
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။
အမှတ် ၃၂၇ နယ်ခြားစောင့်တပ်၊ လဝကရဲနဲ့ ခရိုင်လုံခြုံရေးကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ ည ၉ နာရီခွဲလောက်က နယ်မြေလုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ချင်းရိုင်းမြို့နယ် လွပ်ဝိန်းရပ်ကွက် ဟောင့်ဟော့မီးပွိုင့်အနီး ( မြန်မာနယ်စပ်နဲ့ ကီလိုမီတာ ၆၀ အကွာ ) မှာ မသင်္ကာဖွယ် ဟိုင်းလပ်ကား ၂ စီးကိုစစ်ဆေးရာကနေ တရားမဝင်မြန်မာနိုင်ငံသားတွေ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
သူတို့တွေထဲမှာ အသက် ၂၄ မှ ၄၅ နှစ်ရွယ်ကြား အမျိုးသား ၉ ဦး ၊ အသက် ၁၈ မှ ၄၀ နှစ်ရွယ်ကြား အမျိုးသမီး ၁၀ ဦး နဲ့ အသက် ၅ နှစ်မှ ၁၅ နှစ်ရွယ်ကြားကလေး ၁၁ ဦးပါဝင်ကြောင်း ၊ တချို့က ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်ရှိပြီး တချို့မှာဘာအထောက်အထားမှမရှိဘဲ ရှမ်းပြည်မြောက် ပိုင်းကနေ လာကြတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်မောင်း/လမ်းပြ နိုင်းအိုဖတ် ( ၄၄ နှစ် ) ထိုင်းနိုင်ငံသားနဲ့ နိုင်းဆုမ်ချိုင်း ( ၂၂ နှစ် ) မကြာသေးခင်ကမှ ထိုင်းနိုင်ငံသားအဖြစ်လွှဲပြောင်းခံရသူတို့ ၂ ဦးကို တရားမဝင် ဝင်ရောက်သူများအား အပြစ်မှကင်းလွတ်အောင်ကူညီမှု၊ တရားမဝင်သူများအား နိုင်ငံတွင်းသို့ တင်သွင်းမှု၊ တရားမဝင်သူတို့အား သိုဝှက်ထားမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသား အယောက် ၃၀ ဦးကို လဝက ဥပဒေနဲ့အရေးယူဖို့ ချင်းရိုင်းမြို့မရဲစခန်းမှာ ဆက် လက်စစ်ဆေးမေးမြန်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ချင်းရိုင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း တရားမဝင် ဝင်ရောက်လာတဲ့ ရှမ်းပြည်နယ်က မြန်မာနိုင်ငံသား ၂၈ ဦး အဖမ်းခံခဲ့ရပါသေးတယ်။
ကိုးကား - Maesaipress