
မြန်မာ့ရုပ်ရှင်ပရိသတ်တွေရဲ့ အချစ်တော် ဟာသသရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ဟာ ဧပြီ ၂၉ ရက် မနက် ၆ နာရီခွဲလောက်က ပုလဲမြို့ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ ကွယ်လွန်သွားတယ်လို့ အနုပညာအသိုက်အဝန်းဆီက သိရပါတယ်။
"မနက် ၆ နာရီခွဲ လောက်မှာ ကွယ်လွန်သွားတာပါ။ သူနေတဲ့ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာပဲ ခေါင်းချသွားတယ်။ ပရိသတ်တွေကို သရုပ်ဆောင်မှုတွေနဲ့ ဟာသ အပျော်တွေ ပေးစွမ်းခဲ့သူတယောက် ဆုံးရှုံးသွားပြီ" လို့ ဆွေမျိုးနီးစပ်သူတဦးက ပြောပါတယ်။
ဟာသသရုပ်ဆောင် လူရွှင်တော် ဦးဝင်းနိုင်ဟာ ရုပ်ရှင်ဗွီဒီယို ဇာတ်ကားပေါင်းမြောက်မြားစွာရိုက်ကူးခဲ့ကာ ပရိသတ်ရဲ့ အားပေးမှုကိုရရှိခဲ့သူတဦးဖြစ်ပြီး သေဆုံးချိန်မှာတော့ အသက် ၇၄ နှစ်ရှိပြီလို့ သိရပါတယ်။