အညာတောကျေးရွာကိုတော့ တအိမ်တက် တအိမ်ဆင်း မွှေနှောက်ကာ လမ်းမှာတွေ့တဲ့ ဆိတ်တွေကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ပြည်သူတွေမွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်ကာ ချက်ပြုတ်စားသောက်သွားကြတယ်လို့ ပြောပါတယ်။
“သူတို့တွေ စစ်ကြောင်းဝင်လာတော့ တပိုင်တနိုင်လေးတွေဆွဲပြီး ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ကာ သစ်ပင်အရိပ်တွေ နွားလှည်းအောက်တွေမှာ ဖြစ်သလို နေနေကြရတယ်။ လက်ရှိအခြေအနေမှာတော့ အိမ်ကပါလာတဲ့ စားနပ်ရိက္ခာတွေကို ဝေငှစားသောက်နေကြရပြီး စားနပ်ရိက္ခာ၊ အဝတ်ထည်၊ စောင်၊ ခြင်ထောင်၊ မိုးကာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီတွေ လိုအပ်နေပါတယ်။”
ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစားလာသလို ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။