
ဧပြီ ၂၅ တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၁၁၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၇၄ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ KIA+PDF တပ်ဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး မုံရွာမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကသာမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြပြီး တန့်ဆည်မြို့နယ်မှာတော့ အကြမ်းဖက် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို DMSA တပ်ခွဲ ၄ က ဖောက်ခွဲတိုက်ခိုက်ခဲ့သလို ရွှေဘိုမြို့နယ်မှာတော့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို PDF က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာလည်း စစ်ကောင်စီအခြေစိုက်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီ တပ်တွေက စစ်ဘေးရှောင်စခန်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။