
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားအရှေ့၊ ကုန်သည်လမ်းမှာ ဧပြီ ၂၅ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ၂ ထပ်တိုက် ၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ည ၇ နာရီခွဲလောက်က ၂ ထပ်တိုက် အဆောက်အဦတခုရဲ့ အပေါ်ထပ်ကနေ မီးစတင်လောင်ကျွမ်းတာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အဆိုပါတိုက်ရဲ့ကပ်လျက် စတိုးဆိုင်ဖွင့်ထားတဲ့ တိုက်တွေပါ လောင်ကျွမ်းသွားတာပါ။
ပြည်မြို့အခြေစိုက် ကယ်ဆယ်ရေးအသင်းတာ ဝန်ရှိသူတဦးက “ည ၇ နာရီခွဲလောက်မှာ မီးသတ်ယာဉ်တွေနဲ့အတူ အသင်းက သွားတာပါ။ တိုက် ၃ လုံးစလုံး အတွင်းပိုင်း အကုန်လောင်သွားတယ်။ မြင်တဲ့သူတွေပြောတာတော့ အလယ်က တိုက်ခန်းအပေါ်ထပ်ကနေ စလောင်တာလို့ ပြောတယ်။ ဝါယာရှော့လို့ ပြောပါတယ်။ ဘေးက စတိုးဆိုင်လည်း မီးထဲပါသွားတယ်” လို့ပြောပါတယ်။
မီးလောင်မှုစတင်ခဲ့တဲ့ တိုက်ခန်းမှာ နေထိုင်သူက မီးပျက်နေချိန် အပြင်ထွက်သွားတာဖြစ်ပြီး လျှပ်စစ်မီးပြန်လာချိန် ဝါယာရှော့ဖြစ် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ရဲ့ ဘေးချင်းကပ်လျက် စတိုးဆိုင်ဖွင့်ထားတဲ့တိုက် အပါအဝင် လူနေအိမ် ၂ ထပ်တိုက် အဆောက်အဦ ၃ လုံး မီးကူးစက်လောင်ကျွမ်းသွားပြီး လူထိခိုက်မှု မရှိဘူးလို့ သိရတဲ့အပြင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုကို ပြည်မြို့ရှိ မီးသတ်ဌာနတွေက မီးသတ်ယာဉ် ၂၂ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ အရပ်ဘက် ကယ်ဆယ်ရေးအသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာကြောင့် ည ၇ နာရီ မိနစ် ၅၀ မှာ မီးငြှိမ်းနိုင်ပြီး ည ၈ နာရီကျော်မှာ ရေခဲသွားတယ်လို့ သိရပါတယ်။